ကလေးတစ်ယောက်ဘယ်အကြောင်းတွေကြောင့်အန်တတ်ပါသလဲ. . . . မွေးကင်းစအရွယ်မှာ အန်ရင်တော့ ရေမွန်းခြင်း Asphyxia ၊ အူပိတ်ခြင်း Intestinal Obstruction ၊ ဦးနှောက် အမြှေးပါး ရောင်ခြင်း Meningitis၊ သွေးအဆိပ်တောက်ခြင်း (Septi – caemia)တို့ကြောင့် ဖြစ်တတ်ပါတယ်။ ကလေးတွေမှာ အန်တာကတော့ ဝမ်းသွားခြင်း Diarrhoea နဲ့ ဒွန်တွဲလာတာတော့ များပါတယ်။ ဦးနှောက် အမြှေးပါး ရောင်ခြင်း၊ အူပိတ်ခြင်း တို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကလေးကို အစားအစာ လိုအပ်တာထက် ပိုပြီး တိုက်ကျွေးခြင်း Overfeeding နဲ့ ကျွေးပုံကျွေးနည်း နည်းလမ်းမကျခြင်း တို့ကြောင့်လည်း ကလေးငယ် တစ်ယောက် အန်တတ်ပါတယ်။ ကလေးကြီးတွေမှာတော့ ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်း၊ ဦးနှောက်အကျိတ် Tumour ရှိခြင်း ၊ အသည်းရောင်ခြင်း၊ Hepatitis ဝမ်းလျှောခြင်း၊ အူအတက်ပေါက်ခြင်း စတာတွေကြောင့် အန်တတ်ပါတယ်။ ကလေးတစ်ယောက် အန်ရင်စိုးရိမ်ရပါသလား. . . ၁။ ခဏခဏ အန်မယ် ၂။ အန်တဲ့အခါမှာ အစိမ်းရောင် သည်းခြေရည် Bile ပါမယ် ၃။ အန်တဲ့အခါ ကော်ဖီရောင်ပါမယ် ၄။ အန်တဲ့အခါ အရှိန်နဲ့ ဝေးဝေးရောက်အောင် အန်တယ် Projectile Vomiting ၅။ မှိန်းမယ် ၆။ ဗိုက်ဖောင်းမယ် ၇။ ဗိုက်မှာ အလုံးတွေပေါ်လာမယ် ၈။ ကလေးက တက်မယ်၊ ခေါင်းကိုက်မယ် ၉။ ကလေးက ဗိုက်နာမယ် . . .စတဲ့ အကြောင်းတွေရှိရင် စိုးရိမ်ရပါတယ်။ ကလေးတစ်ယောက်အန်ပြီး ခေါင်းကိုက်မယ်၊ ဗိုက်နာမယ်ဆိုရင် ဘာတွေကြောင့်ဖြစ်နိုင်ပါသလဲ . . . ကလေးတစ်ယောက် အန်တာမှာ ခေါင်းကိုက်တာနဲ့ တွဲပြီးဖြစ်လာရင် ဦးနှောက် အမြှေးရောင်ခြင်း၊ ဦးနှောက် ရောင်ခြင်း၊ ဦးနှောက် အကျိတ်ဖြစ်ခြင်း၊ ဦးနှောက်အတွင်း သွေးယိုခြင်း . . . စတာတွေ ကြောင့် ဖြစ်နိုင်ပါတယ်။ အန်ပြီး ဗိုက်နာတာနဲ့ တွဲပြီး ဖြစ်လာရင်တော့ အူအတက်ပေါက်ခြင်း၊ အူပိတ်ခြင်း. . . စတာတွေ ဖြစ်နိုင်ပါတယ်။ ကော်ဖီရောင်အန်ရင်စိုးရိမ်ရပါသလား။ ကော်ဖီရောင်အန်ခြင်း Coffee Ground Vomiting ဆိုတာ အစာအိမ်မှာ သွေးယိုခြင်းကြောင့်ဖြစ်ပါတယ်။ အစာအိမ်ကိုသွေးယိုစေတဲ့ ဆေးတွေကတော့ အက်စပရင် ဆေးများနဲ့ အခြား အကိုက်အခဲပျောက်ဆေးတွေ ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးမှာ ကော်ဖီရောင်အန်ရင် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်။ ကလေးအန်ရင် အအန်ပျောက်ဆေးတိုက်သင့်ပါသလား. . . . မတိုက်သင့်ပါ။ အန်တဲ့အကြောင်းကို သေသေချာချာ ရှာဖွေကုသသင့် ပါတယ်။ အအန်ပျောက်ဆေး များများတိုက်ရင် ကလေးက တောင့်တင်းပြီး မျက်လုံးများ အပေါ်လှန်ပြီး တက်တတ်ပါတယ်။ Credit : ပါမောက္ခ ဒေါက်တာဦးအေးသောင်း(ကလေးအထူးကုသမားတော်ကြီး)သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။