အရေပြားဓာတ်မတည့်ခြင်း
healthcare.com.mm
|
2020-08-14


ဒီတစ်ခါမေးချင်တာက အရေပြားအလာဂျီအကြောင်းပါ။အရေပြားအလာဂျီတွေက ဘာကြောင့် ဖြစ်တာလဲ။          အရေပြားအလာဂျီတွေက အများအားဖြင့် မျိုးရိုးဗီဇကြောင့် ဖြစ်တာပါ။ ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဖြစ်ပုံချင်း တစ်ယောက်နဲ့တစ်ယောက်မတူဘူး။ လူတိုင်းလည်း မဖြစ်ဘူး။           မတည့်တာ ကိုယ်ထဲ ဝင်လာရင် ခန္ဓာကိုယ်ရောဂါခုခံမှုစနစ်က အဲဒါကို ပြန်ကန်ထုတ်တဲ့အတွက် အရေပြားမှာ အလာဂျီအကွက်တွေ ဖြစ်တာပါ။ မတည့်တာဆိုတာက အစားအသောက်တစ်ခုခု၊ ရှူမိတဲ့ဟာ တစ်ခုခု၊ ခန္ဓာကိုယ်နဲ့ ထိတွေ့တာတစ်ခုခု၊ အလှကုန်ပစ္စည်းတစ်ခုခုစသဖြင့် ဖြစ်နိုင်တယ်။ မတည့်တာဖြစ်ရင် အရေပြားတုံ့ပြန်မှုအနေနဲ့ နီရဲတာ၊ ရောင်ရမ်းတာ၊ အပိမ့်တွေပေါ်တာ၊ ယားယံတာတွေ ဖြစ်လာတယ်။အလှကုန်ပစ္စည်းတွေထဲမှာ အရေပြားအလာဂျီကို ဘယ်လိုပစ္စည်းတွေက အများဆုံးဖြစ်တတ်ပါသလဲ။          အများဆုံးဖြစ်စေတတ်တာက အနံ့(Fragrance) မျိုးစုံပါ။ အနံ့ဆိုတာ အလှကုန်နဲ့ Skin Care ပစ္စည်းတွေမှာ အမြဲလိုလို မပါမဖြစ်ပါတယ်လေ။ အဲဒီ အနံ့တွေကပဲ ဖြစ်ကြတာများတယ်။ သဘာဝအနံ့ဖြစ်စေ၊ ဓာတုအနံ့ဖြစ်စေ ဘယ်အနံ့မဆို အလာဂျီဖြစ်နိုင်တယ်။နောက်ထပ်အလာဂျီအဖြစ်များတာတွေက . . . -       အရောင်မျိုးစုံ (Color Agents)-       အဆီ (Essential Oils)-       လာနိုလင် (Lanolin) -       လက်သည်းပစ္စည်းများ (Nail Products)-       နေကာပစ္စည်း (Sunscreens)-       ဟိုက်ဒရိုကွီနုန်း အရောင်ချွတ်ဆေး (Hydroquinones)-       တာရှည်ခံပစ္စည်းများ၊ ဖော်မယ်ဒီဟိုက် (Preservatives and Formaldehyde)တို့ဖြစ်ပါတယ်။ဘယ်လိုလူမျိုးတွေက အလာဂျီဖြစ်တတ်တဲ့ ပစ္စည်းတွေကို သတိထားရပါမလဲ။-       အရေပြားအလာဂျီလွယ်လွယ်ဖြစ်တတ်သူ၊ ဖြစ်လေ့ရှိသူ၊ အရေပြားနီရဲလာတတ်သူတွေ။-       အရေပြားတုံ့ပြန်မှုများသူတွေ။-       အခြားအရေပြားရောင်ရမ်းမှုရောဂါရှိသူတွေ၊ ဥပမာ ရိုစေစီရာ ရောဂါ။ဒါဆို သဘာဝပစ္စည်း (Natural Products) တွေက အလာဂျီဖြစ်စေတာ ပိုနည်းစေမလား၊ ပိုစိတ်ချရမလား။          နိုး “No” ပါ။ အဲဒါ အမှတ်မှား၊ အယူအဆမှားပြီး သိနေကြတာ။ မတည့်တဲ့ အလာဂျီပစ္စည်းတွေမှာ ပရိုတင်းဓာတ်ပါဝင်တယ်။ သဘာဝပစ္စည်းဆိုတာကလည်း အပင်လိုဟာတွေက ထုတ်ယူထားတာကြောင့် ပရိုတင်းဓာတ်ပါတယ်။ အလာဂျီဖြစ်စေနိုင်တယ်။ အလာဂျီအဖြစ်များတဲ့ မြေပဲ၊ အစေ့အဆန်၊ နို့၊ ဥ အလာဂျီတွေအားလုံး ပရိုတင်းဓာတ်ပဲမဟုတ်လား။ထိရှလွယ်တဲ့အရေပြားအတွက် ရှောင်ရ၊ ဆောင်ရမယ့် အစားအသောက်တွေ ရှိလား။          အရေပြားအလာဂျီရှိတဲ့လူတစ်ချို့ဟာ အစားအစာအလာဂျီ၊ ရှူရှိုက်တာအလာဂျီ၊ ပန်းနာရင်ကျပ်စတာမျိုးတွေ ရှိတတ်တယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် မတည့်တာ မတူကြဘူး။ ပုံသေပြောလို့မရဘူး။          ရိုစေစီယာနဲ့ ထိရှလွယ်တဲ့အသားအရေပိုင်ရှင်တွေဟာ အယ်လ်ကိုဟော၊ အရက်၊ ဘီယာ၊ ဝိုင်၊ အစပ်စာ၊ ကော်ဖီ၊ အရည်ပူများနဲ့ အချဉ်စာတွေကို သတိထားရတယ်။          စားသင့်တာကတော့ ပုံမှန်အာဟာရပြည့်စုံတဲ့ အစားအစာပါ။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အိုမီဂါ ၃ အက်ဆစ်များများပါတာတွေ ပိုစားပါ။ နီဝါစိမ်းအသီးအရွက်မျိုးစုံနဲ့ ငါးအမျိုးမျိုးပေါ့။ထိရှလွယ်တဲ့ အရေပြားမှာ ပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ မတွေ့ခင် ဘာလုပ်ထားလို့ ရမလဲ။-       အရင်ဆုံးမတည့်တာကို ရပ်လိုက်ပါ။-       ရေအေးနဲ့ မျက်နှာကို စိုစွတ်အောင် ဖွဖွသုတ်။-       အမြှုပ်မထတဲ့ နို့ရည်အပျော့ (Cleansing Milk) နဲ့ မျက်နှာကို စက်ဝိုင်းပုံစံ ဖွဖွလေး အသာအယာပွတ်ပေး။-       ရေစိုအဝတ်နု (သို့) ဂွမ်းအစိုဖတ်နဲ့ နို့ရည်ကို ပြန်ပြီး အသာအယာဖယ်ရှားပေးပါ။-       အရောင်အနံ့မပါတဲ့ ရေစိုဓာတ်ထိန်းခရင်မ် (သို့) အရည် (Hydrator or Serum) ကို ဖွဖွလိမ်းပါ။ လိမ်းတဲ့ဟာက ထိရှလွယ်တဲ့ အရေပြားအတွက် (For Sensitive Skin) သုံးတဲ့ဟာ ဖြစ်ပါစေ။-       ရေအေးအဝတ်နဲ့ ကပ်ပေး၊ ၅ မိနစ်ခန့်။ ရေအေးငွေ့ထုတ်တဲ့စက် (Ultrasonic Steamer) ရှိရင်လည်း မျက်နှာကို ရေအေးငွေ့ ၅ မိနစ်အထိပေးပါ။ -       အရင်လိမ်းထားတာတွေ ပြောင်သွားရင် ဖွဖွလေး ဖိသုတ်၊ လေသလပ်ပြီး ခြောက်ပါစေ။-       ခပ်ပျော့ပျော့ အရောင်အနံ့မပါတဲ့ ရေစိုဓာတ်ထိန်းခရင်မ် (Moisturizer) နဲ့ နေကာလိမ်းဆေး (Sun Screens) ပြန်လိမ်းပေးပါ။-       မိတ်ကပ်ကို အနည်းဆုံး ၂ နာရီမလိမ်းဘဲ ရပ်ထားရပါမယ်။ အပူစာ၊ နေရောင်ပြင်းပြင်း ရှောင်ပါ။-       လိုအပ်ရင် ဆရာဝန်နဲ့ တွေ့ပါ။Credit : ဒေါက်တာစိုးဝင်းဦး (အရေပြားအထူးကုဆရာဝန်ကြီး)  





Some text some message..