ဆယ်ကျော်သက်အရွယ်မှာ စိတ်ကျရောဂါခံစားရရင် ကိုယ့်ကိုယ်ကိုယ်ဘယ်လိုမျိုးကုစားမလဲ ???
lifestylemyanmar.com
|
2020-07-13



ခေတ်နဲ့အညီတိုးတက်ပြောင်းလဲမှုတွေကြားထဲမှာ အပြိုင်အဆိုင်တွေ အင်မတန်များပြားလာပြီး အထူးသဖြင့် ဒီနေ့ခေတ်ဆယ်ကျော်သက်တွေအနေနဲ့ အရွယ်နဲ့မမျှတဲ့ ဖိအားတွေကို ရင်ဆိုင်ရတဲ့အချိန်မှာ စိတ်ကျရောဂါခံစားရတာမျိုးတွေရှိနိုင်ပါတယ်။ တချို့ကျတော့ ရေရာသေချာတဲ့အကြောင်းပြချက်မရှိဘဲ စိတ်ကျဝေဒနာခံစားရတာမျိုးတွေရှိတတ်ကြတာကြောင့် ဒီလိုမျိုးတွေ ကြုံတွေ့လာရပြီဆိုရင်တော့ ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ ကုစားမလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။



၁။ လေ့ကျင့်ခန်းလုပ်ပါ။
တော်တော်များများ စိတ်ကျရောဂါခံစားနေရတဲ့သူတွေဟာ တစ်ခုခုလုပ်ဖို့ မလှုပ်ချင်၊ မကိုင်ချင်အောင် ဖြစ်တတ်ကြပေမယ့် ကိုယ်ခံစားနေရတဲ့အရာတွေကို တကယ်တမ်းကုစားနိုင်ဖို့ဆိုရင်တော့ ကိုယ်လက်လှုပ်ရှားတဲ့ လေ့ကျင့်ခန်းတစ်ခုခုပြုလုပ်သင့်ပါတယ်။ တစ်ရက်ကို (၁၅) မိနစ်ကနေ မိနစ် (၃၀) လောက်အထိ လမ်းလျှောက်ပေးတာမျိုးကို မဖြစ်မနေ ပြုလုပ်သင့်ပြီး အကလေ့ကျင့်တာမျိုး၊ အပြင်ထွက်ပြီး ဖြေးဖြေးမှန်မှန်နဲ့ အပြေးလေ့ကျင့်တာမျိုးတွေကိုလည်း သင့်တော်သလို ပြုလုပ်ပေးသင့်ပါတယ်။ အရင်တည်းက လေ့ကျင့်ခန်းလုပ်တတ်တဲ့ အလေ့အထရှိတဲ့သူတွေအတွက်တော့ ဒီလိုအကျင့်မျိုးလုပ်ပေးဖို့ အခက်အခဲမရှိနိုင်ဘဲ ယောဂလေ့ကျင့်ခန်း ပြုလုပ်ပေးတာမျိုးတွေကလည်း ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကိုသာမက ခန္ဓာကိုယ်ကျန်းမာဖို့အတွက်ပါ သေချာပေါက်အထောက်အကူပြုစေပါလိမ့်မယ်။



၂။ အာဟာရပြည့်ဝအောင် စားသောက်ပါ။
စိတ်ကျရောဂါကိုခံစားနေရတဲ့သူတွေဟာ အစားလုံးဝမစားတော့တာမျိုးဖြစ်တတ်သလို၊ ပုံမှန်ထက်အလွန်အကျူးစားသောက်တတ်တာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရပြည့်ဝအောင် စားသုံးပေးဖို့ လိုအပ်ပြီး ကိုယ်စားသောက်နေတဲ့ အစားအသောက်တွေကလည်း ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို သေချာပေါက် အပြောင်းအလဲဖြစ်စေပါလိမ့်မယ်။ အဲ့ဒါကြောင့် ကိုယ်က စားချင်သောက်ချင်စိတ်လုံးဝမရှိသည့်တိုင် ပုံမှန်စားသောက်ချိန်အတိုင်း စားသောက်သင့်တဲ့အပြင် အသီးအနှံတွေကိုလည်း ထပ်ပေါင်းစားသောက်သင့်တယ်လို့ အကြံပေးပါရစေ။



၃။ ပြဿနာတွေကို အကျိုးသင့်အကြောင်းသင့်လေ့လာဖြေရှင်းပါ။
ကိုယ့်ကို ထုံထိုင်းသွားစေရလောက်အောင်အထိ ဖြစ်စေခဲ့တဲ့ပြဿနာတွေကို စိတ်အေးအေးထားပြီး ပြန်လည်သုံးသပ်တာကလည်း ဝဲဂယက်တွေကြားထဲ ရောက်နေတဲ့ ကိုယ့်ရဲ့စိတ်ကို အကောင်းဆုံး ကယ်တင်နိုင်မယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ နောက်ပြီး ဘယ်လိုပြဿနာတွေနဲ့ ရင်ဆိုင်နေရလဲဆိုတာ ကိုယ့်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဆီ ရင်ဖွင့်တာမျိုး၊ အိမ်နဲ့ဝေးနေတဲ့သူမျိုးဆို မိသားစုဝင်တွေနဲ့ အဆက်အသွယ်လုပ်ပြီး ပြောပြတာမျိုး၊ လိုအပ်လာရင် အကူအညီတောင်းတာမျိုးတွေကလည်း ကိုယ့်ရဲ့ စိတ်ကို အပြည့်အဝမဟုတ်တောင် နည်းနည်းလေးတော့ပေါ့သွားစေမှာ အသေအချာပါပဲ။ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို လက်တွေ့ကျကျ ဖြေရှင်းနိုင်ဖို့ ကြိုးစားတာက ကိုယ်ခံစားနေရတဲ့ဝေဒနာအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။



၄။ ပျော်ရွှင်စရာတွေကို ရှာဖွေပါ။
စိတ်ကျရောဂါခံစားနေရပြီဆိုရင် ကိုယ့်ရဲ့ အိုင်ဒီယာတွေ နဲ့ ဖန်တီးနိုင်စွမ်းတွေကို သေချာပေါက်ကန့်သတ်ခံထားရမှာ အသေအချာပါပဲ။ ကိုယ့်ရဲ့အားလပ်ချိန်တွေမှာ အရင်ကလုပ်နေကျ ဝါသနာပါရာကိစ္စရပ်တွေကိုတောင်မှ စိတ်ဓာတ်ကျပြီး မလုပ်နိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် ဒီလိုမျိုးမဖြစ်ရလေအောင် အထူးသဖြင့် စိတ်ကျဝေဒနာခံစားနေရတဲ့အချိန်မျိုးမှာ ပန်းချီဆွဲတာ၊ စာရေးတာ၊ သီချင်းရေးတာတို့လို ကိုယ်ဝါသနာပါရာကိစ္စရပ်တစ်ခုခုကို ပုံမှန်အတိုင်းကြိုးစားလုပ်ဆောင်သင့်ပါတယ်။ အနုပညာဆိုတာ စိတ်ရဲ့အလင်းတံခါးပေါက်တစ်ခုလို့တောင်ဆိုနိုင်ပြီး ဒါတွေက ကိုယ့်ရဲ့စိတ်ကျရောဂါကို ကိုယ်တိုင်ကုသနိုင်ဖို့ အကောင်းဆုံးဆေးဝါးတစ်ရပ်လို့လည်း ဆိုနိုင်မှာပါ။ သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့တာမျိုး၊ ကိုယ့်ဆီမှာမွေးထားတဲ့ တိရိစ္ဆာန်လေးတွေနဲ့ ဆော့ကစားပေးတာမျိုး၊ ဟာသရုပ်ရှင်ကြည့်တာမျိုးတွေကလည်း ကျဉ်းထဲကြပ်ထဲရောက်နေတဲ့ ကိုယ့်ရဲ့စိတ်ကို လွတ်မြောက်ဖို့ အကူအညီကောင်းတစ်ရပ် ဖြစ်စေမှာပါ။



၅။ အကောင်းဘက်ကတွေးနိုင်အောင်ကြိုးစားပါ။
စိတ်ကျရောဂါခံစားနေရတဲ့အချိန်မှာ လူတစ်ယောက်ရဲ့ အတွေးအမြင်တွေအားလုံးက အမှောင်ထဲရောက်နေတယ်လို့ ဆိုရမှာဖြစ်ပြီး အရာအားလုံးက မျှော်လင့်ချက်မဲ့နေသလို အနှုတ်လက္ခဏာဆန်တဲ့ စိတ်တွေပဲရှိနေမှာ အသေအချာပါပဲ။ ဒါပေမယ့် တစ်ချိန်ကကိုယ်ဟာ ဘယ်လိုလူမျိုးဖြစ်ခဲ့တယ်၊ ဘယ်လိုမျိုး စွမ်းဆောင်ရည်တွေနဲ့ လူတွေရဲ့အကြား မားမားမတ်မတ်ရပ်တည်ခဲ့တယ်ဆိုတာတွေကို ပြန်တွေးပြီး အပေါင်းလက္ခဏာဆောင်ခဲ့တဲ့ ကိုယ့်ရဲ့မှန်ကန်တဲ့ စိတ်နေစိတ်ထားတွေကို ပြန်လည်ရရှိအောင် ကြိုးစားရပါမယ်။ စိတ်ကျရောဂါခံစားနေရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်တာမျိုးက မှန်ကန်တဲ့အဖြေမဟုတ်ဘဲ ကိုယ်ခံစားနေရတဲ့အရာအားလုံးကို ဖြည်းဖြည်းချင်းအချိန်ယူပြီး ကုစားရင်းနဲ့ ကိုယ်ချစ်ရတဲ့သူတွေအတွက် ကောင်းကောင်းအသက်ရှင်သွားဖို့ လိုအပ်ကြောင်း အကြံပေးလိုက်ရပါတယ်။



#HM
#LifestyleMyanmar
Source: kidshealth




Some text some message..