တေရန် ဆေးရုံတစ်ရုံတွင် ကိုရိုနာဗိုင်းရပ်ပိုးသစ်ကူးစက်ခံရသူဝေဒနာရှင်ကို ကုသပေးနေစဉ်။ ဓာတ်ပုံ - အေပီ
ရောဂါမပြန့်ပွားရေး ဟန့်တားမှု အီရန်တွင် မအောင်မြင်သေး
ဒူဘိုင်း - ကင်မရာရှေ့တွင် ချောင်းတဟွပ်ဟွပ်ဆိုးနေပြီး ဗိုင်းရပ်စ်ရောဂါဒဏ်ကို ခံနေရသည်ဟု အီရန်ဝေဒနာရှင်တစ်ဦးက ကိုရိုနာဗိုင်းရပ်စ်သစ်ကို အီရန်၏တုံ့ပြန်မှုမှာ သူ့နိုင်ငံအတွက် အန္တရာယ်မရှိဟု ဆိုသည်။
''ရောဂါခြေချုပ်ချတယ်ဆိုတာ ကျောက်ခတ်ကလူတွေ လုပ်ခဲ့တာပါ''ဟု အီရာ့ဂ်ျဟာရီချီက ပြောကြားခဲ့သည်။ နောက်တစ်နေ့တွင် သူကိုယ်တိုင် ဗိုင်းရပ်စ်ပိုးအန္တရာယ်ကြောင့် ရောဂါခြေချုပ်ကျခဲ့ရသည်။
အရှေ့အလယ်ပိုင်းဒေသတွင် ရောဂါကူးစက်ခံရသူ ၁ဝ ယောက်အနက် ကိုးယောက်မှာ အီရန်အစ္စလမ္မစ်သမ္မတနိုင်ငံမှလာကြခြင်းဖြစ်သည်။ ယခုအခါ အီရန်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်ခံရသူ ၁၆,ဝဝဝ ရှိပြီး ၉၈၈ ဦးထက်မနည်း သေဆုံးခဲ့သည်။ သတင်းမရသည် ကူးစက်မှုများကလည်း ရှိသေးသည်။ ကူးစက်ခံရသူအများစုမှာ ပြန်လည်ကောင်းမွန်လာသော်လည်း ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုမှာ လျင်မြန်လှပြီး သက်ကြီးရွယ်အိုများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ သေဆုံးခဲ့သည်။
အီရန်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသတွင် အကောင်းဆုံးသော ဆေးကုသမှုစနစ်များရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ယင်းနိုင်ငံ၏ ဆေးရုံများမှာ လူနာများ အဆမတန် များပြားနေပုံရသည်။ အာဏာပိုင်များကလည်း နှာခေါင်းစည်း ၁၇၂ သန်းကို နိုင်ငံခြားမှ မှာယူခဲ့ရသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ထံမှလည်း ဒေါ်လာ ငါးဘီလျံ ချေးငှားထားရပြီး၊ ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချေးငှားခြင်းပင် ဖြစ်သည်။
တင်စိန်
ဘာသာပြန်သည်။