
အစားမစားနိုင်သောရောဂါ (Anorexia Nervosa) ဟာ စိတ်ကြောင့်ဖြစ်တဲ့ အစားမစားနိုင်ခြင်းဖြစ်ပါတယ်။ စားရမဲ့ သောက်ရမဲ့မို့မစားနိုင်တာ၊ ခန္ဓာကိုယ်မှာ ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက် (ဥပမာအစာအိမ်ရောဂါ) ကြောင့် မစားနိုင်တာမျိုး မဟုတ်ပါဘူး။ အရိုးတွေပေါ်အောင် ပိန်နေမှ လှတယ်ထင်တာကြောင့် လိုလို၊ ဝပြီးအဆီပိတ်ရောဂါထူမှာ ကြောက်တာကြောင့်လိုလိုနဲ့အစားတွေရှောင်တာက စတတ် ပါတယ်။ တဖြည်းဖြည်းနဲ့ ပုံမှန်မဟုတ်တော့တဲ့ ကိုယ်အလေးချိန် လျှော့နည်းတွေ၊အမူအကျင့်တွေကို ရောက်လာတာပါပဲ။ ကိုယ်အလေးချိန်လျော့အောင်လို့ လေ့ကျင့်ခန်းတွေကိုလည်း မတရား လုပ်တတ် ပါသေးတယ်။ သူများအမြင်မှာ ဘယ်လောက်ပဲ ပိန်ပိန် သူတို့စိတ် သူတို့အမြင်မှာတော့ ပုံပျက်ပန်းပျက် ဝတယ်လို့ပဲ ယုံကြည်နေတတ်လို့ ကိုယ်အလေးချိန်လျော့အောင်အစားမစား၊ လေ့ကျင့်ခန်း နင်းကန်လုပ်နဲ့အတောမသတ်ပါဘူး။ ခန္ဓာကိုယ်ကလည်းအရိုးပြိုင်းပြိုင်း၊အရောင်အသွေးခန်းခြောက်၊ မျက်တွင်း ငေါငေါနဲ့ ကြောက်စရာဖြစ်လာပါတယ်။ ဆယ်ကျော်သက်တွေကြား ဒီရောဂါအဖြစ်များပြီး ယောက်ျားလေး မိန်းကလေး ဖြစ်နှုန်းက ၁း၁၀ ရှိပါတယ်။ သုံးပုံနှစ်ပုံမှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ရောဂါ လက္ခဏာတွေ ပြတတ်ပြီး သုံးပုံတစ်ပုံ သတ်သေနှုန်း ရှိလို့ ကြောက်စရာကောင်းတဲ့ရောဂါအမျိုးအစားမှာ ပါဝင်ပါတယ်။ ရောဂါအမည် တပ်ဖို့အတွက် လက္ခဏာတွေ (Diagnostic criteria) ကတော့ •အရပ် နှင့် နှိုင်းယှဉ် ကိုယ်အလေးချိန် (Body Mass Index = Body weight in • Kilograms divided by Height in Meters squared) 17.5 ထက် လျော့နည်းခြင်း • မိမိဖာသာ ဖြစ်စေသော ကိုယ်အလေးချိန်လျော့ကျခြင်း(Self-induced weight loss) (ဥပမာ ဝစေသောအစာများကို မတရားရှောင်ခြင်း၊ စားပြီး လက်ထိုးအန်ခြင်း၊ ဝမ်းနှုတ်ဆေးများ ပုံမှန်သုံးခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း တရားလွန်လုပ်ခြင်း၊အစား မစားချင်အောင် ဆေးသောက်ခြင်း စသည်) • မိမိ ခန္ဓာကိုယ်ကိုအလွန်အမင်း ဝနေသည်ဟုအမြင်မှား ယုံကြည်နေခြင်း (Body image distortion) ဝမည်ကို ထိတ်လန့်ကြောက်ရွံ့နေခြင်း၊ ကိုယ်အလေးချိန်တိုးမှုနှင့် ပတ်သက်၍ သတိအပိုလွန်နေခြင်း • သွေးထဲရှိ ဟော်မုန်းဓာတ်များ ကမောက်ကမဖြစ်ကုန်ခြင်း ပြသနာ(Endocrine disorders) (ဥပမာ ရာသီသွေး ထိန်ငုပ်ခြင်း၊ လိင်မှုကိစ္စ စိတ်မပါတော့ခြင်း၊အင်ဆူလင် ထုတ်မှု ပုံမမှန်တော့ခြင်း စသည်) •အရွယ်မရောက်သေးသော (ရာသီသွေး မပေါ်သေးသော) မိန်းကလေးများတွင်အရွယ်ရောက်နောက်ကျခြင်း (Delayed or arrested puberty) များသောအားဖြင့်တော့ ဒီရောဂါ ဖြစ်လာသူတွေမှာအိမ်တွင်း မိသားစုအနေအထား ပြဿနာ တစ်ခုခု ရှိတတ် ပါတယ်။ စည်းကမ်းအလွန်တင်းကြပ်ခြင်း (သို့မဟုတ်) လျော့လျဲ လွန်းခြင်း၊ လူကြီးများက နေရာတကာဝင်ပါပြီး လုံးဝလွတ်လပ်ခွင့် မပေးခြင်း၊အချစ် လွန်ပြီး ကာဆီးကာဆီး လုပ်လွန်းခြင်း၊ ပြဿသနာထိပ်တိုက်တွေ့မှုများကို မဖြေရှင်းပဲ ရှောင်ရှားခြင်းတို့နဲ့ ဆက်နွှယ်တတ်ပါတယ်။ တစ်ခါတလေတော့လည်း မိဘကိုယ်တိုင်ကအစားအသောက်ကို သတိထားလွန်းတာကြောင့် ကလေးတွေကအကြောက်လွန်ပြီး ဟိုဟာမစားရဲ ဒီဟာမစားဝံ့ ရှောင်ကုန်တတ်ပါတယ်။ လူနာမှာတွေ့ရတဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ • ကြွက်သားများ သေးသိမ်လာခြင်း (ဥပမာ လက်မောင်းလက်ဖျံ)။ •အသားအရေ ခမ်းခြောက်ခြင်း။ • ဆံပင်နှင့် ခြေသည်း လက်သည်းများ ပြတ်လွယ် ကျိုးလွယ်ခြင်း။ • လက်ဆစ်များတွင်အသားမာတက်ခြင်း (လက်ထိုးအန်တတ်သူများတွင် တွေ့ရသော ရုပ်လက္ခဏာ)။ • သွေးအားနည်းခြင်း။ •အသားနှင့် မျက်သားများ ဝါလာခြင်း။ • ကလေးအမွှေးကဲ့သို့ မွှေးညှင်းနုများ ပေါက်လာခြင်း (အထူးသဖြင့် ကျောပြင်တွင်)။ • သွားကြွေသားများ ပါးလျားကုန်ခြင်း။ • လက်ဖျား၊ ခြေဖျားများ ပြာနှမ်းလာခြင်း။ • သွေးပေါင်ချိန်ကျခြင်း (ပုံမှန် မဟုတ်)။ • ကိုယ်အပူချိန်ကျခြင်း (ပုံမှန် မဟုတ်)။ • ရင်သားများ ရှုံ့တွသေးငယ်ကုန်ခြင်း။ • တံတွေးကြိတ်များ ယောင်ယမ်းခြင်း (အထူးသဖြင့် နားနောက် နှင့် မေးရိုးအောက်)။ •အူများအလုပ်မလုပ်တော့ခြင်း (ဝမ်းနှုတ်ဆေးအလွဲသုံးမှုကြောင့်)။ • လက်ထုံ။ ခြေထုံ ဖြစ်ခြင်း တို့ ဖြစ်ပါတယ်။အတွေ့ရများတဲ့ စိတ်ပိုင်းဆိုင်ရာအဓိကလက္ခဏာကတော့ ဒီရောဂါဖြစ်တဲ့ ကလေးတွေဟာအစားထိန်းချုပ်ခြင်းကို သူတို့ဘဝမှာ သူတို့အစိုးရတဲ့ တစ်ခုတည်းသော ကိစ္စအနေနဲ့အသုံးချတာပါ။ ကျန်တာအားလုံး သူတို့ မထိန်းချုပ်နိုင်တာကိုအစားထိုးတဲ့ သဘောပေါ့။ ကုရခက်တာ ဒါကြောင့်ပါ။ စိတ်ကုထုံး (Psycho-therapy)ကိုအတွေ့အကြုံရှိတဲ့ စိတ်ပညာရှင် (Clinical Psychologist) နဲ့ လပေါင်းများစွာ ကုရပါတယ်။ တစ်ချိန်တည်းမှာပဲအစာပြန်စားနိုင်အောင်လည်း ကုရ၊ ကူရပါတယ်။အတင်း ဒုတ်နဲ့ ရိုက်ပြီး ကျွေးလို့မရပါဘူး။ စိတ်ကမစားနိုင်လို့အင်မတန် ခက်ခဲပင်ပန်းကြရှာပါတယ်။ ခန္ဓာကိုယ်ကလည်း မခံနိုင်လို့ မတိုင်းမဆမရှိကျွေးရင်အန္တရာယ်ဖြစ်တတ် ပါတယ်။အစာအာဟာရ ပညာရှင် (Dietitian) နဲ့ သေချာတိုင်ပင် တွက်ချက်ပြီးမှ စနစ်တကျ ကျွေးရတာပါ။ ခန္ဓာကိုယ်တွင်း ဓာတ်ဆားအနေအထားကိုအကြိမ်များစွာသွေးဖောက် စစ်ဆေးရပါတယ်။ နှလုံးခုန်နှုန်းကို ထိခိုက်ပြီး သေစေတဲ့အထိ ဒုက္ခပေးနိုင်လို့ပါ။ ကြောက်စရာကောင်းတဲ့ နောက်ဆက်တွဲ ပြဿသနာတွေ• သွားပိုးစားခြင်း။ • နှလုံးခုန် မမှန်ခြင်း၊ သွေးပေါင်ကျ မူးမော် မေ့မျောခြင်း၊ နှလုံးရုတ်တရက် ရပ်သွားနိုင် ခြင်း။ •အူများ ပုံမှန်အလုပ်မလုပ်ပဲ နှေးကွေး လာခြင်း၊ ဝမ်းအလွန်အမင်း ချုပ်ခြင်း။ • ဟော်မုန်းများ ကယောက် ကယက် ဖြစ်ကုန်ပြီး ၎င်းတို့၏ လုပ်နေကျအလုပ်များ မှားယွင်းကုန်ခြင်း (ဥပမာ သိုင်းရွိုက် ဟော်မုန်း နည်းခြင်း များခြင်း)။ • ကျောက်ကပ်တွင်း ကျောက်တည်ခြင်း။ • ကိုယ်ခန္ဓာ ကြီးထွားမှု တန့်သွားခြင်း။ •အရိုးပွ ဆတ် ကျိုးလွယ်ခြင်း။ • ကိုယ်ဝန် မရနိုင်ခြင်း၊ ရပါကလည်း ကလေးအာဟာရ ချို့တဲ့ကာ မွေးစအလေးချိန် လျော့နည်းခြင်း။ • ဦးနှောက် ထုထည် လျော့ကျ သေးသိမ်လာခြင်း (အစားပုံမှန် ပြန်စားရင် တဖြည်းဖြည်း ပြန်ကောင်းပါတယ်)။ • သွေးဆဲလ်များ လျော့နည်း၍ သွေးအားနည်း၊ ခုခံအားနည်း၊ သွေးမတိတ်ဖြစ်ခြင်းအားလုံး ကြောက်စရာချည်းပါပဲ။ “အစားမစားနိုင်သော ရောဂါ (Anorexia Nervosa)” ဖြစ်နေတာ သေချာတယ်လို့ရောဂါအမည်တပ်ပြီးတဲ့နောက်မှာ သေသေချာချာ ကုရပါတယ်။ မိသားစုကလည်း စိတ်ရှည်လက်ရှည် ပါဝင်ဖို့လိုပါတယ်။ ဘယ်သူ့ဘယ်သူမှအပြစ်တင်နေစရာမဟုတ်ပါဘူး။ ပြဿသနာရယ်လို့ သိပြီးတဲ့နောက် ဒါကိုလက်ခံဖို့နဲ့ ရှေ့လျှောက်ဘာလုပ်မယ်ဆိုတာ ညီညီညွတ်ညွတ် သဘောတူဖို့၊ လက်တွေ့လုပ်နိုင်တာတွေ စလုပ်ဖို့ လိုပါတယ်။ ကြာရှည်ကုရတဲ့ ရောဂါပါ။ Ref: Publid health in myanmarသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။