သန်ပြားကောင်ရောဂါကပေးတဲ့ သောက
mmtimes.com
|
2018-09-27

Biomphalaria မျိုးရင်း ဒေသအခေါ် ယားခရုကို တွေ့ရစဉ်။အောင်ဖေကြည်စိုး/မြန်မာတိုင်း(မ်)

ဘူးသီးတောင်၊ မောင်တောကနေအလုပ်ကိစ္စနဲ့ခရီးထွက်ပြီးပြန်ရောက်လာတဲ့ ဦးထွန်းလှိုင်ဟာ နှစ်ရက်လောက်အကြာမှာတော့အပြင်းအထန် စဖျားပါတယ်။

နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ခေါင်းကိုက်တာ၊ ဖျားနာတာတင်မဟုတ်တော့ဘဲ သူ့ရဲ့ခန္ဓာကိုယ်အရေပြားပေါ်မှာအနီကွက်နဲ့အဖုအပိမ့်တွေပါ ထပ်ထွက်လာတာကြောင့် မချိမဆံ့ ယားယံတာတွေကိုပါ သူခံစားလာရပါတယ်။အရေပြားဓာတ်မတည့်တဲ့ရောဂါတစ်ခုခုကိုခံစားနေတယ်လို့ ယူဆတာကြောင့် စစ်တွေ ဆေးရုံကြီးကအရေပြားအထူးကုဆရာဝန်ကြီးဆီမှာ ဆေးကုသမှုခံယူခဲ့ပါတယ်။ ဆရာဝန်ကြီးက သူခံစားနေရတဲ့ဝေဒနာကို သက်သာစေဖို့အရေပြားနဲ့ဆိုင်တဲ့ လိမ်းဆေးတွေ သူ့ကို ပေးခဲ့ပါတယ်။ ဒါပေမဲ့ သုံးရက်လွန်မြောက်ခဲ့တဲ့တိုင်အောင် ရောဂါက မသက်သာခဲ့ပါဘူး။

ဒါကြောင့်အရေပြားအထူးကုဆရာဝန်ကြီးက သူ့ကို ရေချိုခရုကနေတစ်ဆင့်ကူးစက်တဲ့ သန်ပြားကောင်ရောဂါ ရှစ္စတိုဆိုမီယားစစ် (Schistosomiasis) ကူးစက်ခံရတာ ရှိ/မရှိ သိရအောင် ဓာတ်ခွဲစစ်ဆေးခိုင်းခဲ့ပါတယ်။ ဆေးစစ်ချက်အဖြေထွက်လာတဲ့အချိန်မှာတော့ သူဒီရောဂါပိုးကူးစက်ခံနေရတယ်လို့ သိရှိခဲ့ပါတယ်။

"ကျွန်တော်က မြောင်ခရုသုပ်ကိုအရမ်းကို ကြိုက်တာ၊ ခရုကိုချက်မစားဘဲအစိမ်းသုပ်စားတယ်။အဲဒါကြောင့် ဖြစ်ရတယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ နာရေးကူညီမှုအသင်း -(စစ်တွေ)ရဲ့အတွင်းရေးမှူးဖြစ်သူ ဦးထွန်းလှိုင်က ရှစ္စတိုဆိုမီယားစစ်ရောဂါကူးစက်ခံရလို့ ကုသပျောက်ကင်းတဲ့ရက်ပေါင်း ၃၀အကြာ စက်တင်ဘာ ၂၀ ရက်မှာ မြန်မာတိုင်း(မ်)ကို ပြန်ပြောပြပါတယ်။

"ဘူးသီးတောင်မှာရောက်နေတုန်းအလုပ်ပြီးလို့နားတဲ့အချိန်အဲဒီနားကမြောင်မှာ ရေချိုးခဲ့သေးတယ်။အဲဒီထဲက ခရုငယ်လေးတွေရဲ့ ထိတွေ့မှုကလည်း ရောဂါပိုးဝင်သွားနိုင်မယ်ထင်တယ်"လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ ရေချိုခရုကနေတစ်ဆင့် ကူးစက်တဲ့ သန်ပြားကောင်ရောဂါ ဖြစ်ပွားမှုကို ၂၀၁၃ က စတင်သတိထားမိခဲ့ရာမှ နောက်ပိုင်းနှစ်တွေမှာ လူတွေအစုလိုက်အပြုံလိုက် ကူးစက်ခံရတာတွေရှိလာတဲ့အတွက် နှစ်တိုင်းသတိထားဖို့ လိုအပ်လာပြီလို့ ကျန်းမာရေးပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

"တစ်နိုင်ငံလုံးက ရောဂါပိုးရှိတဲ့ခရုတွေရှိတဲ့နေရာမှာ ကူးစက်ခံရပြီးရောဂါဖြစ်နိုင်တယ်။ ဒီရောဂါဖြစ်စေတဲ့ ခရုက နေရာတကာမှာရှိတယ်။ ဒီရောဂါက ပျံ့နှံ့တာလွယ်ပေမဲ့ ကုသရတာလည်းလွယ်ပါတယ်။အခုနှစ်တိုင်းကြုံတွေ့လာနိုင်လို့ သတိထားဖို့လိုအပ်ပါပြီ"လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအငြိမ်းစားညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်လွင်က သတိပေးပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ကအင်းလေးကန်၊ ပဲခူးတိုင်းဒေသကြီးက ရွှေကျင်မြို့နဲ့ ရန်ကုန်တိုင်းဒေသကြီးတွေမှာ ရှစ္စတိုဆိုမီယားစစ်ရောဂါကူးစက်ခံရတဲ့လူနာအနည်းငယ်သာရှိနေကြောင်းနဲ့ ရခိုင်ပြည်နယ်မှာတော့ ရောဂါဖြစ်နေတဲ့သူတွေအများအပြားရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (သဘာဝဘေး) ဒုတိယညွှန်ကြားရေမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးမှာ ရှစ္စတိုဆိုမီယားစစ်ရောဂါဖြစ်ပွားတဲ့ လူနာဦးရေကိုတော့ဝန်ကြီးဌာနက ထုတ်ပြန်ထားတာမရှိသေးပါဘူး။


ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်မှာရှိတဲ့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲကတော့ ရှစ္စတိုဆိုမီယားစစ်ရောဂါ (သို့မဟုတ်) Snail Fever ရောဂါဆိုတာ သန်ပြားကောင်တစ်မျိုးဖြစ်တဲ့ Schistosoma မျိုးစိတ်က ဖြစ်ပွားတဲ့ရောဂါဖြစ်ပြီး ဒီရောဂါပိုးကို ခရုတွေက သယ်ဆောင်လာတယ်လို့အတည်ပြုထားပါတယ်။


ရောဂါပိုးကူးစက်ခံတဲ့ခရုပေါက်ပွားမှုများတဲ့ ရေချိုရေကန်တွေ၊ လယ်ကွင်းတွေ၊ စမ်းချောင်းတွေ၊ ဆည်ရေတမံ၊ ရေလှောင်ကန်တွေနဲ့ ရေလှောင်တမံတွေရှိတဲ့ ဒေသတွေမှာ ရောဂါအဖြစ်များနိုင်မယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပြည်သူတွေကိုအသိပေးထားပါတယ်။ ဒါ့ပြင် Lissachatina fulica, Oncomelania နဲ့ Biomphalaria စတဲ့ ခရုသုံးမျိုးဟာ ရှစ္စတိုဆိုမီယားစစ်ရောဂါဖြစ်စေတဲ့ သန်ပြားကောင်မျိုးစိတ်ကိုအဓိကသယ်ဆောင်ထားတာဖြစ်တယ်လို့ ဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

သြဂုတ် ၂၀ ရက်အထိ ရခိုင်ပြည်နယ်ထဲကမြို့နယ်တွေမှာ သန်ပြားကောင်ရောဂါ သံသယဖြစ်ဖွယ်လူနာတွေရဲ့ သွေးရည်ကြည်ကို ELISA နည်းပညာနဲ့ ဓာတ်ခွဲစမ်းသပ်တဲ့အခါ လူ ၈၂၈ ဦးမှာ ရောဂါကူးစက်ခံရတဲ့လူနာ ၄၂၈ ဦး ရှိနေတယ်လို့ ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။ စစ်တွေဆေးရုံကြီးက တာဝန်ရှိသူတစ်ဦးကတော့ လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ ရှစ္စတိုဆိုမီယားစစ်ရောဂါကြောင့် ဆေးရုံကြီးမှာလာရောက်ပြသတဲ့လူနာတွေ ရှိနေဆဲဖြစ်တယ်လို့အတည်ပြုခဲ့ပါတယ်။

"မြို့နယ်အကုန်လုံးမှာ စစ်ရင်တော့ တွေ့နိုင်ပါတယ်။ တချို့မြို့နယ်တွေမှာ မတွေ့တာက မစစ်လို့ပါ။ စစ်တွေဆေးရုံကြီးကိုလာတဲ့ သံသယဖြစ်နိုင်မယ့် လူနာတွေအကုန်လုံးကိုတော့ ကျွန်တော်တို့စစ်ခိုင်းပါတယ်" လို့ ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဖြစ်တဲ့ ညွှန်ကြားရေးမှူးဒေါက်တာကြည်လွင်က ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၇ ခုအနက်က ပေါက်တောမြို့နယ်ဟာ ရှစ္စတိုဆိုမီယားစစ်ရောဂါဖြစ်တဲ့သူ ၃၀ ကျော်နဲ့ တစ်ပြည်နယ်လုံးရဲ့အဖြစ်အများဆုံးဖြစ်နေတယ်လို့ ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကအတည်ပြုပေးခဲ့ပါတယ်။ ရောဂါဖြစ်ပွားမှုများတဲ့ လူနာတွေဟာအသက် ၁၅ နှစ်အောက် ကလေးငယ်တွေဖြစ်ပြီး ရေနဲ့အထိအတွေ့ရှိတဲ့နေရာတွေကလို့ ဌာနက ဆိုပါတယ်။

ရခိုင်ပြည်နယ်က ရှစ္စတိုဆိုမီယားစစ်ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ဓာတ်ခွဲစစ်ဆေးနိုင်မှုအခြေအနေ၊ ရောဂါဖြစ်ပွားတဲ့လူနာတွေနေထိုင်တဲ့ ပတ်ဝန်းကျင်အနေအထားနဲ့ ရောဂါပိုးသယ်ဆောင်တဲ့ ခရုအမျိုးအစားကို ရှာဖွေစုံစမ်းနိုင်ဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရုံးချုပ်ကအရာရှိ တစ်ဦးခေါင်းဆောင်တဲ့ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဟာ သြဂုတ် ၂၈ ကနေ ၃၀ ရက်အတွင်းရခိုင်ပြည်နယ်ကိုသွားရောက်လေ့လာခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာနက ရေချိုခရုတွေထဲကထွက်တဲ့ ကပ်ပါးကောင်သားလောင်း (Cercariae) တွေရဲ့ မျိုးဗီဇဆိုင်ရာမျိုးခွဲခြင်းနဲ့ပတ်သက်လို့ ပါရဂူဘွဲ့လွန်သင်တန်းတက်ရောက်နေတဲ့ လက်ထောက်ကထိက ဒေါ်နဲမ်ရှမ်းမန်ကလည်းအဲဒီကွင်းဆင်းလေ့လာတဲ့အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။

သြဂုတ် ၂၉ ရက်မှာတော့ သူပါတဲ့ကွင်းဆင်းစစ်ဆေးတဲ့အဖွဲ့ဟာ မြောက်ဦးမြို့ထဲက ဘုရားပေါ်၊ လက်ကောက်ဈေး၊ ဘူးရွက်မညိုး၊ ရှောက်ပုံကျွန်း (ခရုပဲကောက်) စတဲ့ ရပ်ကွက်လေးခုနဲ့လက်ဆည်ကန်ကို သွားရောက်ခဲ့ပါတယ်။ ပြီးတော့သူတို့အဖွဲ့ဟာ မြောက်ဦးရပ်ကွက်တွေထဲက ရှစ္စတိုဆိုမီယားစစ်ရောဂါ ကူးစက်ခံခဲ့ရတဲ့ လူနာတွေရဲ့နေအိမ်တွေနဲ့ သူတို့အိမ်အနီးအနားက ရေကန်တွေ၊ မြောင်းတွေက ခရုတွေကို လေ့လာခဲ့ပြီး ခရုအမျိုးအစား ငါးမျိုးရဲ့နမူနာတွေကို ကောက်ယူစုဆောင်းပြီး ရန်ကုန်ကို ယူဆောင်ခဲ့ပါတယ်။

ရန်ကုန်ရောက်လို့ စုဆောင်းယူဆောင်ခဲ့တဲ့ ခရုတွေထဲက ကပ်ပါးကောင်တွေရဲ့ ပြင်ပသွင်ပြင်ကိုအဏုကြည့်မှန်ပြောင်းအောက်မှာ လေ့လာလိုက်တဲ့အခါမှာတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ရှစ္စတိုဆိုမီယားစစ်ရောဂါဖြစ်စေမယ့် ကပ်ပါးကောင်သယ်ဆောင်ထားတယ်လို့ ထုတ်ပြန်ထားတဲ့ ခရုမျိုးစိတ်သုံးခုထဲက တစ်ခုနဲ့တူနေတာကိုတွေ့ရတယ်လို့ ဒေါ်နဲမ်ရှမ်းမန်က ဆိုပါတယ်။အဲဒီခရုမျိုးအုပ်စုကတော့ ဘိုင်အိုဖလေးရီးယား (Biomphalaria) မျိုးရင်း၊ ယားခရု(ဒေသအခေါ်) ဖြစ်ပါတယ်။

"အဲဒီလိုခရုကရေထဲမှာရှိပြီး သူ့ဆီကနေ ကပ်ပါးကောင်သားလောင်း (Cercariae) ထွက်ရင် လူကိုကူးနိုင်ပြီး သန်ကောင်ကအရေပြားကို ဖောက်ပြီး ဝင်နိုင်ပါတယ်။ ဒီခရုကရေမှာနေတဲ့ Water Snail ဖြစ်ပြီး ရေထဲကအပင်လေးတွေမှာ တွယ်ကပ်နေတတ်ပါတယ်"လို့ သူက ရှင်းပြပါတယ်။


ရောဂါပိုးသယ်ဆောင်ထားတဲ့ ခရုထဲက ကပ်ပါးကောင်သားလောင်းတွေရှိတဲ့ ရေထဲကို လူနာတွေကရောက်လို့ ကူးစက်ခံရတာဖြစ်ပြီး ကလေးတွေ ကန်ထဲမှာဆော့နေတဲ့အချိန်နဲ့ ကပ်ပါးကောင်သားလောင်း ထွက်နေတဲ့အချိန်နဲ့ တိုက်ဆိုင်ရင် ကူးစက်နိုင်ပါတယ်လို့ ဒေါ်နဲမ်ရှမ်းမန်က ပြောပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကတော့ လူ၊ ကျွဲ၊ နွားတို့ရဲ့ ဆီးနဲ့ မစင်ကနေတစ်ဆင့်ပါလာတဲ့ Schistosoma မျိုးစိတ်တွေရဲ့ ဥတွေဟာ ရေချိုရေကန်၊ စမ်းချောင်းနဲ့ ရေလှောင်တမံထဲကို ရောက်ရှိလာပြီးတဲ့နောက်အဲဒီဥကနေပေါက်လာတဲ့ ဥပေါက်သားကောင်လေးတွေဟာ ခရုရဲ့ကိုယ်ထဲကို ဖောက်ဝင်တွယ်ကပ်ပြီး သားလောင်းအဆင့်ကို ကူးပြောင်းလာတယ်လို့ ဆိုထားပါတယ်။

ဒီလို ကူးစက်ခံရတဲ့ခရုတွေကနေ စွန့်ထုတ်လိုက်တဲ့ သားလောင်းလေးတွေဟာ ရေထဲမှာ ရှိနေတဲ့အခါ လူရဲ့အရေပြားကို တိုက်ရိုက်ထိတွေ့မှုကနေတစ်ဆင့် ရှစ္စတိုဆိုမီယားစစ်ရောဂါကူးစက်စေပါတယ်လို့ ဝန်ကြီးဌာနကအသိပေးထားပါတယ်။ ယခုနှစ်ကစတင်ပြီး ရခိုင်ပြည်နယ်မှာ ရှစ္စတိုဆိုမီယားစစ်ရောဂါကူးစက်ခံရတဲ့လူများပြားလာတာကြောင့် WHO က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို ကူးစက်ခံရရင်အသုံးပြုနိုင်ဖို့ ပရာဇီကွမ်တဲ သောက်ဆေးပြား (Praziquantel Dose) တစ်သောင်းခွဲလောက်ကို ထောက်ပံ့ပေးထားပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်ကို ဆေးပြားပေါင်း ငါးထောင် ဖြန့်ဝေထားပြီး လူနာတစ်ယောက်အနေနဲ့ ရောဂါဖြစ်ရင် တစ်ရက်ပဲဆေးသောက်ရတယ်လို့ သိရပါတယ်။ လက်ရှိရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၇ ခုမှာ ရောဂါဖြစ်ပွားမှု ကျဆင်းပြီး ယင်လုံအိမ်သာသုံးစွဲမှုမြင့်တက်လာအောင် မိဘတွေဆီပြန်သတင်းစကားရောက်စေရေးကို ရည်ရွယ်လျက်ကျောင်းသားကျောင်းသူတွေကိုပစ်မှတ်ထားပြီးတော့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူတွေက ပညာပေးစည်းရုံးမှုတွေ လုပ်နေကြပါတယ်။

"အဓိကကတော့ ပြည်သူတွေကိုအသိပညာပေးရမယ်၊ ကွင်းဆင်းပြီးတော့ ရောဂါဖြစ်ပွားမှုကို လေ့လာရပါမယ်။ ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ယင်လုံအိမ်သာ ဆောက်လုပ်ရေးတို့ကို ပြည်သူတွေအနေနဲ့အလေးထားဆောင်ရွက်သင့်ပါတယ်" လို့ ဒေါက်တာသန်းထွန်းအောင်ကအကြံပြုပါတယ်။

ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ယင်လုံအိမ်သာသုံးစွဲမှုကိုမြှင့်တင်ဖို့နဲ့ ကျွဲတွေ၊ နွားတွေရဲ့ မစင်ထဲက ဥတွေက ရေထဲကနေတစ်ဆင့် လူတွေကို ရှစ္စတိုဆိုမီယားစစ်ရောဂါကူးစက်နိုင်တာကြောင့် ရေတွင်း၊ ရေကန်တွေကို ကျွဲ၊ နွားတွေဝင်လို့ မရအောင် ခြံစည်းရိုးခတ်ထားသင့်တယ်လို့ ဒေါက်တာကြည်လွင်က မှတ်ချက်ပေးပါတယ်။




Some text some message..