စက်ဘီးစီးခြင်းကြောင့်ရလာနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ
myanmaplatform.com
|
2020-08-28



ယနေ့ခေတ်မှာ ကားတွေပေါများလာတာနဲ့ အမျှ နီးနီးနားနားကိုတောင် ကားနဲ့သွားလိုက်တာများကြပါတယ်။ဟိုနားဒီနားကို စက်ဘီးစီးပြီးသွားတဲ့လူဆိုတာ ရှားနေပါပြီ။ဒါပေမယ့် အခုလို ကိုဗစ်ကာလမှာ အစားအသောက် Delivery တွေစက်ဘီးနင်းပြီးလိုက်ပို့နေကြပါတယ်။စက်ဘီးစီးတယ်ဆိုတာကို လေ့ကျင့်ခန်းတစ်ခုအနေနဲ့ သူများနိုင်ငံတွေမှာလုပ်နေကြတာပါ။စက်ဘီးစီးခြင်းကြောင့်ရလာနိုင်မယ့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကဘာတွေဖြစ်မလဲ။




၁— နှလုံးကျန်းမာရေးကောင်းစေတယ်

စက်ဘီးကို ပြိုင်ပွဲတွေမှာနင်းသလိုမဟုတ်ပဲနဲ့ ဖြေးဖြေးမှန်မှန်လေး နင်းပေးတာက နှလုံးခုန်နှုန်းကိုတိုးစေပြီးတော့ သွေးလည်ပါတ်မှူကို အားကောင်းလာစေပါတယ်။စက်ဘီးစီးတဲ့ အလေ့အကျင့်က နှလုံးရောဂါနဲ့လေဖြတ်တဲ့ ဝေဒနာတွေကို ကာကွယ်နိုင်ပါသေးတယ်။




၂— အကြောတွေပျော့ပြောင်းစေတယ်

စက်ဘီးစီးခြင်းကနေ ကြွက်သားတွေ ကို ကျစ်လျစ်သန်မာလာစေပြီးတော့ အကြောတွေကို ပျော့ပြောင်းလာစေပါတယ်။အကြောတွေ ပျော့ပြောင်းနေတဲ့ အတွက် အကြောတက်တာတွေ ကြွက်တက်တာတွေ မဖြစ်နိုင်ပါဘူး။အသက်ကြီးလာတဲ့ အခါမှာ ကြုံတွေ့ရမယ့် အရိုးအဆစ်နဲ့ ကြွက်သားဆိုင်ရာ ပြဿနာတွေကိုကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။




၃ — ကိုယ်အလေးချိန်ထိန်းထားနိုင်ခြင်း

ဝိတ်ကျချင်တဲ့သူများစက်ဘီးစီးလေ့ကျင့်ခန်းကို လုပ်ပေးသင့်ပါတယ်။ဝိတ်တက်လာတယ်ဆိုတာ ခန္ဓာကိုယ်မှာ အဆီပိုတွေများပြားလာတာပါ။မလိုအပ်တဲ့အဆီပိုတွေကို စက်ဘီးစီးခြင်းက ‎လောင်ကျွမ်းစေနိုင်တာမလို့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားနိုင်မှာပါ။



၄ — စိတ်ဓာတ်ကျခြင်းနှင့်စိတ်ရှုပ်ထွေးခြင်းကိုလျော့စေနိုင်

စိတ်ညစ်နေတဲ့အခါမျိုး စိတ်ရှုပ်နေတဲ့ အချိန်မျိုးမှာ ကိုယ့်ရဲ့ စက်ဘီးလေးနဲ့ သဘာဝရှူခင်းတွေကြားမှာ ပေါ့ပေါ့ပါးပါး စက်ဘီးစီးခြင်းက စိတ်ရှုပ်မှုကို အနည်းငယ်သက်သာလာစေမှာပါ။စက်ဘီးစီးရင်း သီချင်းအော်ဆိုတာပဲဖြစ်ဖြစ်လုပ်ပေးမယ်ဆိုရင် စိတ်ထဲမှာ လေးလံနေတဲ့ ဝန်ထုတ်ဝန်ပိုးတွေကို ကျစေမှာဖြစ်ပြီးတော့ စိတ်ဓာတ်ကျတာမျိုးဖြစ်စေနိုင်မှာမဟုတ်ပါဘူး။စိတ်ဓာတ်ကျတာတို့ စိတ်ဖိစီးတာတို့ ကင်းဝေးနေတဲ့လူတစ်ယောက်ဟာ ဦးနှောက်စွမ်းဆောင်ရည် တိုးတက်လာစေမှာပဲဖြစ်ပါတယ်။



၅— ညဘက်အိပ်ပျော်စေတယ်
ညဘက်ကို အိပ်ပျော်ဖို့ ကြိုးစားနေရတဲ့ သူတွေအတွက် စက်ဘီးစီးလေ့ကျင့်ခန်းကို တစ်နေ့တာမှာလုပ်ထားခဲ့မယ်ဆိုရင် ကောင်းမွန်စွာအိပ်စက်နိုင်မှာပါ။စက်ဘီးစီးခြင်းက စိတ်ပင်ပန်းနွမ်းနယ်နေတာတွေကို လျော့ပါးစေပြီး စိတ်ကိုအေးချမ်းစေနိုင်တာမလို့ ညဘက်အိပ်ရာဝင်ချိန်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်မှာပါ။

စက်ဘီးစီးတာကို အားကစားတစ်ခုအနေနဲ့ ကိုယ့်ရဲ့တစ်နေ့တာမှာ ထည့်သွင်းပြီးတော့ လုပ်ပေးမယ်ဆိုရင် ကျန်းမာရေးအတွက်လည်း အကျိုးရှိစေသလို ညဘက်အိပ်မပျော်တဲ့ရောဂါမျိုးကနေ ကင်းဝေးစေနိုင်မှာပဲဖြစ်ပါတယ်။




Some text some message..