ပြင်းသော အက်စစ်ဓာတ်များသည် ထိတွေ့သော အရေပြားနှင့် မြူးကပ်(Mucus) ခေါ် အတွင်းနံရံသားလွှာတို့အား ပျက်စီးစေ (စားစေ) သည်။ ဆိုးဝါးသော လောင်ကျွမ်းမှုဖြစ်လျှင် သွေးလန့်ခြင်း (Shock) ဖြစ်နိုင်သည်။ လည်ချောင်းနှင့် အစာလမ်းကြောင်းအပေါ်ပိုင်း နာကျင်ခြင်း၊ ရေအလွန်အကျွံငတ်ခြင်း၊ သွေးအန်ခြင်း၊ မျိုချရန်ခက်ခဲခြင်း၊ အသက်ရှုခက်ခဲခြင်း၊ စကားပြောခက်ခဲခြင်း၊ အရေပြားနှင့် မြူးကပ်လွှာ ပျက်ယွင်းခြင်းနှင့် သွေးလန့်ခြင်းတို့ ဖြစ်နိုင်သည်။ အတွင်းပိုင်း တစ်လျှူးများ ထိခိုက်ပျက်စီးနိုင်သည်။ သွေး၌ ကယ်လ်စီယမ်ဓာတ် နည်းသွားခြင်းနှင့် ပိုတက်စီယမ်လွန်ကဲခြင်းတို့ တွေ့ရတတ်သည်။ ကလိုရင်း၊ ဘရိုမင်း၊ ဖလိုရင်းနှင့် အိုင်အိုဒင်းတို့၏ အငွေ့များရှုမိခြင်းဖြစ်လျှင် လည်ချောင်းနှင့်လေပြွန်တို့ထိခိုက်မှုဖြစ်စေပြီး အသက်ရှုလမ်းကြောင်းပိတ်ဆို့မှုနှင့် အဆုတ်အတွင်းသွေးများ (ရေများ) စုအိုင်မှုဖြစ်နိုင်ပါသည်။ အက်စစ်အဆိပ်သင့်မှုကို ကုသရာတွင် - (၁) မျိုမိ၊ သောက်မိခြင်းဖြစ်လျှင် လူနာအား အန်အောင် မပြုလုပ်ရပါ။ နို့ သို့မဟုတ် ရေသောက်စေခြင်းဖြင့် အက်စစ်ဓာတ်အားပျော့အောင် ပြုလုပ်ရမည်။ အက်စစ်ကို ဓာတ်ပြယ်စေရန် ဘိုင်ကာဗွန်နိတ် (Bicarbonate) မပေးရပါ။ အထူးဂရုစိုက်ပြီး မှန်ပြောင်းကြည့်ရှုခြင်း ဆောင်ရွက်ရမည်။ အစာလမ်းကြောင်းပေါက်ခြင်း၊ အူဖုံးလွှာရောင်ခြင်းနှင့် သွေးယိုစီးမှုတို့ဖြစ်လျှင် ခွဲစိတ်ကုသရန် လိုအပ်ပါမည်။ (၂) အရေပြားနှင့် ထိတွေ့လျှင် ၁၅ မိနစ်ကြာအောင် လောင်ကျွမ်းသော နေရာကို ရေလောင်းချပေးပါ။ ဓာတ်ပြယ်စေနိုင်သော ပစ္စည်းများ မသုံးရပါ။ ဟိုက်ဒရိုဖလိုရစ်အက်စစ်ကြောင့်ဖြစ်လျှင် မဂ္ဂနီစီယမ်ဆာလဖိတ်အရည် သို့မဟုတ် ကယ်ဆီယမ်ဂလူကိုနိတ်ဂျဲလ် လိမ်းကျံပေးနိုင်သည်။ လောင်ကျွမ်းသော အရေပြားအောက်သို့ ကယ်လ်စီယမ်ဂလူကိုနိတ် (Calcium gluconate) ထိုးသွင်းပေးနိုင်သည်။ (၃) မျက်စိတွင်း အက်စစ်ဝင်လျှင် ထုံးဆေးရည် ခတ်ပေးနိုင်သည်။ မျက်စိအား ၁၅ မိနစ်ကြာအောင် ရေလောင်းပေးရမည်။ မျက်စိ၏ ပီအိပ်ခ်ျ pH ဓာတ်ကို စစ်ဆေးသင့်သည်။ pH 7 ထိရောက်အောင် ဆားရည်ဖြင့် ဆေးကြောနိုင်သည်။ ဆားရည်ဟုဆိုရာတွင် Normal saline ဝ.၉ ရာခိုင်နှုန်း ဆားရည်ကို ရည်ညွှန်းပါသည်။ မျက်စိအထူးကုဆရာဝန်နှင့် ပြသရန် လိုအပ်မည်ဖြစ်သည်။ (၄) အက်စစ်ငွေ့ရှုမိလျှင် ထပ်မံမရှုမိစေရန် အက်စစ်ငွေ့ထွက်သောအရာကို ဖယ်ရှားပါ။ အရေပြားနှင့် အဝတ်အစားများကို စစ်ဆေးပါ။ အဆုတ်အတွင်း သွေး သို့မဟုတ် ရေစုခြင်း (Pulmonory oedema) ကို ကုသပေးရန် လိုအပ်သည်။ Credit : ကျန်းမာရေးဆိုင်ရာ သတင်းနှင့် ဗဟုသုတများသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။