ခုတစ်လော နယ်ရောက်ခါစမို့လားမသိ။ ရုံးပိတ်ရက်များတွင် ဒေါက်တာပွ မနက် စောစောစီးစီး အိပ်ရာ ထမိနေ၏။ ပတ်ဝန်းကျင်အသစ်မို့ ထင်သည်။
ရန်ကုန်မှာတုန်းက ရုံးပိတ်ရက်များဆို နေဖင်ထိုးရုံတင်မက တစ်ခါတစ်လေ နေရောင်ခြည် အောက်ကနေဝင်၍ ပါးစပ်ထဲမှ ပြန်ထွက်လာသည်အထိ မထသေး။
မနက်စောစော သံဃာတော်များ ဆွမ်းခံကြွသည်ကို ဖူးမြင်ရသည်မှာ မနက်ခင်းကို ပိုကျက်သရေ ရှိစေသည်ထင်၏။
တစ်နေ့က ထူးထူးခြားခြား မယ်သီလရှင် တစ်ပါးပါ မနက်စောစော ဆန်လှူခံထွက်နေသည်ကို တွေ့လိုက်ရသေးသည်။
ထိုဆရာလေးအား တွေ့သည်နှင့် ဒေါက်တာပွ၏ အတွေးများမှာ ဂျီပီ ထိုင်ကာစ အချိန်များဆီသို့…။
မှတ်မှတ်ရရ ထိုအချိန်က လူနာပါးရုံတင်မက ရှိကို မရှိသဖြင့် ရုံးပိတ်ရက်များတွင် တစ်နေကုန် သွားထိုင် သောကာလ။တစ်ခုသော စနေနေ့ ။ လကလည်း ကုန်ခါနီးဖြစ်သဖြင့် အာရကေကလည်း မလန်း၊ ပိုက်ဆံဆိုလို့ အကြွေများသာ ကျန်သဖြင့် ဒီအတိုင်းတော့ မဖြစ်ချေ ။ဘာတွေပေါင်နှံ ရောင်းချရမလဲ။
အခန်းထဲ လှည့်ပတ်ကြည့်တော့ ထောင့်နားမှာ ထီးထီးကြီး ထောင်နေသော ရေသန့်ဘူးကြီးတစ်လုံး ။ ဒေါက်တာပွ ဝမ်းသာအားရ ထခုန်လိုက်သည်။
ရေသန့်ဘူးဝယ်တုန်းက အပေါင်ငွေ ပေးထားရသည်ပဲ။ ဒီတော့ ဘူးပြန်အပ်လျှင် ထိုအပေါင်ငွေ ပြန်ရပြီ။ သို့နှင့် ဆိုင်တွင် ထိုရေသန့်ဘူးအား ပြန်သွင်းလိုက်သည်။ အပေါင်ငွေ ၃၀၀၀ ပြန်ရ၏။
ထိုငွေနှင့် နေ့လယ်စာ အဝစား ၁၀၀၀ဆိုင်တွင် အဝတွယ်။ ဟင်းရည်နှင့် တို့စရာများများတောင်း။ ကျန်သည့် ၁၀၀၀ က ဆေးခန်းသွားရန် ဆိုင်ကယ် တက္ကစီခ။ ဆိုတော့ လက်ထဲတွင် ၁၀၀၀ ကုန်သည်။ လူနာမလာလည်း ကိစ္စမရှိ ။ ထို ၁၀၀၀ နှင့်ဣန္ဒြေရရ ဆိုင်ကယ်စီး ပြန်ခဲ့လို့ရသည်။
သို့နှင့် ဆေးခန်းသို့ ၁၀၀၀ တန် တစ်ရွက်ကိုင်ကာ ရဲရဲကြီးချီတက်ခဲ့တော့၏။
ဆေးခန်းရောက်တော့ နေ့ခင်း ၁၁ နာရီခန့် ရှိလေပြီ။ ထုံးစံအတိုင်း ဆေးဘူးစီသလို ဖုန်သုတ်သလို လုပ်ကာ လူနာမျှော်နေလိုက်သည်။ ဆေးခန်းရှေ့မှ တချွတ်ချွတ်သံကြားလျှင် ချက်ချင်း စာဖတ်ချင်ယောင် ဆောင်ရသေး၏။ သို့သော် လူနာမဟုတ်။
“ဆရာ ထီလေး အားပေးပါဦးညော်”
ကတောက် …ဈေးဦးမပေါက်ရတဲ့ အထဲ့။
“ထိုးပြီးသွားပြီဗျ။ အဟဲ နောက်လမှ ထိုးပရစေညော်’
အမှန်က ထိုးပြီးပြီသာ ပြောရသည်။ထီဆိုလို့ နှစ်လုံးထီပင် မထိုးဖြစ်။ အိတ်ကပ်ထဲက ၁၀၀၀တန်လေး လုံးပါးမပါးသွားရန် ကာကွယ်ရမည့် တာဝန် မိမိတွင်ရှိသည်ကိုး။ သို့နှင့် နေ့လယ်၁၂ နာရီလောက်ကြတော့ အနည်းငယ် ငိုက်မျည်းလာသည်။ ဒီတော့ ဣန္ဒြေရရနှင့် ငိုက်ရသည်။ တော်ကြာ လူနာလာလို့ ခန်းဆီး လှစ်ကြည့်လိုက်လို့ ပါးစပ်ကြီးဟ တခေါခေါဖြစ်နေရင် မကောင်း။ မရှိသည့် လူနာအတွက် တွေးပူရသေး၏။ ကြာလာတော့ ကမ္ဘာမြေကြီး၏ ဆွဲငင်မှုကို မျက်တောင်များက သည်းမခံနိုင်တော့ ။ မျက်လုံးကလည်း ခဏခဏ လူနာခုတင်ပေါ်ကို မျက်စောင်းထိုးနေလေပြီ။ ဒီတော့ ခဏတက်အိပ်တာတော့ ဘာမှ မဖြစ်လောက်ဘူးလေဟု တွေးကာ တက်အိပ်တော့ အရသာရှိသည့်ဖြစ်ခြင်း။ ခဏမှေးစဉ်မှာပင် ဆေးခန်းရှေ့မှ ချွတ်ချွတ်သံကြားတော့ အော်တိုမစ်တစ် ငုတ်တုတ်ထထိုင်မိသား ဖြစ်သွား၏။ ဆံပင်ကို အသာသပ် ပုဆိုးပြင်ဝတ်၊ အချိုသာဆုံး အပြုံးကို ပြုံးလိုက်ကာ ခန်းဆီးလှစ်ကြည့်လိုက်သည့် အချိန်နှင့် တစ်ပြိုင်နက် -
“ဒါနဆန်များရှင့်”
“ဟိုက်ရှ်”
ခန်းဆီးအဖွင့်နှင့် မယ်သီလရှင် ပါးစပ်က စကားအထွက် ကွက်တိမှ ကွက်တိ။ မယ်သီလရှင် အနေဖြင့် ခန်းဆီးနောက်ကွယ်မှ နေ၍ ပြုံးပြုံးကြီး ထွက်လာသော ဒေါက်တာပွအား မြင်သည်နှင့် ဖော်မပြတတ်အောင် ဝမ်းသာသော အပြုံးမျိုး ဖြစ်သွားလေသည်။ စိတ်ထဲမှနေ၍လည်း အတော်သဘောကောင်းမည့် အလှူရှင်ပဲဖြစ်မည်ဟု တထစ်ချ တွေးသွားမည် အမှန်။ ဒေါက်တာပွမှာသာ ဆက်ပဲ အချိုသာဆုံး ပြုံးနေရတော့မလို၊ မဲ့ရတော့မလို တဟဲဟဲ ဖြစ်သွားလေ၏။ အိမ်ရှင်တွေမရှိဘူး ခင်ညဟု ပြောလို့ကောင်းသော အရွယ်လည်း မဟုတ်တော့။ သို့နှင့် အံဆွဲ ဆွဲဖွင့်ကာ အကြွေကိုပြူးပြဲရှာသည်။ မတွေ့ ။ စာအုပ်တွေ လှန်လှောရှာသည်။ ဒါလည်း မတွေ့ ။ ထိုအချိန်တွင်-
“ဒါနဆန်များရှင်…..@#%$$^%& မိမိကောင်းမှု အကြောင်းပြု တောင်းဆုပြည့်ပါစေ”
“ငွင်”
အလို ဒေါက်တာပွ လှမ်းကြည့်လိုက်တော့ နောက်ထပ် သီလရှင်တစ်ပါး။ ထိုမယ်သီလရှင့်နှင့်အတူ အစောက မယ်သီလရှင်မှာလည်း ဒေါက်တာပွအားမျှော်လင့်တကြီး စောင့်စားနေလေသည်။ ဒေါက်တာပွ အံဆွဲကို နောက်တစ်ခေါက် ထပ်ဖွင့်၏။ ထပ်မံ လှန်လောရှာသည်။ တွေ့တော့တွေ့သည်။ ဝိုင်းစုခိုင်သိန်း သီချင်းခွေ ။ ဒါတောင် ခိုးကူးခွေ။ ဒါလှူလိုက်ရင်ကော။
ဟယ်….မယ်သီလနဲ့ သီချင်းခွေ ဘာဆိုင်တုံး။
ကြာတော့ ချွေးတွေပါ ပြန်လာသည်။ အပေါ် ဖွင့်လိုက်၊ အောက်ဖွင့်လိုက်၊ ဟိုလှန် ဒီလှန်လိုက်နှင့် တစ်ယောက်တည်း မပဋ္ဋာမြေလူး။ ဆပ်ပြာသည် လင်ပျောက်ခိုက် ဒေါက်တာပွ တွေ့လိုက်သည်က စားပွဲပေါ်က အိုဘီမင် အားဆေး။
ငါ ဒါကြီးပဲ လှူလိုက်ရမလား။ ငင်မဟုတ်သေးပါဘူး။ မယ်သီလနဲ့ အိုဘီမင်လားလားမှ မဆိုင်တာဘဲ။
သို့သော် ဒေါက်တာပွ ခေါင်းထဲ လက်ခနဲ ဖြစ်သွားသည်။ ငါ့မှာ FERROVIT တွေ ရှိတာပဲ ။ သို့နှင့် ဖယ်ရိုဗစ်ဘူးအား ပြေးယူကာ ကြည့်တော့ သုံးကဒ်ပဲ ကျန်သည်။ ဘယ်လိုလှူရင် ကောင်းမလဲ။ တစ်ယောက်တစ်လုံး။
ဟယ်…မဖြစ်သေးပါဘူး။ မြင်လို့မှ မကောင်း။
ဆရာလေး ပါးစပ်ဟ ဟု ပြောကာ တစ်ယောက်တစ်လုံးစီ တိုက်လိုက်ရင်ကော ။ ဒါလည်း မရိုသေရာ ကျမည်။ ဒီတော့ မတတ်နိုင်။ အရှေ့ထွက်ကာ တစ်ယောက်တစ်ကဒ်စီ စုစုပေါင်း နှစ်ကတ် လှူလိုက်သည်။
“ သာဓု သာဓု သာဓု…$^%^%&*စေ”
အစချီကာ ဆုပေးသွားကြလေသည်။ စိတ်ထဲကတော့ ကြည်နူးမိသည်။ မရှိ ရှိတာ လှူလိုက်ရသည်ကိုး။ မတတ်နိုင်ု။ အိတ်ကပ်ထဲက ၁၀၀၀ တန်အား မရမက ကာကွယ်ရပေမည်။
သို့နှင့် ကုတင်ပေါ်ပြန်အတက်-
“ ဒါနဆန်များရှင်….%&^&^&*^* မိမိကောင်းမှု အကြောင်းပြု တောင်းဆုပြည့်ပါစေ”
“ အမငီး..လာပြန်ပြီ”
ဒီတစ်ခါတော့ ဒေါက်တာပွ အပြင်မထွက်ရဲတော့ ။ ခန်းဆီး ဘေးမှနေ၍ အသာချောင်းကြည့်လိုက်တော့ ဘုရား ဘုရား တစ် နှစ် သုံး လေး ငါး ။ အားလုံးပေါင်း နောက်ထပ် သီလရှင်ငါးပါး ။ ခုနက သီလရှင် နှစ်ပါး သတင်းပေးလိုက်လို့ ဖြစ်မည်။ ဒီဆရာဝန် ဖယ်ရိုဗစ်တွေ လှူနေပါတယ်လို့ ဖြစ်မည်။ ဒုက္ခပဲ။ ငါ့မှာလည်း လှူစရာတစ်ကတ်ရယ်၊ ၁၀၀၀ ရယ်ပဲ ကျန်တော့ယ်။ ဒီတော့ ခန်းဆီးနောက်တွင် အသာဝပ်ကာ ကုပ်နေရလေသည်။ အသက်ပင် ဟဟမရှူရဲ ။ ချောင်းကလည်း ကြည့်ရသေးသည်။ အရေးထဲ အိမ်ရှင်မွေးထားသောကြောင်မက ခုတင်ပေါ်တက်ကာ တညောင်ညောင်နေသဖြင့် ကုပ်ကဖမ်းကာ ပါးစပ်ပိတ် ပုဆိုးကြားထဲ ညှပ်ထည့်ရသေးသည်။ ဒီကြောင်မ မွန်းတာကို နောက်မှ ရှင်းမည်။ ဘယ်သူမှ ထွက်မလာ၍ ထင်သည်။ ဆရာလေးတို့၏ အသံ Tone ကားတဖြည်းဖြည်း မြင့်လာလေသည်။ High pitch သံများ ဖြစ်ကုန်၏ ။ ထိုအချိန်တွင် လူနာတစ်ယောက် ဆေးခန်းထဲ ဝင်လာသည်ကို တွေ့လိုက်ရလေ၏။
အင်း….ပုန်းနေပါတယ်ဆိုမှ ငါတော့ သေပြီ ။ အခုမှ ချက်ချင်းကြီး ဝုန်းခနဲ ထွက်လာလျှင်လည်း ဆရာလေးတို့ အမျက်ရှပေတော့မည်။ ထိုလူနာကာ ဆေးခန်းထဲရှိ ထိုင်ခုံတွင် ထိုင်နေလေ၏။
သို့နှင့် ဒေါက်တာပွတစ်ယောက် မသိမသာ ခုတင်ခြေရင်းသို့ဖြည်းဖြည်းချင်း တရွတ်တိုက် ဆင်းရတော့သည်။ ဒေါက်တာပွ အကြံမှာ ခုတင်ခြေရင်းတွင် အိမ်ထဲသို့ဝင်သော အပေါက်ရှိသည်။ ထိုထဲသို့ဝင်ကာ အခုမှ အိမ်ထဲက ထွက်လာသယောင် လုပ်မည်ပေါ့လေ။ အသံမထွက်အောင်လည်း သတိထားရသေး၏။ ဒီအတိုင်း ခုတင်ပေါ်တွင် ပွတ်ဆင်းတော့ ခုတင်ပေါ်တွင် အုပ်ထားသော ဖယောင်းပုဆိုးနှင့် ပွတ်မိသော အသံထွက်လေရာ ထိုလူနာမှာ အထဲသို့ ခေါင်းတစ်ချက် လှည့်ကြည့်လေသည်။ ထို့ကြောင့် ဒေါက်တာပွ ရောက်ရာနေရာတွင် ခဏ Pause ကာ ဝပ်လိုက်လေသည်။ ဆရာလေးများကလည်း မသွားသေး ။ ဒီအတိုင်း ပွတ်ဆင်းလျှင်ဖြင့် မကြာခင် လူမိတော့မည်။ သို့နှင့် ဒေါက်တာပွ ဒူးနှစ်ဖက်ထောက်လိုက်သည်။ လက်နှစ်ဖက်ပါ ထောက်လိုက်၏။ ပြီးလျှင် လေးဖက်ထောက်လျက်နှင့် နောက်ပြန် ဆင်းလာတော့သည်။ တော်သေးသည်။ ခန်းဆီးက အပြင်ကိုပဲ မြင်ရသဖြင့် ။သို့နှင့် ခုတင်အောက်သို့ ချောချောမောမော ရောက်သွားတော့သည်။ ပြီးလျှင် ခုနကလို အချိုသာဆုံး အပြုံးအား တပ်ဆင်လိုက်သည်။ ထို့နောက် ခန်းဆီးလေး အသာမ အပြင်သို့ထွက် ထိုလူနာအား အစွမ်းကုန်အချိုသာဆုံး ပြုံးပြကာ -
“ ခဏလေးညော်….ဟဲ ဟဲ”
ပြီးနောက် အိတ်ထဲရှိ ၁၀၀၀ တန်တစ်ရွက်အား ရဲရဲကြီး လှူလိုက်တော့သည်။ ကိစ္စ မရှိ ။လူနာတစ်ယောက် ရလေပြီ။ အနည်းဆုံး ၁၅၀၀ တော့ ကျိန်းသေပြီ။ ဆရာလေးများမှာ ဆုတွေ တသီကြီးပေးကာ ပြန်ထွက်လာမှ ခုနက လူနာအား-
“ဆို ဘာဖြစ်တာတုံးဗျ”
“ဘာမှမဖြစ်ပါဘူး ဆရာရယ်။ အပြင်မှာ အရမ်းပူလို့ အထဲ ခဏ ဝင်ထိုင်တာပါ။ ကျွန်တော်က ဘေးဆိုင်ကလေ ၊ ဆရာ ၊ ထိုင်လို့ရတယ် မဟုတ်လာ ။ ခဏ ထိုင်ပျစေညော်”
“ငင်…ဘယ်လို ဘယ်လို ပြန်ပြောလိုက်စမ်းပါ၊ ပြန်ပြောလိုက်စမ်းပါ”
အမလေးလေး သွားပါပြီ သွားပါပြီ ။အခုမှ ဆရာလေး တွေ လိုက်ဆွဲပြီး တပည့်တော်ကို ၂၀၀ လောက်ပြန်စွန့်ခဲ့ပါလို့ ပြေးပြောရင် ကောင်းမလား ။ စိတ်ကို မနည်း အကုသိုလ်စိတ်မဖြစ်အောင် အတင်းထိန်းချုပ်။ ထိုလူအား ထောင်းခနဲဒေါသ ထွက်မိလေတော့သည်။ ဘယ့်နှယ် ကိုယ့်မှာ သူ့အားကိုးနဲ့ ခုတင်ပေါ်ကတောင် လေးဖက်တောင် နောက်ပြန်ဆင်းခဲ့ရတာ။ ခုတော့ ဒင်းက လူနာမဟုတ်ဘူးတဲ့လေ။ မရဘူး သွား တက်။ ခုတင်ပေါ်ကိုဟု အော်ဟစ်ကြိမ်းမောင်းချင်စိတ်များ တဖွားဖွားပေါ်လာလေတော့သည်။ ထိုမျှနှင့် မရပ်သေး။ ထိုသူပြောလိုက်သော နောက်စကားတစ်ခွန်း ကြားလိုက်သောအခါမှ ဒေါက်တာပွ ပိုငိုချင်သွားတော့သည်။
“ ဆရာ ခုနက ခုတင်ပေါ်မှာ တကုန်းကုန်းနဲ့ ဘာလုပ်နေတာလလဲညော်”
“ငင်…မြင်လိုက်တယ်လား။ အဟဲ အဲဒါကလေဟိုဟာလေ ဟိုဟာလေ ဟိုဟာ သြော်..ကြမ်းပိုးရှာနေတာပါညော် ဟဲ ဟဲ”
“ ငွင့်… ဆရာ့ခုတင်က ဖယောင်းပုဆိုး ပတ်ထားတာကြမ်းပိုရှိတယ်လား”
သွားချေပြီ။ ရှိစုမဲ့စု ဂုဏ်သိက္ခာတွေရော ၊ ပိုက်ဆံတွေရော ကုန်ချေပြီ။ ဘယ်လိုက ဘယ်လိုတွေ့သွားလဲ မတွေးတတ် တော့။ တွေ့ရင်လည်း စောစောပြောပါတော့လား။ ဒီလို လျှောတိုက်ဆင်းလာစရာ အကြောင်းမရှိ ။ အခုတော့ ဟင်း..။ သို့နှင့် ထိုနေ့လည်း ဘုရားစူး လူနာတစ်ယောက်တောင် မလာ။ ပြန်ခါနီး အချိန်သို့ ရောက်လာလေပြီ။ အိမ်ရှင်ထံမှလည်း ပိုက်ဆံချေးရမှာ အရှက်ကြီး ရှက်လေသော ဒေါက်တာပွ တစ်ယောက် ထုံးစံအတိုင်းဆေးခန်းထဲ ပြူးပြဲကြည့်မိတော့ ဆေးခန်းအ၀ ထောင့်လေးမှာစင်နှင့်တင်ထားသော သောက်ရေဗူးကြီးတစ်လုံး။ ဟားဟား ဟား။ ထိုဘူးအားတွေ့လိုက်သည်နှင့် ဒေါက်တာပွတစ်ယောက် ကယ်တင်ရှင်အား တွေ့သော ဒုက္ခသည်တစ်ယောက်လို ဝမ်းသာအားရ အားရပါးရ အော်ရယ်မိလေတော့သည်။
“ဝှား ဝှား ဝှား ဝှား ဝှား ဝှား”
နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။