ဆင်ခြေထောက်ရောဂါ
healthcare.com.mm
|
2020-06-15


ကျူးလက်စ်ခြင်ကိုက်ရာကနေ ဝင်လာတဲ့ ကပ်ပါးကောင် သေးသေးလေးတွေဟာ အရေပြားအောက်မှာရှိတဲ့ လင့်ကြောအဖွဲ့အစည်း (Lymphatic system) ထဲကို ဝင်ရောက် လာပါတယ်။ အဲ့ဒီမှာ တဖြည်းဖြည်းကြီးထွားလာပြီး ကြီးကောင် (Adult worm) အဖြစ် ကို ရောက်ရှိပါတယ်။ ၄-၁၀ စင်တီမီတာလောက်ထိ ရှည်တတ်ပါတယ်။ အဲဒီ ကြီးကောင် အမတွေဟာ ကပ်ပါးကောင် သေးသေးလေးတွေ ထပ်ပြီးမွေးထုတ်ပါတယ်။ အဲ့ဒါကို Microfilariae လို့ခေါ်ပါတယ်။ အဲ့ဒီ Microfilariae တွေဟာ ညဘက်မှာ သွေးကြောထဲ ကို ဖောက်ဝင်ပြီး အစာအာဟာရတွေ စားသုံးပါတယ်။ အဲဒီနောက် တဖြည်းဖြည်းကြီး လာပါတယ်။ အရေအတွက် များလာပါတယ်။ အဲဒီကနေတစ်ဆင့် လင့်ကြောတွေ၊ သွေးကြောတွေကို ပိတ်မိစေပါတယ်၊ ရောင်ရမ်းစေပါတယ်။ အချိန်တွေကြာ လာတာ နဲ့အမျှ ရောဂါရင့်လာပြီး ဆင်ခြေထောက်ရောဂါရဲ့ လက္ခဏာတွေကို တွေ့မြင်လာရ ပါတယ်။ ဆင်ခြေထောက်ရောဂါရဲ့လက္ခဏာ ကပ်ပါးရောဂါပိုး စတင်ဝင်ရောက်လာတဲ့အချိန်မှာ လင့်ကြောတစ်လျှောက် ရောင်ရမ်းတဲ့အတွက် ဖျားတတ်ပါတာ၊ ခြေထောက်တွေ ပေါင်ခြံတွေမှာ ကိုက်ခဲနာကျင် တာ၊ ပူပြီးနီရဲနေတာတွေ တွေ့ရပါတယ်။ တစ်ခါဖြစ်ရင် ၁ ပတ်၊ ၂ ပတ် ကြားတတ်ပြီး တစ်နှစ်ပတ်လုံး ဖြစ်လိုက်၊ ပျောက်လိုက်နဲ့ နေတတ်ပါတယ်။ နောက်ပိုင်းကျရင် အကြိတ် ဖုတွေရောင်ပြီး ကြီးလာတတ်ပါတယ်။ ခဏခဏဖြစ်ရင် အရေပြားတွေ ထူထဲလာပြီး ကြမ်းလာပါတယ်။ ဖောင်းလာပါတယ်။ အချို့လူတွေမှာ အလာဂျီလို့ခေါ်တဲ့ဓာတ်တုန့်မှုတွေ ဖြစ်တတ်ပါတယ်။ အရေပြားမှာ အဖုအပိမ့်တွေထွက်တာ၊ ယားတာတွေကိုလည်း တွေ့ရလေ့ရှိပါတယ်။ ဒါကိုမခံနိုင်လို့ မသန့်ရှင်းတဲ့ လက်နဲ့ သွားကုတ်မိမယ်ဆိုရင် သွေးထွက်တာ၊ အဲဒီအရေပြားကနေ ဘက်တီးရီးယားတွေ ဝင်ရောက်ပြီး ပြည်တစို့စို့နဲ့ နေတတ်ပါတယ်။ ဆင်ခြေထောက်ရောဂါလို့ မြန်မာလို ခေါ်ရတဲ့ အဓိကအကြောင်းကတော့ ရောဂါဖြစ်သူရဲ့ ခြေထောက်တစ်ဖက် (ဒါမှမဟုတ်) နှစ်ဖက်စလုံးဟာ ဆင်ရဲ့ခြေထောက် လို ကြီးထွားလာလို့ပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်တာဟာ Microfilariae တွေ လင့်ကြောတွေမှာ ပိတ်သွားတာကြောင့် တဖြည်းဖြည်း လင့်ရည်စီးဆင်းမှု မရှိဘဲ ခြေထောက်မှာ စုလာလို့ပဲ ဖြစ်ပါတယ်။ ပိတ်တဲ့ဘက်မှာပဲ တွေ့ရလေ့ရှိပြီး နှစ်ဖက်စလုံးပိတ်ရင်တော့ နှစ်ဖက်စလုံးမှာ ဖြစ်ပါတယ်။ အချို့ကျတော့ ပေါင်ခြံမှာရှိတဲ့လင့်ကြောတွေ ပိတ်လို့ ပေါင်တွေကြီးလာတာ၊ အမျိုးသားတွေမှာဆို ကပ္ပါယ်အိတ် ကြီးလာတာမျိုး (Hydrocele) အထိ ဖြစ်တတ်ပါတယ်။ တဖြည်းဖြည်းကြီးလာရင် ခွဲစိတ်ကုသဖို့လိုပါတယ်။ ခွဲလိုက်ရင် အိတ်ထဲက နို့ရည်နှင့်တူတဲ့ လင့်ရည်တွေ ထွက်လာပါတယ်။ ဒါကတော့ သိသာထင်ရှားပြီး အဖြစ်များတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ Microfilariae တွေဟာ ဆီးလမ်းကြောင်းထဲဝင်ရင် ဆီးသွားတဲ့အခါ နို့နှစ်လို သွားတတ်ပါတယ်။ သွေးကြောတွေထဲဝင်ရင် သွေးကြောသေးသေးလေးတွေမှာ သွားပိတ် တတ်ပါတယ်။ အထူးသဖြင့် အဆုတ်ကိုရောက်ရင် အဆုတ်ထဲမှာရှိတဲ့ သွေးကြောလေး တွေကို သွားပိတ်လို့ ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီး ဒီ Microfilariae တွေဟာ မျက်လုံးထဲလည်း ဝင်တတ်ပါတယ်။ အထူးသဖြင့် မျက်ခွံပေါ်မှာ ဒါမှမဟုတ် အောက်မျက်ခွံလို နေရာမျိုးမှာ တွေ့ရတတ်ပါတယ်။ ဆင်ခြေထောက်ရောဂါ ရှိ၊ မရှိ ဘယ်လိုသိနိုင် ဆင်ခြေထောက်ရောဂါ လက္ခဏာတွေကို ခံစားနေပြီဆိုရင်တော့ဆင်ခြေထောက် ရောဂါ ဖြစ်နေပြီလို့ မှန်းဆလို့ရသော်လည်း ပိုပြီးသေချာအောင် သမားရိုးကျ စမ်းသပ်မှု အနေနဲ့ Blood for MF (Microfilariae) ဆိုပြီး လုပ်ခိုင်းလို့ရပါတယ်။ ည ၁၀ နာရီနောက် ပိုင်းမှာ သွေးဖောက်ပြီး Thick Film လုပ်ကြည့်ရင် သွေးထဲမှာရှိတဲ့ ကပ်ပါးကောင် သေးသေးလေးတွေကို အဏုကြည့် မှန်ပြောင်းအောက်မှာ တွေ့နိုင်ပါတယ်။ ဒါကတော့ အသေချာဆုံးနဲ့ ငွေကြေးကုန်ကျမှုနည်းတဲ့ နည်းလမ်းပါ။ နောက်ထပ်နည်းလမ်းတစ်ခု ကတော့ သွေးထဲမှာရှိတဲ့ MF antibodies ကို ELISA tast method နဲ့ရှာခြင်း ဖြစ်ပါ တယ်။ လတ်တလော ဆင်ခြေထောက် ကပ်ပါးရောဂါရှိနေသူတွေရဲ့ ၉၅%မှာ Positive ပြပါတယ်။ အဆုတ်ထဲမှာ ဝင်နေပြီ Pulmonary Microfilariae ဖြစ်ခဲ့ရင်တော့ lgE level တွေဟာအရမ်းကိုမြင့်တက်လာတာ တွေ့ရပါတယ်။ ဆေးကုသမှုခံယူပြီး ရင်တော့ ခုနပြောခဲ့တာတွေ အကုန်လုံး ပုံမှန်ပြန်ဖြစ်သွားနိုင်ပါတယ်။Credit : ဒေါက်တာခင်မောင်လွင်(FAME) သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။ 





Some text some message..