ရုတ်တရက်ဗိုက်နာခြင်းမှာ ချက်ချင်းဆိုင်းမဆင့်ဗုံမဆင့် နာလာခြင်းဖြစ်သည်။ အဖျားမရှိ၊ ဒဏ်ရာမရှိ၊ ရုတ်တရက်မုန်တိုင်း ဆင်လာခြင်းဖြစ်သည်။ ရုတ်တရက်ဗိုက်နာစေသောအကြောင်းများ ၁။ အစာအိမ်အချဉ်ပေါက်ခြင်း ၂။ အစာအိမ် (သို့) အူ (သို့) အူအတက်ရောင်ခြင်း ၃။ အူပိတ်ခြင်း ၄။ သည်းခြေအိတ်ရောင်ခြင်း ၅။ အစာအဆိပ်သင့်ခြင်း ၆။ အူမရောင်ခြင်း ၇။ ဆီးလမ်းကြောင်းတွင် ကျာက်တည်၍ပိတ်ခြင်း မိန်းမများမှာဆိုလျှင် ၁။ ရာသီလာခါနီးဖြစ်၍ ဗိုက်နာခြင်း ၂။ မျိုးဥအင်္ဂါရောင်ခြင်း (သို့) လိမ်ခြင်း ၃။ အိမ်ထောင်ရှိပါက နေရာလွဲ၍ သန္ဓေတည်ခြင်း၊ ထိုနေရာမှပေါက်ထွက်ခြင်း ၄။ တင်ဆုံကွင်းအင်္ဂါများ ရောင်ရမ်းခြင်း ၅။ လိင်ဆက်ဆံပြီးစ ယောနိနာကျင်ခြင်း ၆။ ဆီးအိမ်ရောင်ခြင်း ၇။ ခါးနာခြင်း တို့ဖြစ်နိုင်သည်။ မှန်သည်။ ဗိုက်နာသည် ဆိုသော်လည်း နာသောအင်္ဂါက ရင်ခေါင်းထဲမှာ ရှိနေနိုင်သည်။ ယောက်ျားရော မိန်းမမှာပါ အောက်ပါရင်ခေါင်းအင်္ဂါများ ရောဂါရ၍ ဗိုက်နာနိုင်သည်။ ၁။ နှလုံးသို့ သွေးမရောက်ခြင်း ၂။ နှလုံးကာမြှေးရောင်ခြင်း ၃။ အဆုတ်ဖုံးအမြှေးပါးရောင်ခြင်း ၄။ အဆုတ်အအေးမိကာ ရုတ်တရက်ရောင်ခြင်း ၅။ ရင်ဝမ်းတားကြွက်သားရောင်ခြင်း (သို့) ယင်းကိုအပေါ်မှဖုံးထားသော အဆုတ်အမြှေးပါးရောင်ခြင်း (Pleurisy) ထိုဗိုက်နာနိုင်သော အကြောင်းပေါင်းများစွာရှိသဖြင့် သက်သာလို သက်သာ ညားရေနံဆီလိမ်း၊ ပရုပ်ဆီလိမ်း၊ ဟိုဟာလိမ်းဒီဟာလိမ်းနှင့် လက်ဖြင့်နှိပ်ပါက အားလုံး ဒုက္ခရောက်နိုင်သည်။ အကောင်းဆုံးမှာ ဆရာဝန်ကိုပြရန်ဖြစ်၏။ ဆရာဝန်ကိုအိမ်မှာ ပင့်၍မရက သူရှိရာဆေးရုံဆေးခန်းသို့ လူနာကိုချက်ချင်းခေါ်သွား ပြရန်ဖြစ်သည်။ ထိုသို့ဆရာဝန်နှင့် မတွေ့မီလူနာနှင့် လူနာရှင်သည် အောက်ပါအတိုင်း နေသင့် (သို့) ပြုစုသင့်သည်။ ၁။ ဗိုက်နာသူသည် အိပ်ရာပေါ်မှာလှဲနေပါ ၂။ ရေနွေးအိတ်ကပ်ပါ ၃။ ဗိုက်ကိုမနှိပ်ပါနှင့် ၄။ မည်သည့်အစားအစာမှ ပါးစပ်မှမကျွေးပါနှင့် ၅။ ဝမ်းလည်းမချူ ပါနှင့် ၆။ ဗိုက်နာပျောက်ရန် အနာအကျင်ပျောက်ဆေး ဥပမာ-မော်ဖင်း၊ နိုဗယ်လ်ဂျင်၊ ပက်သီဒင် စသည်တို့ကို မထိုးပါနှင့်။ အကြောင်းမှာ ထိုဆေးများသည် အနာအကျင်ကို သက်သာ စေပြီး ရောဂါကိုမပျောက်စေပါ။ ထိုအခါယင်းတို့ တစ်ခုခုထိုးထားလျှင် ရောဂါ၏အနာ အကျင်မှာ လက္ခဏာတစ်ခုအနေဖြင့် ပျောက်သွားကာ ဆရာဝန်က စမ်းသပ်သောအခါ ရောဂါအမည်ကိုမှန်ကန်စွာရဖို့ ကြာသွားပါသည်။ Credit : ဒေါက်တာမောင်မောင်ညိုသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။