တစ်ပူပေါ်နှစ်ပူမဆင့်ဖို့ ကျန်းမာရေးသတိနဲ့ ကာကွယ်ရမယ့် ရာသီတုပ်ကွေး
mmtimes.com
|
2020-06-10



ရန်ကုန်မြို့တွင်း နှာခေါင်းစည်းဝတ်ဆင်ကာ သွားလာလှုပ်ရှားနေကြသူများ။ ဓာတ်ပုံ − မြန်မာတိုင်း(မ်)

တစ်ပူပေါ်နှစ်ပူမဆင့်ဖို့ ကျန်းမာရေးသတိနဲ့ ကာကွယ်ရမယ့် ရာသီတုပ်ကွေး

ဒေါက်တာတင်ကိုကိုလွင်နဲ့ သူ့ဇနီးဟာ ၂ဝ၁၇ ခုနှစ် ဇူလိုင်လမှာ ရာသီတုပ်ကွေးရောဂါ ကူးစက်ခံခဲ့ရလို့ မြောက်ဥက္ကလာပဆေးရုံကြီးမှာ တက်ရောက်ကုသခံခဲ့ရပါတယ်။ သူတို့သွားရောက်ခဲ့တဲ့ လူစုလူဝေးရှိတဲ့ နေရာတွေကနေ ရောဂါကူးစက်လာတာဖြစ်မယ်လို့ သူတို့ ယူဆပါတယ်။

''အဲဒီအချိန်တုန်းကလည်း အခုလို ကိုဗစ်လောက်လည်း ကျန်းမာရေးသတိ (awareness) မရှိဘူး။ ကျွန်တော်တို့ကိုယ်တိုင်ရော၊ တခြားလူတွေလည်းပဲ လူစုလူဝေးတွေကို သွားမယ်ဆိုရင်mask တပ်တာတို့က အလေ့အထသိပ်မရှိဘူး။ လက်ဆေးတယ်ဆိုတာကလည်း ထမင်းစား တယ်၊ အိမ်သာက ထွက်တယ်ဆိုမှ ဆေးကြတာလေ။ အားလုံးက awareness မရှိကြသေးတဲ့အတွက်မို့ ဘယ်ကကူးလို့ ကူးမှန်းမသိဘူး။ ရောဂါဖြစ်လာမှ သိလာကြတယ်'' လို့ လက်ရှိအင်းစိန်ပြည်သူ့ဆေးရုံကြီးမှာလက်ထောက်ဆရာဝန်ရာထူးနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာတင်ကိုကိုလွင်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ရန်ကုန်မြို့တွင်း နှာခေါင်းစည်းဝတ်ဆင်ကာ သွားလာလှုပ်ရှားနေကြသူများ။ ဓာတ်ပုံ − မြန်မာတိုင်း(မ်)

ရောဂါကူးစက်ခံထားရပြီးတဲ့အချိန်မှာ အဆုတ်ရောင်ရောဂါ (Pneumonia) ရဲ့ လက္ခဏာတွေဖြစ်တဲ့ ဖျားခြင်း၊ အပူကြီးခြင်း၊ ချောင်းဆိုးခြင်းနဲ့ ခေါင်းကိုက်ခြင်းတွေကို ဒေါက်တာတင်ကိုကိုလွင် ခံစားခဲ့ရပါတယ်။ မြောက်ဥက္ကလာပဆေးရုံမှာ သူတို့ဇနီးမောင်နှံ ခြောက်ရက်ခန့် ကုသမှုခံယူပြီးတဲ့နောက်မှာတော့ ရောဂါပျောက်ကင်းလို့ သူတို့ ဆေးရုံက ဆင်းနိုင်ခဲ့ပါတယ်။ရာသီတုပ်ကွေးရောဂါဟာ မိုးရာသီနဲ့ မိုးအကုန်ဆောင်းအကူးတွေမှာ ဖြစ်ပွားလေ့ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း နှစ်စဉ် ပုံမှန်သတိပေးနှိုးဆော်တာတွေ ရှိပါတယ်။ ဒီနှစ်ဟာ ခါတိုင်းနှစ်ထက် ပိုထူးခြားတာက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အသက်ရှူလမ်း ကြောင်းဆိုင်ရာ ကပ်ရောဂါတစ်မျိုးဖြစ်တဲ့ COVID-19 ကို ရင်ဆိုင်နေ ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ် တုပ်ကွေးရာသီ ရောက်ရှိလာ ချိန်မှာ ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှုမဖြစ်ဘဲ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေကို အထူးအလေးထားလိုက်နာဖို့ လိုတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပါတယ်။

''ဒီအခြေအနေက မြုပ်နေတဲ့ကိုဗစ်ဖြစ်ခဲ့ရင် ပေါ်လာလိမ့်မယ်။ အခုလည်း ပေါ်နေတဲ့ဟာတွေ ရှိတယ်။ သို့သော်လည်းပဲ ရောဂါပိုးကျန်နေ တဲ့သူတွေ၊ နောက်ထပ် ရောဂါပြန်ထလာနိုင်တဲ့သူတွေကို တုပ်ကွေး ရောဂါပိုးတွေ ပေါင်းလိုက်ရင် ရောဂါဖြစ်တဲ့သူ ပိုများလာနိုင်လို့ လူတွေရဲ့ ကျန်းမာရေးအတွက် ပိုပြီးတော့ သတိထားရမယ်'' လို့ ပြည်သူ့ကျန်းမာရေးပညာရှင်တစ်ဦးဖြစ်တဲ့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲက ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာခင်မောင်လွင်က မှတ်ချက်ပေးပါတယ်။ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ နည်းပညာပိုင်းဆိုင်ရာ အကြံပေးပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာအောင်ထွဏ်းကတော့ ဖျားတယ်ဆိုတာနဲ့ ဆေးခန်းပြဖို့အရေးကြီးတယ်လို့ ဆိုပါတယ်။

''Fever Clinic တွေကို ပြဖို့အရေးကြီးတယ်။ အရေးကြီးတာကတော့ နာတာရှည်ရောဂါဖြစ်တဲ့သူတွေ၊ ကလေးတွေကတော့ တုပ်ကွေးရာသီ မှာတော့ သတိပိုထားသင့်တယ်'' လို့ အကြံပေးပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့စာရင်းမှတ်တမ်းတွေ အရ Influenza A (H3N2) ၊ A(H1N1) ၊ A(H1N1)pdm09 နဲ့ Influenza B စတဲ့ ရာသီတုပ်ကွေးရောဂါပိုးအမျိုးအစားတွေဟာ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာ အဓိကဖြစ်ပွားလျက်ရှိပါတယ်။

ကိုဗစ်နှင့် ရာသီတုပ်ကွေး ကာကွယ်ရန် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ဆေးခြင်းနှင့် ခပ်ခွာခွာနေခြင်းများ ဆောင်ရွက်ရန် အကြံပြုထားသည်။ ဓာတ်ပုံ − EPA-EFE/ NYEIN CHAN NAING

တစ်ကမ္ဘာလုံးမှာ နှစ်စဉ်ရာသီတုပ်ကွေးရောဂါ ပြင်းထန်စွာခံစားရသူ လူဦးရေက သုံးသန်းကနေ ငါးသန်းအထိရှိနေပြီး သေဆုံးသူကတော့ နှစ်သိန်းခွဲမှ ငါးသိန်းခန့် ရှိပါတယ်။ ရောဂါပြင်းထန်သူတွေရဲ့ ၁ဝ ရာခိုင်နှုန်းဟာ သေဆုံးကြတယ်လို့ WHO ရဲ့ မှတ်တမ်းတွေက ထုတ်ပြန်ကြေညာ ထားပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပွားတဲ့ ရာသီတုပ်ကွေးရောဂါပိုး Seasonal Influenza A(H1N1) pdm09 ကို ဂျပန်နိုင်ငံမှာရှိတဲ့ National Institute of Infectious Diseases ဓာတ်ခွဲခန်းကို ၂ဝ၁၇ ခုနှစ်မှာပို့ပြီး အသေးစိတ်စစ်ဆေးခဲ့ရာ မှာတော့ ရောဂါပိုးဟာ တစ်ကမ္ဘာလုံး ပုံမှန်ပျံ့နှံ့တဲ့ ရာသီတုပ်ကွေးရောဂါပိုး ဖြစ်ကြောင်း၊ ပုံမှန်ကုသတဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါကို ကုသတဲ့ဆေး တွေနဲ့ ကုသရာမှာ ၉၅ မှ ၉၈ ရာခိုင်နှုန်းအထိ တုံ့ပြန်မှုရှိကြောင်းနဲ့ ကြက်ငှက်တုပ်ကွေးရောဂါပိုးတွေနဲ့ မျိုးရိုးဗီဇပေါင်းစပ်မှုမရှိဘူးလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက် ရေးဌာနခွဲရဲ့ ထုတ်ပြန်ချက်တွေအရ ၂ဝ၁၉ ခုနှစ်က မြန်မာနိုင်ငံမှာရာသီတုပ်ကွေးရောဂါဓာတ်ခွဲအတည်ပြုလူနာ ၇၇၈ ဦးရှိခဲ့ပြီး ၎င်းလူနာတွေအနက် ၁၁၆ ဦးကတော့ သေဆုံးခဲ့ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး အလိုက် ဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေမှာ ရန်ကုန်တိုင်းဒေသကြီးက ရောဂါဖြစ်ပွားသူ ၂၉၉ ဦးနှင့် သေဆုံးသူ ၆၈ ဦးနဲ့ အများဆုံး ဖြစ်ခဲ့ပါ တယ်။ ဒီစာရင်းအရ ဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေထဲမှာ ၂ဝ၁၉ ခုနှစ်က အမြင့်ဆုံးပဲ ဖြစ်ပါတယ်။

ကျန်းမာရေးပညာရှင်တွေကတော့ COVID-19 ကပ်ရောဂါဟာ ဒီနှစ်ကုန်အထိ ဖြစ်ပွားမှုတွေ ရှိနေနိုင်တယ်လို့ ခန့်မှန်းထားကြသလို ကိုဗစ်နဲ့ ရာသီတုပ်ကွေးရောဂါလက္ခဏာတွေဟာ ဆင်တူပြီး ခွဲခြား သိနိုင်ဖို့ ခက်ခဲတဲ့အတွက် ချောင်းဆိုးတာ၊ ဖျားတာတွေကတစ်ဆင့် အသက်ရှူကျပ်တာတွေ ဖြစ်လာပြီဆိုရင်တော့ ကျန်းမာရေးဌာနတွေမှာ စစ်ဆေးကုသမှုခံယူသင့်တယ်လို့ အကြံပြုကြပါတယ်။

''အသက်ရှူ ကျပ်လာပြီဆိုရင်တော့ သတိထားရမယ်။ ဖျားတာ နည်းနည်း ကြာလာပြီဆိုရင်တော့ စမ်းသင့်ပါတယ်။ ကိုဗစ်က ပိုကြောက် ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်က ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကလီစာ အကုန်လုံးကို ထိခိုက်တယ်။ အဆုတ်တစ်ခုတည်း ထိခိုက်တာ မဟုတ်ဘူး။ နှလုံးရော၊ ကျောက်ကပ်ရော၊ သွေးကြောတွေရော အကုန်ထိပါတယ်'' လို့ အဏုဇီဝပညာရှင်တစ်ဦးဖြစ်တဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ(Emeritus Professor) ဒေါက်တာကြည်ကြည်သင်းက တိုက်တွန်းပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 ဗိုင်းရပ်စ်ရဲ့ရောဂါပျိုးရက်ဟာ ငါးရက်မှ ခြောက်ရက်ခန့်နဲ့ တုပ်ကွေးဗိုင်းရပ်စ်ရဲ့ ရောဂါပျိုးရက်ကတော့ သုံးရက်ခန့် ဖြစ်တယ်လို့ဆိုပါတယ်။ ဆိုလိုတာကတော့ တုပ်ကွေးဟာ လျင်မြန်စွာ ပျံ့နှံ့နိုင်တဲ့ သဘောပါပဲ။ ကူးစက်ခံထားရသူ တစ်ဦးကနေ ထုတ်ပေးတဲ့ ဒုတိယကူးစက်မှု အရေအတွက် (မျိုးပွားခြင်းအရေအတွက်)မှာတော့ COVID-19 ဗိုင်းရပ်စ်ဟာ တုပ်ကွေးထက် ပိုမို မြင့်မားတယ်လို့ WHOက ရှင်းပြထားပါတယ်။

ဒါပေမဲ့ ရာသီတုပ်ကွေးအတွက် ကာကွယ်ဆေး ရှိတာက အားသာချက် ဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကတော့ အထူးသဖြင့် အသက်ငါးနှစ်အောက် ကလေးငယ်တွေ၊ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ဆီးချို၊ အဆုတ်နဲ့ နှလုံးရောဂါ စတဲ့ နာတာရှည် ရောဂါအခံ ရှိတဲ့သူတွေနဲ့ ကိုယ်ခံအားကျဆင်းတဲ့ သူတွေဟာ ရာသီတုပ်ကွေးရောဂါ ကူးစက်ခံရပါက ပိုမိုပြင်းထန်ပြီး အသက်သေဆုံးမှုတွေ ရှိတဲ့အတွက် အဆိုပါရည်ညွှန်း အုပ်စုတွေကို တစ်နှစ်မှာတစ်ကြိမ်ခန့် ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းထားပါတယ်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကတော့ ပြည်သူတွေ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးမယ်ဆိုရင် ဌာနရဲ့ခွင့်ပြုချက်နဲ့ မှတ်ပုံတင်ထားပြီး ဆေးရောင်းချခွင့်ရထားတဲ့ Sanofi Pasteur နဲ့ Abbott ဆေးဝါးကုမ္ပဏီတွေက ကာကွယ်ဆေးတွေကိုပဲ သုံးစွဲဖို့ အကြံပြုထားပါတယ်။ ဒါပေမဲ့ ဒီဆေးကုမ္ပဏီကဆေးတွေကို ဝယ်မယ်ဆိုရင် တောင်မှ FDA ရဲ့ မှတ်ပုံတင်ထားတဲ့ စာအမှတ်တွေပါမှ ဝယ်ယူဖို့ တာဝန်ရှိသူတွေက တိုက်တွန်းကြပါတယ်။

''ကာကွယ်ဆေးဝယ်ရင် အဓိကစစ်ရမှာက FDA ရဲ့ registration ရှိလား၊ မရှိဘူးလား ဆိုတာရယ်၊ ထိုးပေးမယ့် ဆရာဝန်ဘက်နဲ့ ကာကွယ်ဆေးပစ္စည်းရောင်းတဲ့ ဘက်က ဘယ်လောက်ခိုင်မာမှုရှိလား၊ မရှိလားဆိုတာကို ကြည့်ပြီးမှ ထိုးတာကောင်းတယ်။ Cold Chain နဲ့ ထိန်းသိမ်းထားလားဆိုတာကိုလည်း စစ်ရမယ်။ ဆေးကို ဝယ်လာပြီးအိမ်မှာ ဒီအတိုင်းထားပြီး ထိုးပေးမယ်ဆိုရင် ဆေးက register လုပ်ထားပေမဲ့ စိတ်မချရတော့ဘူး'' လို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရန်ကုန်ရုံးခွဲက ညွှန်ကြားရေးမှူးဒေါက်တာ မင်းဝန်က ရှင်းပြပါတယ်။

ကျန်းမာရေးပညာရှင်တွေက ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးတွေ ဟာ ရောဂါကာကွယ်မှုအတွက် အထောက်အကူပြုပေမဲ့ ရာနှုန်းပြည့်တော့ ကာကွယ်ခြင်းမရှိကြောင်းနဲ့ ဒီကာကွယ်ဆေးကို ထိုးခြင်းဖြင့် လတ်တလောဖြစ်နေတဲ့ ကိုဗစ်နဲ့ သွေးလွန်တုပ်ကွေးရောဂါကို လုံးဝ မကာကွယ်နိုင်ဘူးလို့ မှတ်ချက်ပေးပါတယ်။

မြန်မာတိုင်း(မ်)က ရန်ကုန်မြို့အတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူ ၃ဝ ဦးခန့်ကို ရာသီတုပ်ကွေးရောဂါကာကွယ် ထိုးထားခြင်းရှိ၊ မရှိ မေးမြန်းကြည့်တဲ့အခါမှာ လူငါးဦးကပဲ သူတို့ရဲ့မိသားစုဝင်တွေနဲ့အတူ ကာကွယ်ဆေးထိုးတာ တွေ့ရပါတယ်။ ကာကွယ်ဆေးတစ်လုံးဟာ လက်ရှိမှာ ငွေကျပ်နှစ်သောင်းခန့် ရှိတာကြောင့် ငွေကြေးတတ်နိုင်တဲ့ မိသားစုတွေပဲ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ထိုးကြတာ တွေ့ရပါတယ်။

''တကယ်လို့ ငွေကြေးတတ်နိုင်တယ်ဆိုရင်တော့ ကာကွယ်ဆေးက ထိုးသင့်တယ်လို့ မြင်တယ်။ ဘာလို့လဲဆိုတော့ ကာကွယ်ဆေးက တချို့ဗိုင်းရပ်စ်တွေကို မကာကွယ်နိုင်ပေမဲ့ ပြင်းထန်တဲ့တုပ်ကွေးတွေကို သူက ကာကွယ်ပေးတယ်။ တကယ်လို့ ငွေကြေးမတတ်နိုင်တဲ့သူ ဆိုရင်တော့ တစ်ကိုယ်ရည်သန့်ရှင်းရေးကောင်းအောင် လုပ်မယ်၊ အစာအာဟာရကို ပြည့်ပြည့်ဝဝစားဖို့ လိုတယ်။ အဲဒီလိုမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားရမယ်လို့ ထင်တယ်'' လို့ နှစ်စဉ်ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး ပုံမှန်ထိုးသူ ဒေါ်ဇီဇဝါဦးက ဆိုပါတယ်။

သူအပါအဝင် သူ့ရဲ့ခင်ပွန်း၊ အသက် ၁၂ နှစ်နဲ့ ကိုးနှစ်အရွယ် သားနှစ်ဦးတို့ဟာ နှစ်စဉ်ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးလာတာ ဒီနှစ်နဲ့ဆို လေးနှစ်ရှိပြီဖြစ်ပါတယ်။ ဒေါ်ဇီဇဝါဦးကတော့ ကလေးနှစ်ဦးကို ကာကွယ်ဆေးထိုးပေးလိုက်တဲ့အတွက် ဆေးမထိုးမီနှစ်များထက် ဖျားနာမှု အကြိမ်ရေ နည်းသွားတဲ့အပြင် ဖျားနာမှုဖြစ်ရင်လည်း မပြင်းထန်တော့ဘူး လို့ ဆိုပါတယ်။

လက်ရှိမှာ ကိုဗစ်ကပ်ရောဂါကို ပြည်သူတွေ ရင်ဆိုင်နေရသလို တုပ်ကွေးရာသီကို ရောက်တော့မှာဖြစ်တဲ့အတွက် ရာသီတုပ်ကွေးရောဂါ ကိုပါ ထပ်မံရင်ဆိုင်ရဖွယ်ရှိနေပေမဲ့ ကျန်းမာရေးပညာရှင်တွေကတော့ ကိုဗစ်နဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်တွေကိုသာအတိအကျလိုက်နာမယ်ဆိုရင် ရာသီတုပ်ကွေးရောဂါပါ ကာကွယ်ပြီး ဖြစ်တယ်လို့ အပြည့်အဝ ထောက်ခံကြပါတယ်။

''ရာသီတုပ်ကွေးက ပုံမှန်ဗိုင်းရပ်စ်ကြောင့်ဖြစ်တာ။ ဘယ်လိုကြိုတင် ကာကွယ်မလဲဆိုတော့ တုပ်ကွေးဆိုတာ ဗိုင်းရပ်ကြောင့်ဖြစ်တာမို့လို့ ကိုယ့်ဟာကို ကိုယ်ခံအားကောင်းအောင် နေမယ်၊ နွေးနွေးထွေးထွေး နေမယ်၊ အနေအထိုင် အစားအသောက်ဆင်ခြင်မယ်။ နောက် ကိုဗစ်ကိုကာကွယ်သလို လက်ဆေးတာမျိုး၊ mask တွေတပ်မယ်၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေမယ်ဆိုရင် အလိုလိုနေရင်းနဲ့ ပျောက်သွား နိုင်မယ်။ ကိုဗစ်ကိုကာကွယ်ထားရင် သာမန်တုပ်ကွေးက ကာကွယ်ပြီး သားဖြစ်သွားတာပဲ'' လို့ ဒေါက်တာအောင်ထွဏ်းကတော့ မှတ်ချက်ပေးပါတယ်။

ပြည်သူ့ကျန်းမာရေးပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာခင်မောင်လွင် ကတော့ ပြည်သူတွေအနေနဲ့ ကိုဗစ်နဲ့ ရာသီတုပ်ကွေးရောဂါကို ကာကွယ်ဖို့အတွက် နှာခေါင်းစည်းတွေ တပ်တဲ့အခါ ဝန်ကြီးဌာနက အသိပေးတဲ့အတိုင်း နည်းလမ်းမှန်နဲ့ လိုက်နာကြဖို့လိုတယ်လို့ပြောပါတယ်။ ပြည်သူတွေအနေနဲ့ နှာခေါင်းစည်းတပ်ထားပေမဲ့နှာခေါင်းကို မအုပ်ထားတဲ့အတွက် ရောဂါပိုးက နှာခေါင်းကနေ ဝင်လာနိုင်တယ်လို့ သူက ရှင်းပြပါတယ်။

''Mask တပ်ရင် ရောဂါပိုးက နှာခေါင်းကနေ ဝင်လာတာမို့လို့ နှာခေါင်းကို အုပ်ရမှာ။ ဒါပေမဲ့ လူတွေက ပါးစပ်ကို ဖုံးထားပြီး နှာခေါင်းကို လွှတ်ထားကြတယ်။ ဒါ့ကြောင့် ရှေ့ဆက်ပြီး လွဲနေမယ်ဆိုရင်တော့ COVID မထိရင်တောင်မှ တုပ်ကွေးထိသွားနိုင်တယ်'' လို့ သတိပေးပါတယ်။ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုဗစ်ကာလမှာတိုက်ပွဲဝင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းပေါင်း ၁၁ဝ,ဝဝဝ ခန့်ကို တုပ်ကွေးရာသီ ရောက်တဲ့အခါ ရောဂါကူးစက်ခံရမှုက ကင်းဝေးစေဖို့ အတွက် ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးတွေကို ဇွန်လပထမအပတ်မှာ ထိုးနှံပေးခဲ့ပါတယ်။

ပြည်မြို့ ပြည်သူ့ဆေးရုံကြီးက မေ့ဆေး ဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်ဟာကိုဗစ်ရောဂါ ကူးစက်ခံထားရတဲ့ အမျိုးသားလူနာ တစ်ဦးကို ကုသပေးရင်း ဧပြီလ ၈ ရက်မှာ ရောဂါကူးစက်ခံခဲ့ရပါတယ်။ ဆရာမကြီးဟာ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ ကုသမှုခံပြီးနောက် မေလ ၂၅ ရက်မှာ ရောဂါ လုံးဝပျောက်ကင်းလို့ ဆေးရုံဆင်းခွင့်ရခဲ့ပါပြီ။ဆရာမကြီးက ပြည်သူတွေ ရာသီတုပ်ကွေး ရောဂါအန္တရာယ်တွေက ကင်းဝေးစေဖို့အတွက် ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားတဲ့ ညွှန်ကြားချက်တွေဟာ အားလုံး လွှမ်းခြုံမှုရှိတယ်လို့ ဆိုပါတယ်။

ရောဂါကူးစက်မှုမဖြစ်ဖို့အတွက် ပြည်သူတွေအပိုင်းက ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာဖို့ လိုအပ်သလို အစိုးရတာဝန်ရှိသူတွေ အပိုင်းကလည်း ဥပဒေအတိုင်း ကြပ်ကြပ်မတ်မတ်လုပ်သွားဖို့ အရေးကြီးတယ်လို့ သူကပြောပါတယ်။

''အခုလတ်တလောမှာ ပြည်သူတွေကို အမြဲတမ်း ပြောင်းလဲနေတဲ့ ဗဟုသုတတွေကို လေ့လာစေချင်တယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တာတွေကို အမြဲတမ်း လေ့လာစေချင်တယ်။ အဲဒီလို လေ့လာ ပြီးတော့ လိုက်နာစေချင်တယ်။ ပြီးရင် ပြောင်းလဲစေချင်တယ်။ အဲဒါဆို ကျွန်မတို့က ကိုဗစ်ကနေ အမြတ်တစ်ခု ရတယ်လို့ ယူဆတယ်''လို့ ဒေါက်တာမြင့်မြင့်စိန်က တိုက်တွန်းခဲ့ပါတယ်။




Some text some message..