ဓာတ်ပုံ - ဗေလု၀ ဖေ့စ်ဘွတ်
ရုတ်တရက် ဆေးရုံတင်ခဲ့ရသော်လည်း ကျန်းမာရေး ပြန်ကောင်းလာတဲ့ ဗေလုဝ
သရုပ်ဆောင် ဗေလုဝသည် နိုဝင်ဘာ ၁၇ ရက် နံနက် ၃ နာရီကျော်ခန့်က ရုတ်တရက် တက်သွား၍ ရန်ကုန်မြို့ ပင်လုံဆေးရုံ၌ တက်ရောက်ကာ ကုသမှုခံယူခဲ့ရသော်လည်း လက်ရှိကျန်းမာရေး ပြန်လည်ကောင်းမွန်နေကြောင်း ဇနီးဖြစ်သူ ဒေါ်စုစုခိုင်က မြန်မာတိုင်းမ်သို့ပြောသည်။
" ဦးဗေက ၁၇ ရက် နေ့က မနက် ၃နာရီကျော် ၄ နာရီလောက်က ၂မိနစ် ၃မိနစ်လောက် တက်မလို ဖြစ်လာလို့ စိုးရိမ်ပြီး ဆေးရုံလာပြလိုက်တာ။ တအောင့်လေးဖြစ်သွားလိုက်တာ အန်တီတို့ရော ၊ ဆရာဝန်တွေရော ၊ စိတ်ပူပြီးတော့ ဆေးရုံတင်လိုက်တာပါ ။ ဒီနေ့ ကျန်းမာရေး အခြေအနေတော်တော်လေးကို ကောင်းနေပါပြီ။ ခု ကတော့ ထမင်းစားပြီးတော့ ပြန်အိပ်နေပါတယ်။ လက်ရှိ ဦးခေါင်းကို CT scan ရိုက်ထားတဲ့အဖြေက မနက်ဖြန်မှသိရမှာမို့ ဆေးရုံ ဘယ်နရက် တက်ရမယ် မသိသေးပါဘူး။ အဖြေစောင့်နေတုန်းမို့ပါ "ဟု ၎င်းက ပြော သည်။
ရုတ်တရက် ဆေးရုံပြန်တက်နေရသည့် သတင်းကြောင့် ပရိသတ်များလည်း စိုးရိမ်လျက်ရှိပြီး အနုပညာအသိုင်းအဝိုင်းကပါ စိုးရိမ်လျက်ရှိသည်ဟု ဆိုသည်။ ဗေလုဝသည် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က ဦးနှောက် သွေးကြောပိတ်ရောဂါကြောင့် စတင်ကာ ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။ထို့နောက် ကျန်းမာရေးအခြေအနေ တဖြေးဖြေး ပြန်လည်တိုးတက်လာခဲ့ပြီး လက်ရှိတွင် စကားပြောနိုင်၊ လမ်းလျှောက်နိုင်သည့် အခြေအနေ ရှိသည်။
“ဦးဗေ ပရိသတ်တွေ အနုပညာမောင်နှမတွေလည်း မစိုးရိမ်ကြပါနဲ့လို့ ပြောချင်ပါတယ်။ ဦးဗေက ခု အစားတွေ ပြန်စားနိုင်တယ်။ စကားလည်း ပြောနိုင်တယ်။ လမ်းလည်းလျှောက်နိုင်တယ်။ အရင်လို့ ကျန်းမာရေး ကောင်းနေပါပြီ။ စိတ်ပူပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု ဒေါ်စုစုခိုင်ဆက်လက်ပြောသည်။