Choline ၏ ကျန်းမာရေးအတွက် ကောင်းကျိုးများ
ondoctor.com.mm
|
2020-12-28

Choline ဆိုတာ vitamin တွေလိုပဲ ခန္ဒာကိုယ်အတွက် အရေးကြီးအဟာရတစ်ခု ဖြစ်ပါတယ်။ ခန္ဒာကိုယ်လုပ်ငန်းဆောင်တာအမျိုးမျိုးရဲ့ အဆင့်အမျိုးမျိုးမှာ ပါဝင်ပက်သက်နေတဲ့ အဟာရတစ်မျိုးဖြစ်ပါတယ်။ vitamin B တစ်မျိုးဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် ၁၉၉၈ ခုနှစ်ကတည်းက choline ကို မရှိမဖြစ်အဟာရတစ်ခုအဖြစ် တရားဝင်သတ်မှတ်ခဲ့ပြီး ဖြစ်ပါတယ်။

Choline ကို အစားအစာအမျိုးအစားတော်တော်များများကနေ ရရှိနိုင်ပါတယ်။ အသား၊ ငါး၊ အသည်းအစရှိ ကလီစာများ၊ ပဲ၊ အစေ့အဆန်တို့ကနေ ရရှိနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်များမှလည်း ပမာဏအနည်းငယ်တော့ ရရှိနိုင်ပါတယ်။ ဒါကြောင့် ပါးစပ်ကနေ ကောင်းကောင်းမစားနိုင်တဲ့၊ အကြောထဲကနေ အဟာရသွင်းနေရတဲ့ လူနာတွေမှာ choline ချို့တဲ့တတ်ပါတယ်။

Choline ချို့တဲ့ရင် ပင်ပန်းနွမ်းနယ်တာ၊ ညအိပ်မပျော်တာ၊ မှတ်ဉာဏ်ပြသနာတွေနဲ့ ကြွက်သားပြသနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

ခန္ဒာကိုယ် လုပ်ငန်းဆောင်တာ အဆင့်အမျိုးမျိုးမှာ choline ပါဝင်နေတယ်ဆိုသော်ငြား အသည်းရဲ့လုပ်ငန်းများ၊ အာရုံကြောလုပ်ငန်းများနဲ့ ခန္ဒာကိုယ်ကြွက်သားတည်ဆောက်မှုဖြစ်စဉ်များမှာတော့ အရေးကြီးနေနိုင်ပါတယ်။ ဒါကြောင့်တစ်ချို့ကလေးနို့မှုန့်များမှာ choline ကို ရောစပ်ထည့်သွင်းထားကြပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်အချိန်အတွင်း Choline လုံလုံလောက်လောက်ရရှိတဲ့ မိခင်တွေမှ မွေးတဲ့ကလေးတွေမှာ ဦးနှောက်နဲ့အာရုံကြောချို့တဲ့ပြီး မွေးလာတာနည်းပါတယ်။

Choline ဟာ ပန်းနာရင်ကျပ်လက္ခဏာတွေကိုလည်း သက်သာစေနိုင်တယ်ဆိုပါတယ်။

တချို့ဦးနှောက်ပိုင်းဆိုင်ရာ၊ အာရုံကြောဆိုင်ရာရောဂါတွေမှာ အကျိုးများကြောင်း တွေ့ရှိထားကြပေမဲ့ သက်သေလုံလုံလောက်လောက်တော့ မရသေးပါဘူး။

ကောင်းကျိုးများတယ်ဆိုပေမဲ့ တန်ဆေးလွန်ဘေးပါ။ ဒါကြောင့်လိုအပ်တာထက် ပိုများပြားတဲ့ပမာဏကို စားသုံးမိရင်တော့ ဘေးထွက်ဆိုးကျိုးတွေလည်းရှိပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတစ်ခုက ခန္ဒာကိုယ်အနံ့ပြင်းတတ်ပါတယ်။ များပြားတဲ့ပမာဏရဲ့ နောက်ထပ်ဘေးထွက်ဆိုးကျိုးတွေကတော့ ချွေးထွက်များတာ၊ အန်တာ၊ ဗိုက်အောင့်ဗိုက်နာကနေ အူမကြီးကင်ဆာအထိ ပြောထားပေမဲ့လုံ လောက်တဲ့သက်သေတော့ အခုထိမပြနိုင်သေးပါဘူး။

ကလေးတွေမှာလည်း အလားတူပဲ လိုအပ်သလောက်ပဲ သောက်သုံးရင် အကျိုးများနိုင်သလို ပိုများပြားတဲ့ပမာဏကတော့ ဒုက္ခပေးနိုင်တာပါပဲ။ ဒါကြောင့်သတိထားဖို့ လိုအပ်ပါတယ်။

နေ့စဉ်ခန္ဒာကိုယ်အတွက်လိုအပ်တဲ့ choline ပမာဏကတော့ ၄၀၀ ကနေ ၅၅၀ မီလီဂရမ် ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့တော့ cholin ဟာ ဖြည့်စွက်စာတစ်ခု ဖြစ်ပါတယ်။ ဖြည့်စွက်စာများဟာ ဆေး (medicine) တော့ မဟုတ်ပါဘူး။

ဒါကြောင့် FDA မှ အသိအမှတ်ပြုဖြစ်စဉ်များဟာ ဆေးများနဲ့ကွာခြားပြီး ဖြည့်စွက်စာအဖြစ်သာ အသိအမှတ်ပြုထားခြင်းဖြစ်ကြောင်းပါ။

Author : Dr. PSYM




Some text some message..