Covid-19 လူနာအမှတ်(၁၈၉)အား ဒုတိယအကြိမ်စစ်ဆေးရာ ပိုးမတွေ့
mmtimes.com
|
2020-06-01



Covid-19 လူနာအမှတ်(၁၈၉)အား ဒုတိယအကြိမ်စစ်ဆေးရာ ပိုးမတွေ့

မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ သင်ကြားရေးဆေးရုံကြီးတွင် စောင့်ကြည့်ကုသပေးနေသည့် Covid-19လူနာအမှတ်(၁၈၉)အား ဒုတိယအကြိမ်ထပ်မံ ဓာတ်ခွဲစစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာခင်မောင်သန်းထံမှ သိရသည်။

အဆိုပါ လူနာအမှတ်(၁၈၉)သည် ချင်းပြည်နယ် ထန်တလန်မြို့မှ လူနာအမှတ်(၁၈၂)နှင့်အတူ မလေးရှားနိုင်ငံမှ လေယာဉ်အတူစီးလာပြီး မေ(၁၉)ရက်တွင် Covid-19 ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

" ဒုတိယမြောက် လူနာအမှတ်(၁၈၉)၏ နှာခေါင်းတို့ဖတ်၊အာခေါင်တို့ဖတ်တို့ကို(ဒုတိယအကြိမ်)ထပ်မံစစ်ဆေးခဲ့ပါတယ်။မေလ(၃၁)ရက်နေ့မှာ ဓာတ်ခွဲခန်းအဖြေက Negative(ပိုးမတွေ့)အဖြေထွက်ခဲ့ပါတယ်။ နောက်ထပ် (တတိယအကြိမ်) ဓာတ်ခွဲစစ်ဆေးလို့ ရောဂါပိုးမတွေ့ရင် ဆေးရုံကဆင်းခွင့်ရရှိမှာဖြစ်ပါတယ်''ဟု ဒေါက်တာခင်မောင်သန်းက ပြောသည်။

မကွေးတိုင်းအတွင်း Covid-19 ရောဂါပိုးတွေ့ရှိသူ ပထမလူနာအမှတ်(၅၃)နှင့် ယခုလူနာအမှတ်(၁၈၉)တို့(၂)ဦးသာရှိပြီး ပထမလူနာအမှတ်(၅၃)မှာ ရောဂါပိုး ထပ်မံစစ်ဆေးမှု(၂)ကြိမ်ပြုလုပ်ခဲ့ရာ Negative အဖြေသာထွက်ရှိခဲ့သဖြင့် ဆေးရုံဆင်းခွင့်ရရှိကာ ရောဂါကင်းစင်သူအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

" လူနာအမှတ်(၁၈၉)နဲ့အတူ မလေးရှားနိုင်ငံကပြန်လာသူ(၂၃)ဦးနဲ့ ကျန်းမာရေးစေတနာ့ဝန်ထမ်း(၅၁)ဦးတို့ရဲ့ နှာခေါင်းတို့ဖတ်နဲ့အာခေါင်တို့ဖတ်တို့ကို ဓာတ်ခွဲနမူနာပို့စစ်ဆေးခဲ့တာ ရောဂါပိုးမတွေ့တဲ့ Negative အဖြေထွက်ခဲ့ပါတယ်။အခုလက်ရှိ မကွေးတိုင်းအတွင်းမှာရှိတဲ့ ဆေးရုံတွေမှာ စောင့်ကြည့်လူနာ(၁၄)ဦးရှိတဲ့အနက် (၁၂)ဦးရဲ့ဓာတ်ခွဲခန်းအဖြေက ရောဂါပိုးမတွေ့ဘဲ ကျန်နှစ်ဦးကို ဓာတ်ခွဲနမူနာ ပေးပို့ထားဆဲဖြစ်ပါတယ်''ဟု ဒေါက်တာခင်မောင်သန်းက ဆိုသည်။

နှစ်ကြိမ် Negative အဖြေထွက်ပါက Covid-19 ရောဂါပိုးတွေ့ရှိခဲ့သူ လူနာအား ဆေးရုံမှဆင်းခွင့်ပြုမည်ဖြစ်ပြီး သတ်မှတ်ထားသည့် Quarantine စင်တာ၌ ၇ ရက်နှင့်နေအိမ်တွင် Home Quarantine ၇ရက်နေထိုင်ပြီးပါက ရောဂါကင်းစင်သူအဖြစ် အသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။




Some text some message..