
ဒီနေ့ခေတ်မှာ Mobile ဖုန်းတွေဟာ ကိုယ်နဲ့အတူ သွားလေရာယူဆောင်သွားနိုင်ပြီး အမြဲမပြတ်ထိတွေ့နေရတဲ့ လူမှူဘဝရဲ့ မရှိမဖြစ်အသုံးဝင်ပစ္စည်းတွေဖြစ်လာတယ်ဆိုတဲ့အချက်ကို အားလုံးလက်ခံထားပြီးသားဖြစ်ပါတယ်။ ဘယ်အရာမှာမဆို အကောင်းရောအဆိုးပါဒွန်တွဲနေသလို ဖုန်းအသုံးပြုခြင်းကြောင့်လည်း ကောင်းကျိုးများစွာအပြင် ဆိုးကျိုးတချို့ကိုပါ ရရှိကြုံတွေ့လာနိုင်တဲ့အချက်ကိုတော့ ဖုန်းအသုံးပြုသူတိုင်း သတိချပ်သင့်ပါတယ်။ ဖုန်းကို လိုတာထက်ပိုပြီး နေ့မအိပ်ညမအိပ် အလွန်အကျွံသုံးစွဲနေမိတဲ့အခါမှာ ဘယ်လိုဆိုးကျိုးတွေတွေ့ကြုံခံစားလာရနိုင်ပြီး အဲဒီလိုမဖြစ်အောင် ဘာတွေရှောင်ကြဉ်ရမလဲဆိုတာကို သိရှိစေဖို့အတွက် ဖုန်းအသုံးလွန်ခြင်းရဲ့ ဆိုးကျိုးလေးတွေကို လက်လှမ်းမီသလောက် စုစည်းဖော်ပြပေးလိုက်ပါတယ်။
(၁)ဇက်ကြောတက်ခြင်း
ဖုန်းကို အချိန်ကြာကြာငုံ့ကြည့်နေမိတဲ့အခါမှာ ကိုယ်တိုင်က ဖုန်းထဲအာရုံရောက်နေလို့မသိသာပေမယ့် ကိုယ့်ရဲ့လည်ပင်းရိုးကတော့ အချိန်အတိုင်းအတာတစ်ခုထိ Pressure တစ်ခုဖိထားသလို ဖြစ်နေစေတာကြောင့် ကြာလာတဲ့အခါမှာ ဇက်ကြောတက်ခြင်းဝေဒနာကို စွဲမြဲစွာခံစားရစေနိုင်ပါတယ်။ ဒီဝေဒနာတွေခံစားလာရပြီဆိုရင်တော့ ဖုန်းသုံးတာကိုလျှော့ချပြီး ဇက်ကြောတစ်ဝိုက်ရေခဲကပ်ပေးခြင်း ၊ဒဏ်ကြေဆေးလိမ်းနှိပ်နယ်ခြင်း၊ ဦးခေါင်းလေ့ကျင့်ခန်းပြုလုပ်ပေးခြင်းတို့နဲ့ သက်သာအောင်ကုသနိုင်ပါတယ်။
(၂)အဆီစုမိခြင်း
ဖုန်းကထွက်တဲ့ Blue Light ကအိပ်စက်ခြင်းကို အနှောင့်အယှက်ပေးပြီး ညအိပ်မပျော်စေဘူးဆိုတဲ့အချက်လောက်ပဲသိထားတယ်ဆိုရင်တော့ နောက်ထပ် ဒီအချက်လေးကိုပါထပ်ဖြည့်ဖို့လိုအပ်ပါပြီ။Blue light ဟာ ခန္ဓာကိုယ်ထဲက အဆီစုစေတဲ့ဓာတ်ပစ္စည်းတွေကိုတိုက်ဖျက်ပေးတဲ့ဟော်မုန်းတွေကိုလည်းလျော့ကျစေတယ်လို့ စပိန်နိုင်ငံ Granada တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်တဲ့။ ဒါကြောင့် ညမအိပ်ပဲ ဖုန်းအသုံးများခြင်းက ခန္ဓာကိုယ်ကိုအဆီတက်စေမယ့်အကြောင်းရင်းတွေထဲကတစ်ချက်ပါပဲ။
(၃) လက်မ နာကျင်မှု
ဖုန်းအသုံးပြုကြတဲ့ သက်တမ်းကြာမြင့်လာလေလေ ကိုယ့်ရဲ့လက်မထိပ်လေးတွေနဲ့ လက်မအဆစ်တွေမှာ နာကျင်မှုတစ်ခုကိုခံစားလာရလေလေဆိုတာ အားလုံးသတိထားမိကြပါလိမ့်မယ်။ ဒါဟာ ဇက်ကြောတက်ခြင်းဝေဒနာလိုပဲ အချိန်ကြာမြင့်စွာဖုန်းသုံးစွဲမှူကြောင့် ရရှိလာနိုင်တဲ့ texting thumb လို့ခေါ်တဲ့ ဝေဒနာတစ်မျိုးပါပဲ။ဒါပေမဲ့ ဒီဝေဒနာကတော့ ဖုန်းမသုံးပဲကြာကြာအနားပေးခြင်းဖြင့် အမြန်ပြန်လည်ပျောက်ကင်းနိုင်ပါတယ်။
(၄)မတော်တဆမှူ
အမေရိကန်ပြည်ထောင်စုရဲ့ 27ရာခိုင်နှုန်းသော ကား Accident တွေဟာ ကားမောင်းရင်းဖုန်းသုံးခြင်းကြောင့်ဖြစ်ရတာပါတဲ့။နောက်ပြီး ဖုန်းသုံးရင်း ၊ဖုန်းပြောရင်းလမ်းလျှောက်တာတွေကြောင့်လည်း ဒီလိုမတော်တဆမှူတွေနဲ့ကြုံနိုင်ပါသေးတယ်။ဒါကြောင့်မို့ ကားမောင်းရင်းပဲဖြစ်ဖြစ် လမ်းသွားနေရင်းပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး ဖုန်းမသုံးတာက အကောင်းဆုံးပါပဲ။
(၅)တစ်ဖက်ကန်းခြင်း
ညဘက် ဘေးတစ်ခြမ်းစောင်းအိပ်ပြီးဖုန်းသုံးမိခြင်းမျိုးက လူကိုလည်း အိပ်မပျော်စေသလို ညအမှောင်ထဲမှာ မျက်လုံးတစ်ဖက်တည်းနဲ့ဖုန်းကိုကြည့်နေမိခြင်းကြောင့် ကာလတို အမြင်တစ်ဖက်မှုန်ဝါးခြင်းမျိုးကိုလည်း မတော်တဆကြုံတွေ့ရနိုင်ပါတယ်တဲ့။ ဒီလိုမဖြစ်စေဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဖုန်းကို အိပ်ရာထဲယူမသွားမိဖို့ပါပဲ။
(၆) စိတ်ကျရောဂါ
ဖုန်းစွဲသူတချို့တွေမှာ ကိုယ့်ရဲ့ပြင်ပလောကထက် Social Media ပေါ်ကဖြစ်တည်မှူတွေကိုပိုအလေးထားတတ်ကြပြီး ကိုယ်ကတစ်စုံတစ်ယောက်ဆီပို့လိုက်တဲ့ စာတွေကိုအကြောင်းမပြန်လာတဲ့အခါ ၊ကိုယ့်ပုံတွေ စာတွေအပေါ် လူတွေရဲ့စိတ်ဝင်စားမှူနည်းလာတဲ့အခါမျိုးတွေမှာ ကိုယ့်စိတ်က မသိမသာ စိတ်ဓာတ်ကျလာတာမျိုး အားငယ်တာမျိုးနဲ့ ကြုံရတတ်ပြီး နောက်ဆုံးမှာတော့ စိတ်ကျခြင်းဝေဒနာတွေကိုပါ ခံစားလာရနိုင်ပါတယ်။
(၇) သေကြောင်းကြံစည်ခြင်း
တစ်နေ့ကို ဖုန်းငါးနာရီထက်ကျော်အောင်အသုံးပြုတဲ့ ဆယ်ကျော်သက်လူငယ်တွေရဲ့ 48 ရာခိုင်နှုန်းဟာ ဘေးပယောဂအမျိုးမျိုးနဲ့ Cyberbullying တွေကြောင့် ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်တာမျိုးအထိဖြစ်နိုင်တဲ့အလားအလာဆီကို မတော်တဆရောက်ရှိသွားတတ်ပါတယ်တဲ့။ ဒါကြောင့် ဖုန်းသုံးချိန်ကို limit တစ်ခုသတ်မှတ်ပြီး စည်းကမ်းနဲ့သုံးရင်သုံး မသုံးနိုင်ရင်ကိုယ့်စိတ်ကို လမ်းကြောင်းမလွဲအောင်ထိန်းချုပ်နိုင်တဲ့သူဖြစ်ဖို့ကြိုးစားရပါမယ်။
(၈)အာရုံစူးစိုက်မှူ
ဖုန်းအသုံးများခြင်းကြောင့် မျက်ရိုးကိုက်မျက်လုံးအောင့်ဝေဒနာမျိုးသာမက အာရုံကြောအားနည်းတဲ့ ဝေဒနာတစ်မျိုးကိုလည်းခံစားလာရနိုင်ပါတယ်။ ဖုန်းကိုလိုတာထက်ပိုပြီးစွဲလန်းစွာအသုံးပြုနေမိသူတွေအနေနဲ့ အကြောင်းအရာတစ်စုံတစ်ခုပေါ်မှာ အချိန်ကြာကြာအာရုံစိုက်နိုင်တာမျိုးမရှိတော့ပဲ အာရုံပြန့်လွင့်လွယ်တာမျိုးနဲ့ အာရုံစူးစိုက်မှူအားနည်းလာတာမျိုးတွေကို မဖြစ်မနေကြုံလာရနိုင်ပါတယ်။
Photo Credit to the Rightful Owners