အန္တရာယ်ကင်းသော လိင်ဆက်ဆံမှု
healthcare.com.mm
|
2021-06-25


အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှုဆိုတာ တကယ်တော့ အဓိပ္ပာယ်ကျယ်ပြန့်ပါတယ်။ အဓိက ဦးစားပေးပြောရရင် အန္တရာယ်ဆိုတာရောဂါလို့ သဘောထားလိုက်ရင် ကျန်းမာရေးနှင့် ညီညွတ်သော လိင်ဆက်ဆံမှုလို့ ဆိုရမှာပေါ့ဗျာ။ လိင်ဆက်ဆံမှုက တစ်ဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေက အရမ်းများနေတယ်။ ဒီတော့ ဒီရောဂါကူးစက်မှုမရှိအောင် ဘယ်လိုကာကွယ်ကြမလဲ။ ဘယ်လို ဂရုစိုက်ဆင်ခြင်ကြမလဲဆိုတာ စဉ်းစားရမှာပါ။  လိင်ဆက်ဆံမှုကတစ်ဆင့် ရောဂါတွေကူးနိုင်တဲ့ ရောဂါအမည်တွေကတော့ - • ဆစ်ဖလစ်ရောဂါ Syphilis• ရှန်ခရွိုင်ရောဂါ Chancroid• ကလာမိုက်ဒီယား Chlamydia• ဂနိုရောဂါ Gonorrhoea• အသည်းရောင်အသားဝါ “ဘီ” Hepatitis B • အသည်းရောင်ရောဂါ “စီ” Hepatitis C• လိင်အင်္ဂါရေယုန် Genital Herpes• ခုခံအားကျဆင်းမှုရောဂါ HIV / AIDS (Acquired Immuno-Deficiency Syndrome)• လိင်အင်္ဂါကြွက်နို့ရောဂါ Genital Warts• မှိုရောဂါ Candidiasis• ကပ်ပါးရောဂါ Tricgomoniasis တို့ဖြစ်သည်။ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှုအတွက်လိင်မဆက်ဆံဘဲနေရင် လိင်ဆက်ဆံမှုကတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ ကူးစက်ဖို့ အခွင့်အလမ်း နည်းသွားပြီပေါ့။ ဒါပေမယ့် လူတွေ လိင်ဆက်ဆံမှု မပြုကြပါနှင့်လို့ တားလို့မှ မရနိုင်တာ။ အဲဒီလို မဆက်ဆံဘဲနေရင်လည်း လူမျိုးဆက် တုံးသွားမှာပေါ့။  ဒါကြောင့် ဇီဝကမ္မဗေဒ မျိုးပွားခြင်းရဲ့ အဓိက လုပ်ငန်းဆိုတာက လူသားတွေ ဆက်လက်တည်တန့်နေရေး ကွယ်ပျောက်မသွားရေးလို့ ပြောခဲ့တာပေါ့။ အကောင်းဆုံးက လိင်မဆက်ဆံရင် ရောဂါကူးဖို့ အန္တရာယ်မရှိဘူး။ ဒါပေမယ့် ဆက်ဆံမယ်ဆိုရင် လိုက်နာရမယ့်အချက်တွေ အများရှိတယ်ဗျ။ ဥပမာတချို့ပြောပြပေးမယ်။  ဆက်ဆံဖော်အပေါ် သစ္စာရှိပါ။ ဆက်ဆံဖော် တစ်ဦးတစ်ယောက်တည်းထားပါ။ လင်ကမယားအပေါ် သစ္စာရှိပြီး မယားကလည်း လင်အပေါ် သစ္စာရှိရမှာပေါ့။ နောက်တစ်ချက်က ဘယ်နည်းနဲ့ပဲ ဆက်ဆံဆက်ဆံ အကာအကွယ်သုံးရတယ်။ ပုံမှန်ဆက်ဆံတာ စအို၊ ပါးစပ်၊ အခြားနည်းတွေပေါ့ဗျာ။ အကာအကွယ် ကွန်ဒုံးသုံးပြီး ဆက်ဆံသင့်တယ်။ အမျိုးသားကွန်ဒုံး၊ အမျိုးသမီးကွန်ဒုံးပေါ့။ အဆင်ပြေသလို သုံးနိုင်ပါတယ်။ ရောဂါရှိမယ်လို့ သံသယရှိရင် လိင်ဆက်ဆံမှုရှောင်ရမယ်။ အကာအကွယ်အားကိုးပြီး အတင့်မရဲသင့်ဘူး။ အကောင်းဆုံးက ဆက်ဆံဖော်မှာ ရောဂါရှိ၊ မရှိ စစ်ဆေးဖို့ ကိုယ့်ကိုယ်ကိုယ်လည်း စစ်ဆေးရမယ်။  အရက်နှင့်လိင်ဆက်ဆံမှု မရောထွေးစေဖို့လိုတယ်။ အရက်သောက်ပြီး လိင်ဆက်ဆံတာက အန္တရာယ်များတယ်။ အရက်ဟာ ဆုံးဖြတ်နိုင်မှုအားကို နည်းစေတယ်။ အမှန်ကိုမြင်နိုင်မှု မရှိအောင် ဖုံးကွယ်ထားနိုင်တယ်။ ဒါကြောင့် အရက်နဲ့လိင်ဆက်ဆံမှုမရောထွေးစေချင်ဘူး။ အရက်လိုပဲ တစ်ဆက်တည်း ဂရုစိုက်ရမှာက မူးယစ်ဆေးတွေ၊ စိတ်ကျဆေးတွေ၊ ဒီဆေးတွေနဲ့ လိင်ဆက်ဆံမှု ရောထွေးမိရင်လည်း အန္တရာယ်ရှိတယ်ဗျ။ ကိုယ်ကိုယ်တိုင်ကော ဆက်ဆံဖော်မှာ ဆေးစစ်ထားပြီးပြီပဲဆိုပြီး လုံးဝစိတ်ချနေလို့ မဖြစ်ပါဘူး။ ခြောက်လလောက်တစ်ကြိမ် ပြန်လည်စစ်ဆေးသင့်တယ်။ ဆက်ဆံမှုမပြုမီ မိမိရဲ့ဆက်ဆံဖော်မှာ သံသယရှိဖွယ်ရာ လက္ခဏာ တစ်စုံတစ်ရာရှိ၊မရှိစစ်ဆေး သင့်တယ်။ တကယ်လို့ရှိရင် မဆက်ဆံဘဲ နေသင့်တယ်။ အကယ်၍ သံသယရှိရင် ချက်ချင်းတတ်ကျွမ်းတဲ့ ဆေးပညာရှင်နှင့် ပြသပြီး အမြစ်ပြတ်ပျောက်ကင်းအောင် ကုသမှုလိုတယ်။ ရောဂါမပျောက်မချင်း ဆက်ဆံမှုရှောင်ကြဉ်ရမှာ ဖြစ်တယ်ဗျာ။ အခုပြောခဲ့တာတွေ လိုက်နာရင်တော့ အန္တရာယ်ကင်းတဲ့ လုံခြုံစိတ်ချရတဲ့၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့လိင်ဆက်ဆံမှုလို့ ပြောနိုင်ပါပြီ။Credit:ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..