Endometriosis ဆိုသည်မှာ ပုံမှန်အားဖြင့် သားအိမ်အတွင်းရှိရမည့် နံရံအသားသည် သားအိမ်ပြင်ပ တစ်နေရာရာသို့ ရောက်ရှိနေတတ်ခြင်းကို ဆိုလိုသည်။ များသောအားဖြင့် သားဥအိမ်၊ အူလမ်းကြောင်း၊ ဆီးခုံရိုးတွင်းရှိ အင်္ဂါများတဝိုက်တွင် နေရာလွဲမှားရောက်ရှိတတ်သည်။ ထိုသို့ရောက်ရှိနေသော သားအိမ်သားသည် သဘာဝလုပ်ရိုးလုပ်စဉ်အတိုင်း နံရံထူထဲခြင်း၊ ကြွေကျခြင်းနှင့် သွေးဆင်းခြင်းတို့ကို ဓမ္မတာပေါ်သည့်အချိန်တိုင်းတွင် ပြုမူလုပ်ဆောင်သည်။ အကယ်၍ နေရာလွဲမှားမှုသည် သားဥအိမ်တွင် ဖြစ်ပွားပါက Endometriomas ခေါ် အရည်အိတ်များ ဖြစ်ပွားတတ်သည်။ လက္ခဏာများ အဓိကအားဖြင့် ဓမ္မတာပေါ်စဉ်ကာလမျိုးတွင် ဝမ်းဗိုက်အောက်ခြေတစ်လျှောက် နာကျင်တတ်သည်။ ဓမ္မတာပေါ်စဉ်ကာလမျိုးတွင် ကိုက်ခဲနာကျင်တတ်ကြသော်လည်း Endometriosis ဖြစ်ပွားသူ အမျိုးသမီးများသည် သာမာန်နာကျင် ကိုက်ခဲမှုထက် ပိုဆိုးသော ဝေဒနာကို ခံစားရတတ်သည်။ တစ်လထက်တစ်လ နာကျင်မှု ပို၍ပို၍ ဆိုးလာသည်ဟု ဝေဒနာခံစားရသူ အမျိုးသမီးများက ပြောပြတတ်ကြသည်။ အတွေ့ရများသော လက္ခဏာများမှာ- - ရာသီလာစဉ် ကိုက်ခဲနာကျင်ခြင်း (dysmenorrhea) - လိင်ဆက်ဆံစဉ် နာကျင်ခြင်း - ဆီး၊ ဝမ်းသွားစဉ် နာကျင်ခြင်း - သွေးပေါ်လျှင် ဆင်းသည့်သွေးပမာဏများခြင်း - သားသမီး မထွန်းကားခြင်း (Infertility) စသည်တို့ကို တွေ့ရပြီး နှုံးချိခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း၊ လေပွခြင်း၊ ပျို့ခြင်း စသည်တို့ကိုလည်း (အထူးသဖြင့် ရာသီလာနေစဉ်ကာလတွင်) တွေ့ရတတ်သည်။ နာကျင်မှုအနည်းအများသည် ရောဂါပြင်းထန်ခြင်း ရှိခြင်း၊ မရှိခြင်းနှင့် မသက်ဆိုင်ပေ။ ဖြစ်ပွားရသော အကြောင်းရင်းများ တိကျသေချာသော ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိကြပေ။ ဖြစ်နိုင်ချေများသည့် အကြောင်းရင်းများမှာ - ရာသီသွေး ပြောင်းပြန်စီးဆင်းခြင်း (Retrograde menstruation) - ရာသီသွေးသည် အောက်ကို မစီးဆင်းဘဲ အပေါ်ဖက် သားဥပြွန်မှတဆင့် ဝမ်းဗိုက်အတွင်းပိုင်း (Pelvis cavity) ထဲသို့ စီးဆင်းရာမှတဆင့် ရောဂါဖြစ်ပေါ်ခြင်း - သန္ဓေသားဘဝတွင် ဆဲလ်ဖြစ်ပွားမှု ပုံမမှန်ခြင်း (Embryonic cell growth) - ခွဲစိတ်ခြင်းမှတဆင့် Endometrial Cells များ ခွဲထားသည့်နေရာ (အနာရွတ်) တွင် ကပ်ညိတွယ်ကပ်ခြင်း (အထူးသခြင့် ခွဲမွေးခြင်း၊ သားအိမ်ထုတ်ခြင်း စသည့် ခွဲစိတ်မှုများ) - ကိုယ်ခန္ဓာ ခုခံရေးစနစ် ပျက်ပြားသည့် (Immune system disorder) ရောဂါများ နောက်ဆက်တွဲ ပြဿနာများ - သားသမီး မထွန်းကားနိုင်တော့ခြင်း (Infertility) - သားဥအိမ် ကင်ဆာဖြစ်ခြင်း (Ovarian cancer) ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ နေရာလွဲမှား သားအိမ်အတွင်းသား ရောဂါ၏ လက္ခဏာများရှိလျှင်၊ ထိုသို့ ဖြစ်သည်ဟု သံသယရှိလျှင် သို့မဟုတ် ရာသီလာစဉ် ကိုက်ခဲနာကျင်မှု ပြင်းထန်လျှင် ဆရာဝန်နှင့် ပြသဆွေးနွေးသင့်သည်။ စစ်ဆေးမှုများ - ဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်း - Ultrasound - တယ်လီဗေးရှင်းဓါတ်မှန် ရိုက်ခြင်း - အတွင်းသို့ Laparoscopy ခေါ် အသေးစား ခွဲစိတ်နည်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း ကုသခြင်း - စောင့်ကြည့်လေ့လာ ကုသခြင်း - နာကျင်ကိုက်ခဲမှုအတွက် အကိုက်ခဲသက်သာဆေးများဖြင့် ကုသခြင်း - ဟော်မုန်းဆေးများဖြင့် ကုသခြင်း - ခွဲစိတ်ကုသခြင်း Credit : ကြယ်မင်းတာယာ သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။