ဘဝဆိုတာတိုက်ပွဲတဲ့ ။အသက်ရှင်ဖြစ်တည်မှု ကာလအတွင်း ရုန်းကန်လှုပ်ရှား တည်ဆောက်ဖြတ်သန်းရခြင်းအခိုက်အတန့်ကို ဆိုလိုတဲ့အဓိပ္ပာယ်ပါပဲ။ ဘဝထဲရှိနေတဲ့ လူ့အဖြစ်ဟာ နေ့စဉ် ဖြစ်ခြင်းပျက်ခြင်းနှင့်အတူ တိုက်ပွဲဝင်နေရခြင်းပေါ့။ ဘယ်လိုတိုက်ပွဲဝင်မှုမျိုးလဲလို့ ဆိုတဲ့အခါအပ်ပေါက်လေးထဲအပ်ချည်ကြိုးလေးဝင်အောင် ထိုးသွင်းရတာကအစ ဟိုးခရီးအဝေးကြီးကို တစ်ယောက်ထဲသွားဖို့ ထုတ်ပိုးပြင်ဆင်ရတာထိအဆုံးအရာရာပဲပေါ့။
ဒီလိုတိုက်ပွဲလို့ဆိုရာ ဘဝထဲဖြတ်သန်းတဲ့အခါ ကိုယ်က ထိုးစိုက်နိုင်တဲ့အချွန်အတက်တွေရှိသလို ကိုယ့်ကိုစူးလာတဲ့အချွန်အတက်တွေလည်းရှိပါတယ်။ ဒါက လောကဓံဆိုတဲ့အဆိုးအကောင်းအပြောင်းအလဲ တရားပေါ့။ ထိုအကောင်းအဆိုးအပြောင်းအလဲတရားကို ရင်ဆိုင်နိုင်တဲ့အကြီးမားဆုံး ခံတပ်ကတော့ စိတ်ဓာတ်ခွန်အားပါပဲ။ ထိုစိတ်ဓာတ်ခွန်အားရဲ့အတိမ်အနက်ကို စာရေးသူ ငြိမ်းအိအိထွေးရဲ့ ''ချစ်ရပါသောအိုမန်နီ'' စာအုပ်ကအပြည့်အဝ ခံစားသက်ဝင်မှုရစေတာအမှန်ပါပဲ။
ယခုနှစ် သြဂုတ်လထဲတွင် ဧပြီဦးစာအုပ်ထုတ်ဝေဖြန့်ချိရေးက ငြိမ်းအိအိထွေးရေးသားတဲ့ 'ချစ်ရပါသောအိုမန်နီ' စာအုပ်ကို ထုတ်ဝေဖြန့်ချိပါတယ်။အလုပ်တာဝန်နဲ့ ပြည်ပခရီးတစ်ခုသွားပြီးနောက်အပြန်လေယာဉ်ပေါ်မှာ မထင်မှတ်ဘဲ ကလေးမီးဖွားတဲ့အကြောင်းကစလို့အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတစ်ခုဖြစ်တဲ့အိုမန်နိုင်ငံရဲ့ ဆေးရုံပေါ်က နေ့ရက်တွေအကြောင်းကို ရေးသားတင်ပြထားတဲ့စာအုပ်ဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို စိတ်ထဲဖြစ်ပေါ်လာတဲ့အတိုင်း မလိမ်မညာဘဲအရိုးရှင်းဆုံးရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။
ပြန်စဉ်းစားတိုင်းအိပ်မပျော်ဖြစ်ရ ၊ နာကျင် မျက်ရည်ဝဲရ၊ ခြေဖျားလက်ဖျားတွေအေးတဲ့ထိ ခံစားရင်နင့်ရတဲ့ ရင်ထဲစူးနေတဲ့ ဆူးတစ်ချောင်းကို ဖောက်ထုတ်ပစ်နိုင်ဖို့ '' ချစ်ရပါသောအိုမန်နီ' ကိုရေးသားခဲ့တယ်လို့ စာရေးသူက ဆိုထားပါတယ်။
''ဦးခေါင်းတစ်ခုလုံးကိုအဖုံးစွပ်တစ်ခုနဲ့ ဖုံး ၊ မျက်လုံးနေရာမှာ မျက်လုံးပိတ်၊ ပြီးတော့အောက်ဆီဂျင်ပိုက်အကြီးကြီးတစ်ခုကို နှာခေါင်းပေါက်မှာတပ်ထားပြီး ပါးနှစ်ဖက်မှာ မရွေ့အောင် ဖော့တုံးတွေ ညှပ်ခံထားပြီး တိပ်တွေနဲ့ ကပ်ထားတဲ့ ညိုပုပ်ပုပ်မျက်နှာသေးသေးလေး ။ နီရဲသေးငယ်ပြီး ရှည်မျောမျော ခန္ဓာကိုယ်လေးမှာ လက်နှစ်ဖက်လုံးအပ်တွေနဲ့ပိုက်တွေ၊ ရင်ဘတ်နှစ်ဖက်စလုံးမှာလည်း နှလုံးခုန်နှုန်းတိုင်းနေတဲ့ စက်သေးသေးလေးတွေနဲ့ ကြိုးတွေ၊ ပါးစပ်ထဲမှာ ပိုက်တန်းလန်း၊ ခြေထောက်မှာ ခန္ဓာကိုယ်တွင်းအောက်ဆီဂျင်တိုင်းတဲ့အနီရောင်ကိရိယာလေးနဲ့ နောက်တစ်ဖက်မှာ ကလေးမွေးစာရင်းနံပါတ် ၁၂၂၁၃၁၂၂ ဆိုတဲ့အပြာရောင်ကွင်းလေး။''
ကိုယ့်ရဲ့မွေးဖွားပြီးစရင်သွေးကို ပထမဦးဆုံးအကြိမ် ကြည့်ခွင့်ရရချင်းမှာ မြင်ရတဲ့မြင်ကွင်းကို စာရေးသူက ရေးပြထားတာပါ။ စာရေးသူဟာ လေယာဉ်ပေါ်မှာ ကလေးမီးဖွားချိန် ကိုယ်ဝန်ကာလက ခုနှစ်လခန့်ပဲရှိသေးတာမို့ လမပြည့်တဲ့ မွေးဖွားမှုလို့ဆိုရမှာပါ။ ဒီအတွက် မွေးဖွားလာတဲ့ ကလေးကလည်း ခုလိုအခြေအနေနဲ့ ကုသမှုကို ခံယူခဲ့ရတာဖြစ်ပါတယ်။
လေယာဉ်ပေါ်မှာဆုံပြီး လိုက်ပါကူညီပေးတဲ့ 'ဦးစိုင်း' ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးကလွဲရင် မိသားစုဆွေမျိုးမိတ်ဆွေမရှိ ၊ ဘာသာစကား၊ ကိုးကွယ်ရာမတူတဲ့ နိုင်ငံတစ်ခုမှာ ကလေးမွေးဖွားပြီးစ မိခင်တစ်ဦး၊ ကလေးငယ်ရဲ့သာမန်မဟုတ်တဲ့ကုသမှုခံယူမှုအခြေအနေတွေကို ရင်ဆိုင်ဖြတ်သန်းဖို့ ဆိုတာ လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။
ထိုမလွယ်တဲ့ လောကဓံဖြတ်သန်းမှုတွေကို စာရေးသူဟာ ခိုင်မာတဲ့ စိတ်ဓာတ်ခွန်အား ၊ ကြီးမားတဲ့ မိခင်မေတ္တာနဲ့ ဖြတ်သန်းခဲ့တာမို့ သူရဲ့ စာအုပ်မှာလည်း စာဖတ်သူအတွက် စိတ်ခွန်အားနဲ့ မေတ္တာတရားကို ခံစားနားလည်စေတဲ့ ရသကို ခံစားရရှိစေသလို ၊ ဘယ်လိုအရပ်ဒေသဖြစ်ဖြစ် မေတ္တာတရားလွှမ်းခြုံမှုဟာ လူကို ပိုပြီး လူပီသမှုဖြစ်စေတဲ့အကြောင်းရင်းဖြစ်တယ်ဆိုတဲ့ ခံစားမှုရသကို ဖြစ်စေတာအမှန်ပါပဲ။
''ကိုယ်ကိုယ့်ကို ဆိုုးရွားလှပြီလို့ ထင်တဲ့အခါ ကိုယ့်ထက်ပိုမိုဆိုးရွားတဲ့ ဘဝတွေကို မြင်ယောင် နားလည်ကြည့်ပါ'' လို့အကောင်းမြင်သမားတွေ ပြောလေ့ရှိပါတယ်။ ကိုယ်ကြုံတွေ့နေရတဲ့အခက်အခဲဟာ ဆိုးရွားလှပြီလို့ ယူဆတဲ့အခါ ''ချစ်ရပါသောအိုမန်နီ'' ကိုအသေအချာဖတ်ကြည့်ပါလို့ မျှဝေချင်မိတာအမှန်ပါပဲ။
စာရေးမှုအတတ်ပညာထုံမွှန်းမထားဘဲ ရိုးရှင်းတဲ့မလိမ်မညာအရေးအသားမို့ တချို့အခန်းစဉ်လေးတွေဟာ ဖတ်ရတာ ပေါ့ပါးတယ်လို့ ထင်ရပေမယ့်အရှေ့အလယ်ပိုင်းဒေသ လူသူသိပ်မသိတဲ့အိုမန်နိုင်ငံရဲ့ နွေနေပူပူအောက်က စာရေးသူဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေဟာ တကယ့်ကို ကြံကြံခံ ရှင်သန်ခဲ့ရတဲ့ စွန့်စားမှုတစ်ခုအဖြစ် '' ချစ်ရပါသောအိုမန်နီ'' ကို ဖတ်ရှုရမှာအသေအချာပါပဲ။
တန်ဖိုး ၂၈ဝဝ ကျပ် နဲ့ စာအုပ်ဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်ပါတယ်။