နေ့ရက်တိုင်းကို အကောင်းဆုံးအစပြုနိုင်ဖို့အတွက် နည်းလမ်းကောင်းများ
lifestylemyanmar.com
|
2020-09-17



နေ့တစ်နေ့ရဲ့အစ မနက်ခင်းဆိုတာက ကိုယ်ဖြတ်သန်းရမယ့်တစ်နေ့တာအတွက် အရေးပါဆုံးအစိတ်အပိုင်းတစ်ခုပါပဲ။ ကိုယ်ကနေ့ရက်တစ်ရက်ကို ဘယ်လိုမျိုးအစပြုခဲ့လဲဆိုတဲ့အပေါ်မူတည်ပြီး ကိုယ့်အတွက် ကောင်းတဲ့နေ့လား၊ တိမ်တွေဖုံးလွှမ်းတဲ့နေ့တစ်နေ့လားဆိုတာကို အဆုံးအဖြတ်ပေးသွားနိုင်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ ကောင်းမွန်တဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ဖို့အတွက် တစ်နေ့တာကိုဘယ်လိုမျိုးနည်းလမ်းတွေနဲ့ အစပြုသင့်လဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။




၁။ မနက်နိုးလာတဲ့အချိန်မှာ လေ့ကျင့်ခန်းစလုပ်ပါ။

လူတော်တော်များများက လေ့ကျင့်ခန်းပြုလုပ်ရတာကို မကြိုက်ပါဘူး။ ဒါပေမယ့် လေ့ကျင့်ခန်းပြုလုပ်တာက ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမကဘဲ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအတွက်ပါ အကောင်းဆုံးအထောက်အကူဖြစ်စေပါတယ်။ လေ့ကျင့်ခန်းပြုလုပ်လိုက်တဲ့အခါမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကနေ endorphins လို့ခေါ်တဲ့ ဓာတုဓာတ်တွေကို ဖယ်ရှားရှင်းလင်းပေးလိုက်ပါတယ်။ အဲ့ဒီဓာတ်ပေါင်းတွေက ကိုယ့်အတွက် စိတ်ဖိစီးမှုဖြစ်စေမယ့် အရာတွေဖြစ်တာကြောင့် အခုလိုမျိုး လေ့ကျင့်ခန်းလုပ်ရင်း ရှင်းထုတ်လိုက်ပြီဆိုရင်တော့ ကိုယ့်ရဲ့စိတ်က အလိုလို လန်းဆန်းပြီးပျော်ရွှင်မှုကို ခံစားရပါလိမ့်မယ်။ အဲ့ဒါကြောင့် မနက်ခင်းအိပ်ရာနိုးတဲ့အချိန်မှာ လေ့ကျင့်ခန်းတစ်ခုခုကို မဖြစ်မနေ အချိန်ပေးပြုလုပ်သင့်ပါတယ်။




၂။ မနက်စာကောင်းကောင်းစားပါ။

လေ့ကျင့်ခန်းလုပ်ပြီးသွားပြီဆိုတာနဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ပြန်လည်အင်အားဖြည့်တင်းပေးဖို့အတွက် အစားအသောက်ကောင်းကောင်းစားပေးဖို့ လိုအပ်ပါတယ်။ အဲ့ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီးလို့ ကိုယ်လက်သန့်စင်ပြီးတာနဲ့ မနက်စာကို ကောင်းကောင်းမွန်မွန်စားသင့်ပါတယ်။ လေ့လာသူတွေရဲ့အဆိုအရ မနက်စာကောင်းကောင်းစားခြင်း၊ မစားခြင်းက ကိုယ့်ရဲ့တစ်နေ့တာကို လွှမ်းမိုးမှုရှိနိုင်တာကြောင့် ပရိုတိန်းဓာတ်အပါအဝင် အာဟာရဓာတ်ပြည့်ဝမျှတတဲ့ မနက်စာကို သေချာစားသုံးပေးသင့်ပါတယ်။




၃။ ကိုယ့်ရဲ့စိတ်ကို လန်းဆန်းစေမယ့် အဝတ်အစားကို ရွေးချယ်ပါ။

ကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဝတ်ဆင်ထားတဲ့ အဝတ်အစားက ကိုယ့်အတွက် အသင့်တော်ဆုံး၊ အလိုက်ဖက်ဆုံးယူဆထားတယ်ဆိုရင်တော့ ကိုယ့်ရဲ့အတွင်းစိတ်ကလည်း သေချာပေါက် ယုံကြည်မှုအပြည့်ရှိနေပါလိမ့်မယ်။ အဲ့ဒါကြောင့် အလုပ်မသွားခင်မှာ ကိုယ်နဲ့လိုက်ဖက်မယ့်၊ ကိုယ့်အတွက် ယုံကြည်မှုအပြည့်ရှိမယ့်၊ ဆွဲဆောင်မှုရှိပြီး သက်သောင့်သက်သာဖြစ်စေမယ့် အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။




၄။ စိတ်ဖိစီးမှုဖြစ်စေမယ့်အရာတွေကို ရှောင်ရှားပါ။

ဒါကအရေးအကြီးဆုံးအချက်ပါပဲ။ ကိုယ့်အတွက် စိတ်ဖိစီးမှုဖြစ်စေပြီး ဒေါသထွက်၊ စိတ်ညစ်ညူးစေမလား ဒါမှမဟုတ် ပျော်စရာဖြစ်စေမလားဆိုတဲ့ကိစ္စရပ်တွေကို ကိုယ်တိုင်ရွေးချယ်ရမှာပါ။ အဓိက,က ကိုယ့်အကြောင်းကိုယ်သိပြီး ကိုယ့်အတွက် စိတ်ဖိစီးမှုမဖြစ်ရအောင် ကိုယ်တိုင်ကြိုးစားသင့်ပါတယ်။ ဥပမာပြောရရင် ကိုယ့်အရှေ့မှာလမ်းလျှောက်တဲ့တစ်ယောက်က အလွန်နှေးကွေးနေတယ်ဆိုရင် သူတို့ကိုစိတ်ဆိုးဒေါသထွက်နေမယ့်အစား အခြားတစ်နေရာရာကနေ ကွေ့ပတ်သွားလိုက်ပါ။ တစ်ခါတလေ လူအသွားအလာနည်းပါးတဲ့လမ်းကြားတွေထဲက သွားတာကလည်း ကိုယ့်အတွက် စိတ်လွတ်လပ်ပြီး အေးအေးဆေးဆေးဖြစ်စေနိုင်ပါတယ်။




၅။ ကိုယ့်အတွက်ကောင်းမွန်စေမယ့်အရာတစ်ခုကို ကိုယ်တိုင်လုပ်ပါ။

လူတော်တော်များများက သူတို့ဘေးနားကလူတွေအကြောင်းကိုပဲ အမြဲတမ်းစဉ်းစားနေပြီး ဘယ်သူကဘယ်လိုဆိုးတယ်၊ ဘယ်သူကဘယ်လိုကောင်းတယ်ဆိုတာနဲ့ပဲ အချိန်ကုန်ရင်း ကိုယ့်အတွက်ကိုယ် စဉ်းစားပေးဖို့ မေ့နေတတ်ကြပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ရဲ့တစ်နေ့တာက ပျော်ရွှင်စရာတစ်နေ့တာဖြစ်စေချင်တယ်ဆိုရင်တော့ ကိုယ့်အတွက် ကောင်းမွန်တဲ့ကိစ္စတွေကို ကိုယ်တိုင်ပြုလုပ်သင့်ပါတယ်။ ဥပမာပြောရရင် ကိုယ်အကြိုက်ဆုံးဆိုင်တစ်ဆိုင်မှာ နေ့လယ်စာထွက်စားတာမျိုး၊ ကော်ဖီဆိုင်အသစ်ကိုသွားပြီး အရသာအသစ်တွေ မြည်းစမ်းကြည့်တာမျိုးတွေ ပြုလုပ်ရင်း ကိုယ့်ရဲ့စိတ်ကိုပေါ့ပေါ့ပါးပါးဖြစ်အောင် ထားလို့ရပါတယ်။




လူသားတိုင်းဟာ နေ့တဓူဝလုပ်ငန်းတာဝန်တွေကြောင့် အမြဲတမ်းပင်ပန်းပြီး ငြီးငွေ့နေရတယ်ဆိုပေမယ့် ကိုယ်ဖြတ်သန်းရတဲ့တစ်နေ့တာက သာယာလှပနေတယ်ဆိုရင်တော့ အဲ့ဒီပင်ပန်းနွမ်းနယ်မှုတွေက အလွယ်တကူပျောက်ကွယ်သွားနိုင်မှာပါ။ အဲ့ဒါကြောင့်လည်း အခုဖော်ပြပေးခဲ့တဲ့အချက်လေးတွေကို လိုက်ပါဆောင်ရွက်ကြည့်ရင်းနဲ့ နေ့ရက်တိုင်းကို သာယာလှပစွာဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

#HM

#LifestyleMyanmar

Source: goalcast




Some text some message..