
ကျနော်တို့ ငယ်ငယ်တုန်းက အရူးလက်မှတ် ရှိတဲ့လူဆိုရင် ကြောက်ကြသည်။ အခုတော့ ထိုသို့မဟုတ်တော့ အရူးလက်မှတ်ရှိတဲ့လူဆိုရင် အားကျမိလာသည်။ ဟုတ်တယ်လေ ဒီခေတ်မှာ အရူးလို့အထင်ခံရတာ ဘာမှမထူးဆန်းတော့ပေမဲ့ အရူးလက်မှတ်ရှိတဲ့လူကပဲ ပိုပြီးတော့ လူရာဝင်သလိုလို၊ ဘာလိုလိုဖြစ်လာတာကိုး။ ရပ်ကွက်ထဲက လူမိုက်တွေလည်း အခုဆိုရင် အရူးလက်မှတ်ကိုယ်စီနဲ့။ သူတို့ဆော်ချင်တဲ့သူကိုဆော်ပြီးရင် အရူးလက်မှတ်လေးပြ ရွာသာကြီးမှာ တစ်ပတ်လောက်သွားနေလိုက်၊ ပြီးရင်ပြန်လာလိုက်နဲ့ဟုတ်နေတာပဲ။ အဲဒီတော့ ကျနော်လည်း အရူးလက်မှတ်ရဖို့ လိုသည်။ အရူးလက်မှတ်ရရင် ဘာလုပ်လုပ်တင့်တယ်ပြီ။ ရပ်ကွက်ထဲမှာ ဗိုလ်ကျလို့ရပြီ။ ခက်တာက အရူးလက်မှတ်ကို ဘယ်လိုယူရမလဲမသိတာပဲ။ ဘယ်လောက်အတိုင်းအတာထိ လုပ်ပြမှ အရူးလက်မှတ်ရမလဲဆိုတာ မသိသလို၊ အရူးလက်မှတ်အတွက် လာဘ်ထိုးလို့ရမရလည်း မသေချာဘူးလေ။
လိုရင်ကြံဆနည်းလမ်းရဆိုတဲ့အတိုင်း ကျနော်လည်း အရူးလက်မှတ်ရဖို့ ကြံဆရတော့မည်။ အရင်ဆုံးစဉ်းစားရမှာက တကယ့်အရူးတွေဘာတွေလုပ်သလည်းဆိုတာပဲ။ ရပ်ကွက်ထဲမှာ အမှန်တကယ်ရူးနေတဲ့သူတစ်ယောက်တော့ ရှိသည်။ သူ့မှာ အရူးလက်မှတ်လည်းရှိသလို တကယ်လည်းရူးနေသူ။ သူ့ကို အနီးကပ်လေ့လာရမည်။
အရူးအောင်မိုး …
ကျနော်တို့နားမလည်တဲ့ဘာသာစကားတွေနဲ့ ကောင်းကင်ကိုလက်ညှိုးထိုးပြီးဘာတွေပြောနေမှန်းမသိတဲ့ သူ့ပုံက ယဉ်ယဉ်လေးရူးနေတာလို့ အများက သတ်မှတ်ထားကြသည်။ ကျနော့်အနေနဲ့ အရူးလက်မှတ်ရဖို့အတွက် သူဘာတွေလုပ်သလဲဆိုတာ တစ်ရက်လောက်တော့ အချိန်ပေးပြီးလိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ဆေးပုံးအလွတ်ထဲ ထုံးတွေအရည်ဖျော်ပြီးထွက်လာတဲ့ သူ့ကို ကြည့်ပြီး လမ်းထဲက လူတွေက လန့်နေကြသည်။ သူကတော့ ဘာကိုမှ မမှုတဲ့ပုံစံနဲ့ လက်တစ်ဖက်က ဆေးပုံးကိုင် ကျန်တစ်ဖက်က စုတ်တံကို ကိုင်ပြီး ထွက်လာသည်။ ခရမ်းရောင်ခြယ်ထားတဲ့ အုတ်နံရံရှေ့ရောက်တော့ သူရပ်လိုက်သည်။ ကောင်းကင်ကိုမော့ကြည့်သည် နှုတ်က ဘာတွေရွတ်မှန်းလည်းမသိ။ ပြီးတော့ အုတ်နံရံကို စုတ်တံနဲ့ တစ်ချက်ဆွဲချလိုက်သည်။
“ ဟဲ့ ….ဟဲ့ ဘာလုပျတာလဲ”
အိမ်ထဲက အိမ်ရှင်အဒေါ်ကြီး ထိတ်ထိတ်ပြာပြာနဲ့ ထွက်လာသည်။
“ အောင်မိုး သွားသွား ဒီနေရာမှာ မသုတ်နဲ့ အခြားနေရာမှာသွားသုတ်”
အရူးအောင်မိုးက အိမ်ရှင်ကို မျက်ထောင့်နီကြီးနဲ့ ကြည့်ပြီး ဗလုံးဗထွေးနဲ့ တစ်ခုခုပြန်ပြောနေပုံတော့ရသည်။ သူ့ပုံစံက ရန်လိုတဲ့ပုံစံမျိုးတော့မဟုတ်။ အိမ်ရှင်ကလည်း အရူးအောင်မိုးပြောတာကို နားလည်သွားပုံတော့ရသည်။ အကြွေတစ်ရာထုတ်ပေးလိုက်သည်။ အရူးအောင်မိုးက ကျေနပ်သွားတဲ့ပုံစံနဲ့ ထွက်သွားသည်။ သူ့နောက်ကိုမယောင်မလည်ဆက်လိုက်သွားတော့ သူက ထုံးတွေထပ်ဝယ်ပြီး အရည်တွေဖျော်ပြန်သည်။ သူ ဘာလုပ်ချင်တာလဲ .။
ဒီတစ်ခါ သူ သွားတာ တော်တော်လေးတော့ ဝေးသွားသည်။ ရပ်ကွက်ထဲကနေကျော်ပြီး မြို့နယ်စည်ပင်ရုံးနားထိ ရောက်သွားသည်။ စည်ပင်ရုံးနားမှာ လမ်းဘေးပလက်ဖောင်းတွေကို ဖြူနီကျားဆေးသုတ်နေတဲ့ တစ်ဖွဲ့ရှိသည်။ အရူးအောင်မိုးက သူတို့နဲ့ မလှမ်းမကမ်းမှာ ရပ်နေသည်။ ကျနော်က အရူးအောင်မိုးဘာလုပ်မလည်းဆိုတာ စိတ်ဝင်စားမိသည်။ အရူးအောင်မိုး အဲဒီနေရာမှာ ရပ်နေတာတော်တော်ကြာသည် ခန့်မှန်းချိန် တစ်နာရီလောက်ရှိမည်။ နေ့ခင်းဘက် ထမင်းစားချိန်ရောက်တော့ ဆေးသုတ်သမားတွေက ထမင်းစားနားကြသည်။ အဲဒီတော့မှ အောင်မိုးက လှုပ်ရှားလာသည်။ သူဘာလုပ်မလဲဆိုတာကို နည်းနည်းတော့ ရိပ်မိသလိုလိုရှိလာသည်။ ထင်တဲ့အတိုင်းပဲ။ ဖြူနီကျားက အနီကွက်တွေမှာ အရူးအောင်မိုးက ထုံးတွေလိုက်သုတ်ပစ်လိုက်သည်။ သွားပြီ….။ ကျနော်ကတော့ ပြေးပြီလေ အမှုတွဲထဲတော့ အပါမခံနိုင်ဘူး။ ညနေရောက်တော့ သတင်းကြားသည် အရူးအောင်မိုး ရွာသာကြီးရောက်သွားပြီတဲ့။
အဲဒီတော့ ကျနော်လည်းရူးဖို့အတွက် အကွက်ရပြီ။ နောက်တစ်နေ့မှာတော့ အရူးအောင်မိုးအတိုင်းပဲ ထုံးရည်တွေဖျော်ထားတဲ့ ဆေးပုံးရယ်၊ စုတ်တံရယ်ကိုင်ပြီး စည်ပင်ရုံးနားယောင်ချာချာသွားလုပ်ကာ အခြေအနေကို စောင့်ကြည့်နေမိသည်။ ဒီတစ်ခါက ကျနော် က အရူးအောင်မိုးအကွက်ကို တထေရာတည်းနင်းလို့မဖြစ်ဘူး။ နည်းနည်းလေးတော့ ကွဲလွဲဖို့လိုသည်။ ဒါကြောင့် မနေ့က အရူးအောင်မိုးလို ဖြူနီကျားမှာ မသုတ်တော့ဘူး။ လူကူးကျဉ်းကျားနဲ့ အဝါအနက်ကျားတွေမှာ သုတ်ဖို့ဆုံးဖြတ်လိုက်သည်။ အရူးလက်မှတ်ရဖို့အတွက် ဦးနှောက်တော့ ကောင်းဖို့လိုသေးတယ်မလား။ ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပါ။ ကျနော့်ကိုတော့ သူတို့က အရူးထောင်မပို့ဘဲ နိုင်ငံတော်ဝတ္တရားနှောင့်ယှက်မှုနဲ့ အမှုဖွင့်အရေးယူလို့ တရားရင်ဆိုင်လိုက်ရ၏။
အရူးလက်မှတ်ရဖို့အတွက်တော့ အားမလျှော့ချင်သေးဘူး။ ဒီဘက်ခေတ်မှာ အရူးလက်မှတ်က ပိုမိုခက်ခဲလာသည်။ တော်တော်များများကလည်း အရူးလက်မှတ်ရဖို့အတွက်ကြိုးစားလာကြတာကြောင့် အပြိုင်အဆိုင်တွေဖြစ်လာသည်။ သူတရားရင်ဆိုင်နေစဉ်အတွင်းမှာတင် ရပ်ကွက်ထဲမှာ အခြားလူသုံးယောက် အရူးလက်မှတ်ရသွားကြသည်။ ဒီကောင်တွေ တကယ်မရူးဘူးဆိုတာ တော်တော်များများသိကြပေမဲ့လည်း သူတို့အရူးဟန်ဆောင်ပုံက ပီပြင်လွန်းတော့ အရူးလက်မှတ် ရသွားတာဖြစ်မည်။ ကျနော့်မှာလည်း အရူးလက်မှတ်ရဖို့အတွက် နောက်ဆုံးတိုက်ကွက်တစ်ခုတော့ ရှိသေးသည်။
သနပ်ခါးကို ထူထူလေးလိမ်း၊ နှုတ်ခမ်းနီကိုရဲနေအောင်ဆိုးပြီး ပုဆိုးကို ထမိန်လိုဝတ်ပြီး လမ်းထွက်ဖို့ပဲ ရှိတော့သည်။ အရူးလို့အထင်ခံရဖို့၊ အရူးလက်မှတ်ရဖို့အတွက် ဒီလောက်တော့ ရင်းရမည်။ ရပ်ကွက်ထဲကလူတွေက ကွက်ကြည့်ကွက်ကြည့်နှင့် ဒီလူဘာလဲဟဆိုတဲ့ အထာမျိုးနဲ့ ဝိုင်းကြည့်ကြသည်။ အဲဒီတော့ ရွာသာကြီးရောက်ဖို့အတွက်ဆိုရင် ထူးခြားတာလေးလုပ်ပြဦးမှ ဖြစ်မည်။ လမ်းမှာ တွေ့တဲ့ အသက်ခပ်ကြီးကြီး ယောက်ျားကြီးတစ်ယောက်ကိုမြင်တော့ ရုတ်တရက်အကြံရသွားသည်။
“ရွှတ် …ရွှတ် … ရွှတ်”
ဆိုင်းမဆင့်ဗုံမဆင့်ဘဲ အနမ်းခံလိုက်တဲ့ လူကြီးခမျာ ကြောင်တောင်တောင်ဖြစ်သွားသည်။ လမ်းထဲက လူတွေမှာလည်း တအံ့ဩ။ နောက်ပြီးတော့ လူတွေရဲ့ အကြည့်။ ကျနော်သိတယ် ဒီအကြည့်တွေ၊ မဟုတ်ဘူး ကျနော်ဆိုလိုတာ အဲဒီသဘောမဟုတ်ဘူး။
“မထင်ရဘူးနော်”
“အေးဟယ် ဘယ်တုန်းကခြောက်သွားပါလိမ့်”
ကျနော့်မှာ ဘာမှဖြေရှင်းခွင့်မရှိတော့။ အံကိုတင်းတင်းကြိတ်ရင်း
“မဟုတ်ဘူးဗျာ .. ကျနော်ဖြစ်ချင်တာက …”
စကားဆက်မပြောနိုင် အသံက ဆို့နင့်ကြေကွဲပြီး သိမ်ဝင်သွားသည်။ အဆိုးဆုံးက အနမ်းခံလိုက်ရတဲ့ လူကြီးရဲ့ တုန့်ပြန်မှုကြောင့်ပင်။
“ဟယ် …မသာမလေးရယ်… နင့်ဟာက ပုလင်းကွဲအချင်း မစ်ရှိတ်လုပ်ချင်နေတာလား ..တို့ လုံးဝစိတ်မဝင်စားဘူးနော်”
နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။