HQ ဝင်နေသည့် တာချီလိတ်ခရိုင်ဆေးရုံ ဆရာဝန်နှင့် သူနာပြုများနေရာ၌ တပ်မတော် ဆေးတပ်ဖွဲ့ အစားထိုး တာဝန်ထမ်းမည်
mmtimes.com
|
2020-04-20



COVID-19 ရောဂါကုသရေးဌာန (ဖောင်ကြီး)သို့ ရောက်ရှိလာသည့် တပ်မတော် ဆေးပညာရှင်အဖွဲ့ကို ဧပြီ၁၉ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး

HQ ဝင်နေသည့် တာချီလိတ်ခရိုင်ဆေးရုံ ဆရာဝန်နှင့် သူနာပြုများနေရာ၌ တပ်မတော် ဆေးတပ်ဖွဲ့ အစားထိုး တာဝန်ထမ်းမည်

COVID - 19 အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သဖြင့် Home Quarantine ဝင်နေသည့် ဆရာဝန်နှင့် သူနာပြု ၂၁ ဦးနေရာတွင် အစားထိုးရန် တပ်မတော် ဆေးတပ်ဖွဲ့က တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ဧပြီ ၂၀ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိ တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဧပြီ ၂၀ ရက်တွင် ပြောသည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးအပါအဝင် ဆရာဝန်နှင့် သူနာပြု ၂၁ ဦးမှာ COVID - 19 အတည်ပြုလူနာ Case - 96 နှင့် အနီးကပ်ထိတွေ့မှုရှိခဲ့သဖြင့် ဧပြီ ၁၄ ရက်နေ့ မှ စတင်ကာ နေအိမ် Quarantine ဝင်နေရခြင်းဖြစ်သဖြင့် ဆေးရုံတွင် ဆေးကုသမှု အားနည်းမှု မရှိစေရေးအတွက် တပ်မတော်မှ သမားတော်၊ အထူးကု၊ ဆေးမှူးနှင့် သူနာပြုများပါဝင်သည့် ဆေးတပ်ဖွဲ့ဝင် ၁၂ ဦးက လာရောက်အားဖြည့် တာဝန်ထမ်းဆောင်ခြင်းဖြစ်သည်။

" တာချီလိတ်ဆေးရုံမှာ ပဲ Case 96 က Positive ဖြစ်တယ်။ အဲ့ဒီတော့ သူနဲ့ ထိတွေ့မှု ရှိခဲ့တဲ့ ဆရာဝန် ၁၀ ဦးအပါအဝင် ဆေးရုံက စုစုပေါင်း၂၁ ဦးက Quarantine လုပ်ခံရတယ်။ အဲ့ဒီတော့ ဆေးရုံကြီးက အားလျော့သွားတာပေါ့။ အဲ့တော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဆေးတပ်ဖွဲ့က လာပြီး ဖြည့်ပေးတာပါ။ ဆေးတပ်ဖွဲ့အနေနဲ့ ဆေးရုံက ဆရာဝန်တွေ Quarantine ကာလ ၂၈ ရက်ပြည့်ပြီး ဂျူတီပြန်ဝင်တဲ့အထိ တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်"ဟု ဒေါက်တာမျိုးထွန်းကပြောသည်။

လက်ရှိအချိန်တွင် နေအိမ် Quarantine ဝင်နေသည့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ မှ ဆရာဝန် နှင့် သူနာပြုများအား COVID ရောဂါ ရှိ၊မရှိ ဓါတ်ခွဲ အတည်ပြုနိုင်ရန် ၎င်းတို့ဧ။် ဓါတ်ခွဲနမူနာများကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(NHL)သို့ ပေးပို့ ထားပြီး အဖြေမရသေးကြောင်း သိရသည်။

တာချီလိတ်ခရိုင် ဆေးရုံကြီးတွင် ဧပြီ ၁၄ ရက်နေ့ညနေပိုင်းမှစတင်၍ တပ်မတော်ဆေးတပ်ဖွဲ့မရောက်မီအထိကြားကာလတွင် ကျန်းမာရေးစောင့်ရှောက်မှုကို ကျန်ရှိသည့် ဆရာဝန် ၂ဦး နှင့် သူနာပြု အချို့က ပြုလုပ်ပေးခဲ့သည်။

" ကုတင် ၁၀၀ အထူးကု ဆေးရုံ ဖြစ်ပေမဲ့ အထူးကုဆရာဝန်မရှိပဲ ဆေးကုသရတဲ့ အနေအထားလေးတော့ သက်ရောက်တာပေါ့" ဟု ၎င်းက ဆက်လက်ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ တာချီလိတ်ခရိုင်အတွင်း covid 19 ရောဂါပိုးရှိမရှိ ဓါတ်ခွဲစစ်ဆေးခဲ့သည့် သံသယလူနာ ၄၁ ဦးအနက် Case 96 တစ်ဦးသာ ရောဂါပိုးတွေ့ရှိသည်ဟု ဧပြီ ၁၈ ရက်တွင် အတည်ပြုနိုင်ခဲ့ကြောင်း တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဧပြီ ၂၀ ရက်နေ့ နံနက်ပိုင်းအထိ မြန်မာ နိုင်ငံတွင် COVID 19 ဓါတ်ခွဲ အတည်ပြုလူနာ ၁၁၁ ဦး ရှိခဲ့ပြီး ၅ ဦးသေဆုံးကာ နှစ်ဦးမှာ ကျန်းမာရေးပြန်ကောင်းမွန်လာသဖြင့် ဆေးရုံမှပြန်လည်ဆင်းသွားပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။




Some text some message..