ထိပ်ကပ်နာ
healthcare.com.mm
|
2020-09-24


နှာခေါင်းပေါက်နှင့် ဆက်နေသော ဦးခေါင်းခွံမှ အရိုးများ ရောင်ရမ်းခြင်းကို ထိပ်ကပ်နာလို့ ခေါ်ပါတယ်။ ထိပ်ကပ်နာဟာ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနှင့် မှိုရောဂါ ပိုးများ ဝင်ရောက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ဦးခေါင်းခွံ (Skull) မှ အရိုးအခေါင်းပေါက်များမှာ လေနှင့်သာ ပြည့်နေတတ်ပါတယ်။ အရိုးအခေါင်းပေါက် များဟာ နဖူးရဲ့ နောက်၊ နှာခေါင်းရိုးအနောက်၊ ပါးပြင်နှင့် မျက်လုံးနောက်များတွင် ရှိပြီး ပိုးမွှားများ ဘက်တီးရီးယားများ ကင်းစင်နေပါတယ်။ ဒီ အခေါင်းပေါက်တွေကနေ အကျိအချွဲရည်တွေနဲ့ လေတွေ ဖြတ်သန်းစီးဆင်း နေကြပါတယ်။ ရောဂါဖြစ်ပွားပုံ အခေါင်းပေါက်ထဲကို ဖြတ်သန်းစီးဆင်းနေတဲ့ အကျိအချွဲတွေ အရမ်း စေးပျစ်လာ တဲ့အခါ၊ ဒါမှမဟုတ် အရိုးခေါင်းပေါက်တွေ အကြောင်းတခုခုကြောင့် ပိတ်ဆို့နေတဲ့အခါ မျိုးမှာ ဘက်တီးရီးယားတွေ၊ ပိုးမွှားတွေ အလွယ်တကူ ပေါက်ပွားလာကြပါတယ်။ ဒီလိုအခါမျိုးမှာ ထိပ်ကပ်နာ ဖြစ်တတ်ပါတယ်။ ဖြစ်တတ်တဲ့ အခြေအနေတွေ ကတော့- (၁) အခေါင်းပေါက်အတွင်းရှိ အမွှေးနုလေးများက အရည်နှင့် အကျိအချွဲများကို မဖယ်ထုတ်နိုင်တော့လျှင် (၂) အအေးမိခြင်း၊ ဓာတ်မတည့်ခြင်းများ ဖြစ်ပြီး အရည်များ အလွန် စေးပျစ်ကာ ပိတ်ဆို့နေလျှင် (၃) နှာခေါင်းအလယ်ရိုး ပုံမှန်မဟုတ်ဘဲ စောင်းနေခြင်း၊ နှာခေါင်းရိုး အတက်ထွက်ခြင်း၊ နှာခေါင်းတွင်း အလုံးအကျိတ်များဖြစ်လျှင် အရိုးဂလိုဏ် ရောင်ရမ်းခြင်းတွင် အမျိုးအစားနှစ်မျိုး ရှိပါတယ်။ (၁) ရေတို ရောင်ရမ်းခြင်း (Acute sinusitis)- ရောဂါလက္ခဏာများမှာ အများဆုံး လေးပတ်သာ ဖြစ်နိုင်ပါတယ်။ အများဆုံး ဘက်တီးရီးယားပိုး များကြောင့် ဖြစ်နိုင်ပါတယ်။ (၂) နာတာရှည် ရောင်ရမ်းခြင်း (Chronic sinusitis)- ၃လနှင့် အထက်ကြာတတ်ပြီး ဘက်တီးရီးယား သို့ မှိုရောဂါပိုးများကြောင့် ဖြစ်နိုင်ပါတယ်။ အဖြစ်များသူများ - ဓာတ်မတည့်ခြင်း ဖြစ်တတ်သူများ၊ - ရုတ်တရက် မျက်နှာပြင် အနိမ့်အမြင့် အပြောင်းအလဲ ခံရသူများ (ဥပမာ- လေယာဉ်စီးခြင်း၊ ရေငုပ်ခြင်း) - ဆေးလိပ်သောက်တတ်ခြင်း၊ - ကိုယ်ခံအား ကျဆင်းနေသူများ၊ - ကင်ဆာဆေးသွင်းနေရသူများ - Cystic Fibrosis ခေါ် ရောဂါရှိသူများ ရောဂါလက္ခဏာများ - ပါးစပ်မှ အနံ့ဆိုးထွက်ခြင်း - အနံ့မရခြင်း - ချောင်းဆိုးခြင်း - နုံးချိနေတတ်ခြင်း - ဖျားခြင်း - ခေါင်းကိုက်ခြင်း - မျက်လုံးနောက်နား နာကျင်ခြင်း၊ သွားကိုက်ခြင်း၊ မျက်နှာတစ်ဝိုက်နာခြင်း - နှာစေးခြင်း၊ နှာရည်ယိုခြင်း - လည်ချောင်းနာခြင်း လိုအပ်သောစမ်းသပ်စစ်ဆေးမှုများ - နှာခေါင်းတွင်း အလုံးအကျိတ် ရှိ၊ မရှိ စစ်ဆေးခြင်း - အရိုးအခေါင်းပေါက်များကို ရောင်၊ မရောင် မှန်ပြောင်းမှတစ်ဆင့် ကြည့်ခြင်း - ဓာတ်မှန်ရိုက်ခြင်း - ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း - လိုအပ်လျှင် သံလိုက်ဓာတ်မှန်ရိုက်ခြင်း - အခြား သွေးစစ်ခြင်း၊ ဓာတ်တည့်၊ မတည့် စမ်းသပ်မှုများ နှင့် နှာခေါင်းတွင်းမှ အကျိအချွဲယူ၍ စစ်ဆေးခြင်းတို့ကိုလည်း လိုအပ်လျှင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ကုသမှု မိမိကိုယ်တိုင် ပြုလုပ်နိုင်သည်များ - အရည် များများ သောက်ပါ။ - ရေနွေးစွတ်ထားသော အဝတ်ခပ်စိုစိုနှင့် မျက်နှာကို အုပ်ထားပေးပါ။ - တစ်နေ့ကို နှစ်ကြိမ်၊ သုံးကြိမ်ခန့် ရေနွေးငွေ့ ရှူပေးပါ။ - နှာခေါင်းကို နှာခေါင်းဆေးသည့် အရည် (Nasal Saline) နှင့် ဖြန်းပေးပါ။ - လေထုစိုစွတ်အောင် ထိန်းပေးသည့် humidifier စက်ကို အခန်းထဲမှာ ထားပါ။ - နှာခေါင်းတွင်း အညစ်အကြေးများကို neti pot သုံးပြီး ဆေးပေးပါ။ ရေတိုထိပ်ကပ်နာ အများစုမှာ မိမိကိုယ်တိုင် ပြုလုပ်၍ရသော နည်းလမ်းများနှင့် သက်သာလေ့ရှိပါတယ်။ ဆရာဝန်ညွှန်ကြားနိုင်သော အခြားနည်းလမ်းများမှာ - နှာခေါင်းအစက်ချ စတီးရွိုက်များ သုံးခြင်း - နှာခေါင်းတွင်း အရည်များပိတ်ဆို့ခြင်းကို သက်သာစေသော ဖျန်းဆေးများ (မိမိသဘောနှင့်မိမိ ရက်အကြာကြီး အသုံးပြုတာမျိုး မလုပ်ရပါ။ ၃-၅ရက်ကျော်လာအောင် စွဲပြီး သုံးလျှင် နှာခေါင်းပိတ်ခြင်းကို ပိုဆိုးစေပြီး ထိပ်ကပ်နာ ပိုဆိုးတတ်ပါတယ်။) - အကိုက်အခဲ ပျောက်ဆေးများ သုံးခြင်း - ပိုးသတ်ဆေးများ ပေးခြင်း (ပိုးသတ်ဆေးများကို ရောဂါပြင်းထန်ခြင်း၊ မကြာခဏ ဖြစ်ခြင်း၊ ကြာရှည်စွာ ဖြစ်နေခြင်းတို့မှာသာ လိုအပ်လေ့ ရှိပါတယ်။ ပိုးသတ်ဆေးသောက်လျှင် ဆရာဝန်ညွှန်ကြားချက်အတိုင်း ရက်ပြည့်အောင် သောက်ရန် အရေးကြီးပါတယ်။ ရက်မပြည့်ဘဲ ရပ်လိုက်လျှင် ရောဂါလက္ခဏာများ ပြန်ပေါ်လာနိုင်လို့ပါ။) - မှိုသတ်ဆေးများ - ကိုယ်ခံအားတက်အောင် ပြုလုပ်ခြင်း - နာတာရှည် ထိပ်ကပ်နာရောဂါတွင် ရောဂါမသက်သာလျှင် အရိုးခေါင်းပေါက်များအတွင်း မှန်ပြောင်းဖြင့်ကြည့်ပြီး ပိုက်ပျော့သွင်းကာ အကျိအချွဲအရည်များကို စုပ်ထုတ်သည့် ခွဲစိတ်မှုကိုလည်း ပြုလုပ်နိုင်ပါတယ်။ - နှာခေါင်းတွင်း အလုံးအကျိတ်များရှိနေလျှင်လည်း အကျိတ်ကို ဖယ်ထုတ်ရမှာပါ။ ရှောင်ကြဉ်ရန် - ထိပ်ကပ်နာ ဖြစ်နေချိန်တွင် လေယာဉ် စီးခြင်း၊ - ပူလွန်းခြင်း၊ အေးလွန်းခြင်း၊ - ရုတ်တရက် အပူချိန် အပြောင်းအလဲ ဖြစ်ခြင်းများ၊ - ရှေ့သို့ကိုင်းညွတ်ပြီး ခေါင်းကို ငိုက်စိုက်ခြင်းများကို ရှောင်ပါ။ နောက်ဆက်တွဲ ဆိုးကျိုးများ - ပြည်တည်ခြင်း - အရိုးထဲထိ ပိုးဝင်ခြင်း - ဦးနှောက်အမြှေးရောင်ခြင်း - မျက်လုံးတစ်ဝိုက် အရေပြား ပိုးဝင်ခြင်း ကာကွယ်ရန်နည်းလမ်းများ - ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။ - ညစ်ညမ်းသော ပတ်ဝန်းကျင်ကို တတ်နိုင်သလောက်ရှောင်ပါ။ - ကိုယ်ခံအား ကောင်းလာအောင် အသီးအနှံနှင့် အရွက်များများ စားပါ။ - လုံလောက်သော အရည်ဓာတ်ရရှိအောင် ရေများများသောက်ပေးပါ။ - ကာကွယ်ဆေးပုံမှန်ထိုးပါ။ - စိတ်ဖိစီးမှုကို လျှော့ချပါ။ - လက်ကို စင်ကြယ်စွာဆေးပါ။(အထူးသဖြင့် လက်ဆွဲနှုတ်ဆက်ပြီးလျှင် လက်ဆေးရန် မမေ့ပါနှင့်) Credit : Dr.Myat Noeသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..