(၁) ထိရှမိခြင်း (Cuts) အမွေးအမှင်တွေ ရိတ်တဲ့အခါ အမွှေးရိတ်ဓါးအပေါ် ဖိအားအများကြီး သုံးမိတဲ့အခါ၊ အမွှေးရိတ်ဓားတုံးနေတဲ့ အခါမျိုးမှာ ထိရှမိတတ်ပါတယ်။ ထိရှမိရာက ရောဂါပိုးမွှားတွေဝင်ပြီး အနာဖြစ်ရင် ပိုအကျည်းတန်သွားနိုင်ပါတယ်။ ဒါကြောင့် ရိတ်တဲ့အခါ ဓားထက်ထက်ကို သာသာလေး အားသုံးပြီး ဖြည်းညှင်းစွာ ရိတ်ပါ။ (၂) ပူစပ်ပူလောင်ဖြစ်ခြင်း (Razor burn) အမွေးအမှင် ရိတ်ပြီးတဲ့အခါ ပူစပ်ပူလောင်ဖြစ်ခြင်း (Razor burn) ဟာ အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ အမွေးအမှင်တွေကို အခြောက်ရိတ်ခြင်း (အမွေးရိတ်အမြှုပ်၊ ဆပ်ပြာရည်တို့ မသုံးဘဲ)၊ ဘရိတ်ဓားတုံးတုံးသုံးခြင်း၊ အမြန် အလောသုံးဆယ် ရိတ်ခြင်း၊ အရေပြားနဲ့ ထိကပ်လွန်းခြင်း၊ ဖိအားသုံးပြီး ရိတ်တဲ့အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ အမွေးအမှင်ရိတ်ပြီး ၂-၄ ရက်လောက်ကြာတဲ့အခါ အမွေးအမှင် ရိတ်ထားတဲ့ နေရာမှာနီရဲပြီး ပူစပ်ပူလောင် ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရာကနေ မွှေးညှင်းအိတ် ရောင်ရမ်းနာ (Razor Bumps) ကို အဆင့်တိုးပွား စေနိုင်ပါတယ်။ Razor Bumps ဟာ ထိခိုက်လွယ် အရေပြား (Sensitive skin) တွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။ ရင်ဘတ်မွှေး၊ ပါးသိုင်းမွှေးနဲ့ မုတ်ဆိတ်မွှေးတွေကို ရိတ်ရင် ပိုဖြစ်တတ်ပါတယ်။ Razor Bumps ဆိုတဲ့ မွှေးညှင်းအိတ် ရောင်ရမ်းနာ Razor Bumps ကို ဆေးပညာ အခေါ်အဝေါ်အရ Pseudo folliculitis barbae လို့ ခေါ်ပါတယ်။ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေကို ရိတ်သင်ရာမှာ အဖြစ်များတဲ့ ပြဿနာပါ။ ရံဖန်ရံခါ ခြေသလုံးမွှေးတွေကို ရိတ်သင်ရာမှာ ဖြစ်တတ်ပါသေးတယ်။ အမွေးအမှင် ရိတ်ပြီးတဲ့အခါ မွှေးညှင်းအိတ်ထဲ ပိုးဝင်ကာ ရောင်ရမ်းနာဖြစ်တာပါ။ အမွှေးရိတ်တဲ့ နေရာမှာ နီရဲရဲအဖု သေးသေးလေးတွေ အစုလိုက်အပြင်လိုက်ပေါ်လာပြီး ရံဖန်ရံခါ အဖုထိပ် ပြည်တည်နေတာကိုလည်း တွေ့ရပါသေးတယ်။ အနေခက်သလို အမြင်ဆိုးအကျည်းတန်တဲ့ ပြဿနာတစ်ရပ်ပါ။ အမာရွတ်လည်း ကျန်တတ်ပါတယ်။ Razor Bumps ကို ဒီလိုကုမယ် Razor Bumps ကို ထပ်မဖြစ်ရအောင် အကောင်းဆုံး ကုသနည်းက အမွေးအမှင် ဖယ်ရှားတဲ့ လိမ်းဆေးမျိုးကို အစားထိုးသုံးထားပါ။ ဒါပေမယ့် ဒီလိမ်းဆေးတွေကလည်း အခန့်မသင့်ရင် အရေပြားကို ပြဿနာဖြစ်စေနိုင်ပါသေးတယ်။ ဒါကြောင့် ဒီဆေးတွေကို တစ်ပတ်မှာ ၁-၂ ကြိမ်ခန့်သာ အသုံးပြုသင့်ပါတယ်။ ကာကွယ်လို့ရသလား ရပါတယ် Razor Bumps မဖြစ်အောင် … • အမွှေးအမှင်တွေ မရိတ်သင်မီ ရိတ်မယ့်နေရာကို ရေနွေးနွေးလေးနဲ့ လောင်းပြီး ဆေးကြောပေးပါ။ အပူငွေ့ကြောင့် မွှေးညှင်းပေါက်ပွင့်ပြီး အမွေးအမှင်တွေ နူးညံ့လာတာမို့ ရိတ်သင်ရ ပိုလွယ်ကူစေပါတယ်။ • အမွှေးရိတ်ဂျဲလ်၊ အမြှုပ်နဲ့ ဆပ်ပြာရည်များများ သုံးပေးပါ။ • အမွှေးအမှင် ရိတ်တဲ့အခါ အရေပြားကို မရှမိပါစေနဲ့။ အမွှေးပေါက်ရာ လားရာဘက် အတိုင်းရိတ်ပါ။ တတ်နိုင်သမျှ တစ်ချက်တည်း (သို့)အချက်ရေ နည်းနိုင်သမျှနည်းပြီး ရိတ်ပါ။ ရိတ်သင်ပြီးတဲ့အခါ ရေအေးအေးနဲ့ စင်အောင်ဆေးချပါ။ • အားလုံး ပြီးစီးသွားတဲ့အခါ ရေအေးအေးနဲ့ စိမ်ထားတဲ့ အဝတ် (သို့) ရေခဲဖတ်လေးကို ရိတ်သင်ပြီးတဲ့ နေရာပေါ်မှာ ၅ မိနစ်လောက် တင်ထားပေးပါ။ အရေပြား နီရဲရောင်ရမ်းမှုကို သက်သာစေပါတယ်။ • ပြီးရင်အဝတ်ခြောက် သန့်သန့်နဲ့ ရေစင်အောင်သုတ်ပြီး အသားအရေ ခြောက်သွေ့မှု မဖြစ်စေဖို့ အစိုဓာတ်ထိန်းဆေး (Moisturizer) တစ်မျိုးကို လိမ်းပေးပါလို့ အကြံပြုရင်း အမွေးအမှင် ရိတ်သင်တဲ့အခါ မှတ်သားရမယ့်၊ သိထားသင့်တဲ့ အချက်လေးတွေကို ဝေမျှလိုက်ရပါတယ်။ အရေးကြီးလို့ပါနော်။ Credit : သွန်းသော်တာ (B.N.Sc) သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။