လက်မှာ ခေါင်းစီးကြိုးပတ်တတ်တဲ့ ပျိုမေတိုင်းအတွက်
trend.com.mm
|
2020-08-04

ခေါင်းစည်းကြိုး လှလှလေးတွေကို လက်မှာ အလှပတ်ကြတာ၊ လိုတဲ့ အခါ ခေါင်းစည်းဖို့ ဆိုပြီး လက်ကောက်ဝတ် မှာ ပတ်ထားကြတာ တွေ့ဖူးပါတယ်။ အမှုမဲ့ အမှတ်မဲ့နဲ့ မိန်းကလေးတွေ လုပ်လေ့ရှိတဲ့ အပြုအမူပါပဲ။


ဒါပေမယ့် ခေါင်းစည်းကြိုးတွေ၊ သရေကြိုးတွေကို လက်မှာ စည်းထားတာက ဘယ်လောက် အန္တရာယ် များလဲ ဆိုတာကတော့ —
(၁) သွေးလည်ပတ်မှု မကောင်းတော့ဘူး
သားရေကြိုး ပါတဲ့ ခေါင်းစည်းကြိုး ကို လက်ကောက်ဝတ် မှာ ပတ်စည်းလိုက်မယ် ဆိုရင် လက်ကောက်ဝတ်မှာ ရှိတဲ့ သွေးကြောတွေကို ဖိညှစ်ထားလိုက်သလိုပါပဲ။ ဒီလိုဆို သွေးလည်ပတ်မှုက ဘယ်လို ဖြောင့်ဖြူးနိုင်တော့မလဲ။

အဲဒီကနေ လက်အာရုံကြောတွေ ထုံကျဉ် အားနည်းတဲ့ ရောဂါ ဖြစ်လာနိုင်တယ်၊ ကာလတာရှည် နာကျင်မှု နဲ့ လက်ချောင်း ထုံကျဉ်တာ တွေ ခံစားရပါလိမ့်မယ်။


(၂) လက် အရေပြား ကို ပိုးဝင်နိုင်တယ်
ခေါင်းစည်းကြိုးကို အချိန်ကြာကြာ ပတ်ထားတဲ့အခါ အဲဒီမှာ ချွေးတွေ၊ ဖုန်တွေ၊ အညစ်အကြေး နဲ့ ပိုးမွှားတွေ ကပ်ငြိနေနိုင်တယ်။ လက်ကောက်ဝတ် အရေပြားက နုတဲ့အပြင် သွေးကြောတွေနဲ့ နီးတာမို့ ခေါင်းစည်းကြိုး ကြောင့် အရေပြား ပွန်းတာ၊ ပွတ်တိုက်မိတာတွေကနေ ရောဂါပိုးတွေ ဝင်ရောက်သွားနိုင်ပါတယ်။

တကယ်လို့ ဘက်တီးရီးယားတွေက အရေပြားအတွင်းထဲ အထိ ရောက်ရှိသွားတာမျိုး၊ အဲဒီရောဂါပိုးက အန္တရာယ်ရှိ အမျိုးအစားတွေ ဖြစ်နေတာမျိုး ဆိုရင် အသက်အန္တရာယ်ထိ ခြိမ်းခြောက်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုး တွေက ကြောက်စရာပါ။


(၃) ယားနာ ဖြစ်နိုင်တယ်
လက် ဆိုတာ လူတစ်ယောက်ရဲ့ တစ်နေ့တာ လုပ်ဆောင်သမျှတွေထဲ အလှုပ်ရှားရဆုံး၊ အရာဝတ္တုတွေနဲ့ ထိတွေ့မှု အများဆုံး အစိတ်အပိုင်းပါ။ အဲ့ဒီလက် အဖျားနားက လက်ကောက်ဝတ် မှာမှ ပတ်ထားမိတဲ့ ခေါင်းစည်းကြိုးဟာ ရောဂါပိုးမွှားတွေ မျိုးစုံ ကပ်နေမှာ သေချာပါတယ်။

တချို့ ပိတ်စလေးတွေ၊ အမွှေးလုံးလေးတွေ နဲ့ အလှချုပ်ထားတဲ့ ခေါင်းစည်းကြိုးတွေဆို အကြိမ်ကြိမ်သုံးနေကြပေမယ့် တော်ရုံ မလျှော်တတ်ကြပါဘူး။ ဆံပင်မှာ စည်းလိုက်၊ လက်မှာ ပတ်လိုက်နဲ့ ဆိုတော့ လက်က ပိုးတွေ ဆံပင်ကိုရောက်၊ ဆံပင်က ပိုးတွေ လက်ကို ရောက်စေတဲ့ ရောဂါပိုး သံသရာ ဖြစ်လာနိုင်တယ်လေ။

ဒီလို ခေါင်းစည်းကြိုးတွေကို အခါခါသုံးမယ်၊ အကြာကြီး ပတ်ထားမယ် ဆိုရင် အရေပြားမှာ ယားနာ ဖြစ်လာနိုင်ပါတယ်။


(၄) ကူးစက်ရောဂါတွေ အန္တရာယ် မကာကွယ်နိုင်ဘူး
ကူးစက်နိုင်တဲ့ ရောဂါတွေ ကို ကာကွယ်ရာမှာ အများအားဖြင့် လက်ကို စင်ကြယ်အောင် ဆေးကြောဖို့ တိုက်တွန်းကြပါတယ်။ လက်ကို မကြာခဏ ဆေးနေပေမယ့် အနီးဆုံး လက်ကောက်ဝတ် ပေါ်မှာ မသန့်ရှင်းတဲ့ ခေါင်းစည်းကြိုးက အခန့်သား ရှိနေမှတော့ သွားပြီပေါ့။


လက်ကို မြှောက်ပြီး ဆံပင် သပ်တင်တာတို့၊ မျက်နှာ ရှေ့ ဝဲပြီး လှုပ်ရှားမိတာတို့ဆို ခေါင်းစည်းကြိုး မှာ ကပ်နေတဲ့ ရောဂါပိုးက ကိုယ့်ရဲ့ အသက်ရှူလမ်းကြောင်း ထဲ တန်းဝင်သွားနိုင်ပါတယ်။
ကဲ…အားလုံးပဲ သတိပြုပြီး ပြုမူနိုင်ကြပါစေနော်။


Ref;HEALTH GROUP




Some text some message..