JICA က ဆောက်လုပ်လှူဒါန်းသည့် နှစ်ထပ်ဆောင်ဆေးရုံကြီး ရာနှုန်းပြည့်ပြီးစီး
mmtimes.com
|
2020-11-20



JICA က ဆောက်လုပ်လှူဒါန်းသည့် နှစ်ထပ်ဆောင်ဆေးရုံကြီး ရာနှုန်းပြည့်ပြီးစီး

မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင်သားဖွား၊ မီးယပ်နှင့် မွေးကင်းစကလေးငယ်များအတွက် ဂျပန်နိုင်ငံ (JICA)မှ အမေရိကန်ဒေါ်လာ(၁၂.၈)သန်းကုန်ကျခံကာ ဆောက်လုပ်လှူဒါန်းသည့် သုံးထပ်ဆောင်ဆေးရုံကြီးမှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍မကြာမီ လွှဲပြောင်းအပ်နှံတော့မှာဖြစ်ကြောင်း ဂျပန်နိုင်ငံ(JICA)မှ တာဝန်ခံအင်ဂျင်နီယာအီကီဟိုရှီယာမာထံက သိရသည်။

''အဆောက်အအုံဆောက်လုပ်ခဲ့မှုကို နှစ်နှစ်ခွဲနီးပါးကြာ တည်ဆောက်ခဲ့ပြီး လက်ရှိလုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးနေပါပြီ။ ယခုတည်ဆောက်ခဲ့တဲ့ ဆေးရုံအဆောက်အအုံပုံစံကိုဂျပန်နိုင်ငံက ဆေးရုံတွေပုံစံဒီဇိုင်းဆွဲပြီး ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာက ငလျင်တွေအရမ်းများတယ်ဆိုတော့ အောက်ခံဖောင်ဒေးရှင်းတွေကိုအဓိကထားတည် ဆောက်တယ်။ တကယ်လို့ ငလျင်ဒဏ်ခံရခဲ့ရင်လဲဆေးရုံကြီးက ကြံ့ကြံ့ခံနိုင်ပါတယ်။ဒီဆေးရုံကြီးဖွင့်လှစ်လို့ရှိရင် မြန်မာပြည်မှာရှိတဲ့ ပြည်သူတွေအတွက်အရမ်းအကျိုးရှိမယ်လို့ မျှော်လင့်သလိုဆေးရုံကြီး ဆောက်လုပ်ဖို့လှူဒါန်းခဲ့ကြတဲ့ ဂျပန်နိုင်ငံက အလှူရှင်တွေကလည်း ဝမ်းသာပီတိဖြစ်ကြမယ်လို့ထင်ပါတယ်'' ဟု တာဝန်ခံအင်ဂျင်နီယာအီကီဟိုရှီယာမာက ပြောသည်။

အဆိုပါသုံးထပ်ဆောင်ဆေးရုံကြီးကို ၂ဝ၁၈ ခုနှစ် သြဂုက်လ ၁ ရက်ကစတင်ဆောက်လုပ်ခဲ့ပြီး၂ဝ၂ဝ ပြည့်နှစ်နိုဝင်ဘာလကုန်ပိုင်းတွင် ဆောက်လုပ်ပြီးစီး၍ အပ်နှံတော့မည်ဖြစ်သည်။ဂျပန်နိုင်ငံမှ အလှူရှင်များဆောက်လုပ်လှူဒါန်းခဲ့သော သုံးထပ်ဆောင်ဆေးရုံကြီးကို ဂျပန်နိုင်ငံမှအင်ဂျင်နီယာများကိုယ်တိုင်အနီးကပ် တာဝန်ယူဆောက်လုပ်ခဲ့ပြီး အဆောက်အအုံကြီးထဲတွင် ဆေးရုံသုံး အထောက်အကူပစ္စည်းများ၊ ခွဲစိတ်ခန်းနှင့်ခွဲစိတ်ခန်းသုံးပစ္စည်းများ၊ မေ့ဆေးစက်ကိရိယာများ၊ သားဖွားခန်းနှင့် သားဖွားခန်းသုံးပစ္စည်းများနှင့်သားဖွားအတွက် ခုတင်(၅၄)လုံး၊ မီးယပ်အတွက် ကုတင်(၃၆)လုံး၊ အထူးကြပ်မတ် ကုသဆောင်အတွက်ကုတင် ခြောက်လုံး၊ တီဘီရောဂါအတွက် ကုတင်လေးလုံးတို့ပါဝင်သောဆေးရုံကြီးဖြစ်သည်။

''မကွေးမြို့ ပြည်သူ့ဆေးရုံကြီးမှာရောဂါဝေဒနာအမျိုးမျိုးနဲ့ တက်ရောက်ကုသနေတဲ့ လူနာတွေဟာ များပြားနေတဲ့အတွက် ဆေးရုံနဲ့လူနာမမျှ ဖြစ်နေပါတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေကလည်း လူနာတွေကို အလေးထားကုသပေးနေပါတယ်။ လက်ရှိအခြေအနေအရ သုံးထပ်ဆောင်ဆေးရုံကြီးဖွင့်လှစ်မယ်ဆိုရင် သားဖွား၊ မီးယပ်နှင့်မွေးကင်းစ ကလေးငယ်များအတွက်အဆင်ပြေစေမှာ ဖြစ်ပါတယ်'' ဟုမကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။




Some text some message..