
ခရုသင်းသည်အရေပြားပေါ်တွင်အရောင်ကင်းမဲ့သောအကွက် (သို့မဟုတ် )အဖြူကွက်များဖြစ်သောအနည်းငယ်အဖြစ်များသည့် နာတာရှည်အရေပြားရောဂါတစ်မျိုး ဖြစ်ပါသည်။အရေပြား၏အရောင်ကို ဖြစ်စေသည့် မယ်လနိုဆိုက်ဆဲလ်(melanocytes) များ သေသွားသောအခါ သို့မဟုတ်အလုပ်မလုပ်သောအခါ ဤရောဂါဖြစ်ပွားပါသည်။ ရောဂါလက္ခဏာများအတွေ့ရအများဆုံးမှာ ခြေလက်တို့တွင်အရောင်မရှိသောအကွက်၊အဖြူကွက်များဖြစ်ပေါ်ခြင်းဖြစ်ပါသည်။ နေရောင်နှင့် ထိတွေပသော ကိုယ်ခန္ဓာအရေပြားတွင်အဖြစ်များပါသည်။ သေငယ်သောအဖြူကွက်များအဖြစ် စတင်ပြီးအဖြူကွက်များ ကြီးလာခြင်းနှင့် ပုံသဏ္ဍာန်ပြောင်းလာ ခြင်းများ မကြာခဏတွေ့ရတတ်ပါသည်။ မျက်နှာ၊ လက်များနှင့် လက်ကောက်ဝတ်များတွင်ဖြစ်သော ခရုသင်းများသည်အထူးထင်ရှားတတ်ပါသည်။ ကိုယ်ခန္ဓာ၏ ဒွါရပေါက်များ - ပါးစပ်၊ မျက်လုံးများ၊ နှာခေါင်းပေါက်များ၊ လိင်အင်္ဂါတစ်ဝိုက်နှင့် ချက်တစ်ဝိုက်ဖြစ်သောအဖြူကွက်များသည်လည်းအထူးသတိထားမိစရာ ဖြစ်တတ်ပါသည်။အချို့အဖြူကွက်များ၏အနားသတ်တွင်အသားရောင် ပိုရင့်နေတတ်ပါသည်။ mucous membranes များ (ပါးစပ်နှင့် နှာခေါင်းအတွင်း) တွင်လည်း ဖြစ်နိုင်ပါသည်။ ခရုသင်းအကွက်များပေါ်တွင် ပေါက်သောအမွေးများသည်လည်း တစ်ခါတစ်ရံ ဖြူနေတတ် ပါသည်။အချိန်မတိုင်မီ ဆံပင်များ၊ မျက်တောင်များ မျက်ခုံးမွေးများနှင့် မုတ်ဆိတ်မွေးများဖြူခြင်းလည်းဖြစ်နိုင်ပါသည်။ ခရုသင်းရောဂါသည် ဆေးပညာရှုတောင့်မှကြည့်လျှင် အန္တရာယ်မရှိပါ။ သို့သော် ယေဘုယျပြောရလျှင်အချို့ခရုသင်းကွက်များသည်အနာကြီးအကွက်များနှင့် ဆင်တူတတ်ပြီးအနာကြီးရောဂါဟုအထင်ခံရတတ်ပါသည်။ ထို့ကြောင့် ခရုသင်းလူနာများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဖံစားရမှုမှာ သိသိသာသာ ထိခိုက်ခံစားရမှုဖြစ်ပါသည်။ ထိုစိတ်ထိခိုက်မှုသည် ခရုသင်းရောဂါကိုပိုဆိုးစေနိုင်ပါသည်။ ပြင်းထန်သော ကိုယ်၊ စိတ်ပင်ပန်းမှုများသည် ခရုသင်းရောဂါကို ပိုဆိုးစေနိုင်ပါသည်။ခရုသင်းရောဂါကြောင့်ခွဲခြားဆက်ဆံရသော သူများတွင် စိတ်ကျခြင်းနှင့်အလားတူ စိတ်ရောဂါများ ဖြစ်နိုင်ပါသည်။ ကုထုံးများခရုသင်းရောဂါ ကုထုံးများသည်အချိန်ယူရတတ်ပြီး ၆ လ မှ ၁၈ လအထိတောက်လျှောက် ကုသရခြင်းမျိုးရှိတတ်ပါသည်။ ကုထုံးရွေးချယ်မှုမှာအဖြူကွက်အရေအတွက်၊ ရှိနေသောနေရာ၊အရွယ်အစား၊ ကြီးထွားပုံ စသည်တို့ပေါ် မူတည်၍ ကွဲပြားပသည်။ ကုသမှုအပေါ် တုံ့ပြန်မှုမှာလည်း လူနာတစ်ဦးနှင့် တစ်ဦးမတူဘဲ ကွဲပြားတတ်ပါသည်။ ဖြစ်စေသောအကြောင်းအရင်းကို ကုသခြင်း မဟုတ်ဘဲ ခရုသင်း၏အသွင်အပြင်ကို ပြောင်းလဲစေသော နည်းလမ်းအချို့ရှိပါသည်။အနည်းငယ် သာဖြစ်သော သူများတွင်အဖြူကွက်များကို မိတ်ကပ် သို့မဟုတ်အရောင်ပြောင်းစေသောအလှပြင် ပစ္စည်းများဖြင့် ဖုံးထားနိုင်ပါသည်။အသားဖြူသူများတွင် နေရောင်ရှောင်ခြင်းအားဖြင့် ပုံမှန်အရေပြား ကို နေရောင်ကြောင့်အရောင်ရင့်ခြင်းအဖြစ်စေဘဲအဖြူကွက်များကို ပို၍သိသာစေခြင်းမှ ကာကွယ် နိုင်ပါသည်။ သို့ရာတွင် နေရောင်နှင့် ထိတွေ့ခြင်းသည် တစ်ခါတစ်ရံ မယ်လနိုဆိုက်ဆဲလ်များကို ပြန်ပွားစေနိုင်ပြီးအသားအရောင်ကို ပြန်လည်ရရှိစေနိုင်ပါသည်။အရေပြားအထူးကုဆရာဝန်အများစု၏ ထုံးတမ်းစဉ်လာကုသမှုမှာ corticosteroid လိမ်းဆေး များ ပေးခြင်းဖြစ်ပါသည်။အလင်းရောင်ဖြင့် ကုသခြင်းမှာလည်း ထိရောက်မှုရှိပါသည်။ ခရမ်းလွန် ရောင်ခြည်အေ နှင့် Psoralen ဆေးပေးခြင်း၊ ခရမ်းလွန်ရောင်ခြည် ဘီ၏အချို့သော လှိုင်းအလျား (၃၁၁-၃၁၃ နာနိုမီတာ) ဖြင့် ကုသပေးခြင်းဖြစ်သည်။ရောဂါသည်အများစုတွင် ထိရောက်မှုရှိပါသည်။ ကိုယ်ခံအားစနစ်ကို ထိန်းညှိပေးသော Protopic နှင့် Elidel လိမ်းဆေးများသည် ခရမ်းလွန်ရောင်ခြည် ဘီကုသမှုနှင့်တွဲ၍အသုံးပြုလျှင်အချို့လူနာများတွင်အရေပြားအရောင်ပြန်ကောင်းလာခြင်းကို ဖြစ်စေပါသည်။အဖြူကွက်များအလွန်များနေသူများတွင် ဓာတုနည်းဖြင့်အရောင်ချွတ်ခြင်းကို ကုထုံးအဖြစ်ရွေးနိုင်ပါသည်။ ၂၀ ရာခိုင်နှုန်း monobenzone ဖြင့်အရောင်ချွတ်ခြင်း ဖြစ်ပါသည်။ပြန်၍အရောင် မဖြစ်နိုင်သောအရောင်ချွတ်ခြင်း ဖြစ်ပါသည်။ မယ်လနိုဆိုက်ဆဲလ်များကိုအစားထိုးခြင်းဖြင့်လည်း ခရုသင်းရောဂါကို ထိရောက်စွာ ကုသနိုင်ပါသည်။ ၇၃ ရာခိုင်နှုန်းမှ ၈၄ ရာခိုင်နှုန်းသော လူနာများတွင် လုံးဝနီးပါးအရေပြားအရောင်ပြန်ကောင်း လာခြင်းကို တွေ့ရပါသည်။အရေပြားအရောင် ပြန်ကောင်း လာခြင်း၏ တာရှည်ခံမှုမှာ တစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပါသည်။ မိမိကိုယ်ခန္ဓာ၏အခြားနေရာမှအရေပြားဖြင့်ခရုသင်းဖြစ်နေသောအရေပြားကိုအစားထိုး ခြင်းဖြင့်လည်း ကုသနိုင်ပါသည်။ ငရုတ်မည်းမှ ရရှိသော piperine သည် ခရမ်းလွန်ရောင်ခြည် ကုသမှုများနှင့် တွဲ၍အသုံးပြုလျှင်အရေပြားအရောင် ပြန်ကောင်းလာခြင်းကိုအထောက်အကူပေးပါ သည်။ ယခင်ကုထုံးများထက် ပို၍တာရှည်ခံသောအရေပြားအရောင်ပြန်ကောင်းလာခြင်းကို ဖြစ်စေပါသည်။လေ့လာမှုတစ်ခုတွင် Ginkgo biloba သောက်ဆေးသည် ကျယ်ပြန့်နှုန်းနှေးသော ခရုသင်းရောဂါ၏ တိုးတက်မှုကို ရပ်တန့်စေကြောင်း တွေ့ရှိရပါသည်။ Ref: ဒေါက်တာခိုင်ခိုင်ဇော်သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။