စမတ်ဖုန်း အလွန်အကျွံသုံးစွဲခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ
myanmaplatform.com
|
2021-11-21

 ဒီနေ့ခေတ်ကြီးမှာ လူတော်တော်များများက မနက်မိုးလင်းတာနဲ့ ကောက်ကိုင်လိုက်မိတာက ဖုန်းပဲ ဖြစ်နေတတ်ပါတယ်။ မျက်စိဖွင့်လိုက်တာနဲ့ လိုက်ရှာတာလလည်းဖုန်းပဲဖြစ်ပါတယ်။ နောက်ဆုံးအိပ်မပျော်လို့ ဆိုပြီးတော့ ကြည့်မိတာလည်း ဖုန်းပဲဖြစ်နေပါတယ်။ ဘယ်အချိန်ပဲ ကြည့်ကြည့် လက်ထဲမှာ ဖုန်းကိုပဲ တကိုင်ကိုင်နဲ့ ဖြစ်နေပြီဆိုရင်တော့ ဒါက ပုံမှန်အခြေအနေ မဟုတ်တော့ပါဘူး။ ပျင်းလို့၊ စိတ်ပျော်ရွှင်ချင်လို့ ဖုန်းကိုပိုသုံးမိသလိုဖြစ်ပြီး ဖုန်းသုံးမိတော့ လက်က မချနိုင်ဖြစ်ရင်း သံသရာလည်နေတယ်ဆိုပါတော့။ မရှိမကောင်း၊ ရှိမကောင်းဆိုတဲ့ အရာတွေထဲမှာ စမတ်ဖုန်းတွေဟာလည်း ထိပ်ဆုံးကပါပဲ။ နည်းပညာနဲ့ ခေတ်တိုးတက်ပြောင်းလဲမှုနဲ့အတူ လိုက်ပါလာတဲ့ စမတ်ဖုန်းတွေကို လူကြီး၊ လူငယ်တွေအပြင် ကလေးတွေပါ အများအပြားသုံးစွဲလာတာကို တွေ့ရပါတယ်။

ကောင်းတဲ့ဘက်က ကြည့်ရင်တော့ လိုအပ်တဲ့ အချက်အလက်တွေကို လျင်မြန်စွာ ရှာဖွေလို့ရတယ်၊ ဝေးလံတဲ့နေရာမှာ နေထိုင်နေသူတွေနဲ့ ဆက်သွယ်စကားပြောဆိုလို့ ရတယ်၊ ကမ္ဘာ့အရေးအခင်း၊ ကျန်းမာရေးသတင်းတွေကို မျက်ခြေမပြတ်တမ်း စောင့်ကြည့်လို့ရတယ်။

မကောင်းတဲ့ဘက်ကနေကြည့်လိုက်တဲ့အခါ လူတော်တော်များများက စမတ်ဖုန်းကို ကောင်းတဲ့ အချက်တွေ ထက်စာရင် Facebook လို လူမှုကွန်ယက်တွေ သုံးဖို့၊ ဂိမ်းဆော့ဖို့သက်သက်သာ အသုံးပြုနေတာက များပါတယ်။ 

ဒီလိုသာ ဖုန်းကို အလွန်အကျွံသုံးစွဲနေရင်တော့ ကျန်းမာရေးအတွက် ဘယ်လိုနောက်ဆက်တွဲ ရောဂါ တွေဖြစ်လာနိုင်မလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။ 


(၁) လက်မောင်းကြွက်သားများကို နာကျင်စေနိုင်ခြင်

ဖုန်းနဲ့ ဆယ်လ်ဖီရိုက်တဲ့ခါ လူမျက်နှာနဲ့ အနောက်က ရှုခင်းတွေ ပါအောင်လက်မောင်းကို ဆန့်ပြီး ရိုက်ရတာကြောင့် တံတောင်ဆစ်ပတ်ပတ်လည်က ကြွက်သားမျှင်တွေ ဒဏ်ဖြစ်လာနိုင်ပါတယ်။ ဒါအပြင် လက်ကောက်ဝတ်အနေအထားကို တွန့်လိမ်သွားစေပါတယ်။ ဒါတွေက လက်မောင်ကြွက်သားတွေကို နာကျင်မှု ဖြစ်လာစေပါတယ်။ ဒီပြဿနာကို Selfie Elbow လို့လည်း ခေါ်ကြပါတယ်။


(၂) လက်ကောက်ဝတ်ကိုက်ခြင်း

လူပေါင်းများစွာနဲ့ တစ်နေ့လုံး စာရိုက်နေရတဲ့အခါ ဖြစ်တဲ့ ပြဿနာကို Texting Thumb လို့ ခေါ်ပါတယ်။ အဓိက ဖုန်းမျက်နှာပြင်ကို ခဏခဏ ထိရိုက်နေရတဲ့ လက်မအဆစ်တွေ နာကျင်လာတာ၊ ဂိမ်းဆော့တဲ့အခါ လက်မကို အဓိကအသုံးပြုပြီး ကျန်တဲ့လက်ချောင်းများက ဖုန်းကို လွတ်မကျသွားစေဖို့နဲ့ ဟန်ချက်ညီအောင် ထိန်းပေးထားရတဲ့အတွက် ညောင်းကိုက်ခြင်းများကို ဖြစ်စေနိုင်ပါတယ်။ ဒါအပြင် ကွန်ပျူတာမှာ စာရိုက်တဲ့အခါ လက်ကွက်မမှန်ခြင်းကြောင့် လက်ကောက်ဝတ်တွေ ကိုက်တာမျိုးလည်း ခံစားရနိုင်ပါတယ်။ 


(၃) မျက်နှာပေါ် ဖုန်းပြုတ်ကျခြင်းကြောင့် နာကျင်ခြင်း

အိပ်ချင်မူးတူးနဲ့ ဖုန်းအသုံးပြုနေတာ၊ ညနက်တဲ့အထိ မအိပ်ဘဲ ဖုန်းအသုံးပြုနေရင်းကနေ ရုတ်တရက် ငိုက်သွားပြီး ဖုန်းက မျက်နှာပေါ် တည့်တည့်ပြုတ်ကျသွားတာမျိုး လူငယ်အများစု ကြုံဖူးကြမှာပါ။ သတ္တု၊ ဖန်သားနဲ့ ပြုလုပ်ထားတဲ့ဖုန်းက မျက်နှာပေါ်ကျတာတောင် တော်တော်နာနေရင် အခန့်မသင့်လို့ နှာရိုးနုပေါ် တည့်တည့် ပြုတ်ကျမိရင် ကျိုးသွားတဲ့အထိ အန္တရာယ်ကြီးပါတယ်။


(၄) မျက်စိတစ်ခြမ်း စွေစောင်းခြင်း

ဖုန်းကို အသုံးပြုတဲ့အခါ ပတ်လက်အိပ်ပြီး ကြည့်တာထက် ဘေးတစ်စောင်းလှဲပြီ ကြည့်တာပိုများကြပါတယ်။ ဘေးတစ်စောင်း လှဲအိပ်ပြီး ဖုန်းကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်းဟာ ကိုယ့်ရဲ့ မျက်လုံး တစ်ဖက်ကို ထောင့်ဖက်ကို ကပ်သွားစေပြီး မျက်စိတစ်ခြမ်း စွေစောင်းတဲ့ ပြဿနာမျိုး ဖြစ်စေနိုင်ပါတယ်။


(၅) အရိုးအဆစ်များ ကောက်ကွေ့ခြင်း

ခါးကို ကုန်းထားပြီး ဖုန်းအသုံးပြုတာ၊ ဇက်ကို အတင်းအောက်ကို ငုံ့ပြီး ဖုန်းသုံးတာမျိုးက ဇက်ကြောနဲ့ ခါးအရိုးအဆစ်များကို ကွေးထားသလို ဖြစ်စေပြီး အချိန်ကြာလာတာနဲ့အမျှ ညောင်းကိုက်နာကျင်ခြင်းကို ဖြစ်စေတယ်။ အသက်ကြီးလာတဲ့အခါမှာလည်း ဒီဒဏ်တွေကြောင့် အရိုးအဆစ်တွေ ကောက်ကွေးပြီး အလွယ်တကူ ကျိုးပဲ့စေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။


(၆) မျက်လုံးအောင့်ခြင်း

တစ်နေ့လုံး ဖုန်းအသုံးပြုတဲ့အခါ ဖုန်းကနေထွက်လာတဲ့ အပြာရောင်အလင်းတန်းတွေဟာ မျက်လုံးထဲကို ဝင်သွားပြီး ညအိပ်မပျော်ဘဲ မျက်စိကြောင်တာမျိုး၊ မျက်စိမှိတ်လိုက်ရင် အရောင်တွေဖြာထွက်နေတာ၊ အမြင်အာရုံ ဝေဝါးတာ၊ မျက်လုံးခြောက်ပြီး နီတာ၊ မျက်လုံးအောင့်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။


ဒီလို မဖြစ်ရအောင် ဘယ်လိုကာကွယ်မလဲ။

တစ်နေ့တာအတွက် ဖုန်းအသုံးပြုတဲ့အချိန်ကို ကန့်သတ်ထားပါ။ အလွန်အကျွံသုံးတာမျိုး မဖြစ်စေဖို့ ရှောင်ကြဉ်ပါ။ ဆယ်လ်ဖီလ်ရိုက်တာကို တတ်နိုင်သလောက်လျှော့ပါ။ တကယ်လို့ ဓာတ်ပုံရိုက်ချင်တယ်ဆိုရင်လည်း ဖုန်းကို တစ်နေရာမှာ ထောင်ထားပြီးရိုက်တာမျိုး၊ Selfie Stick ထောက်တံနဲ့ ဖုန်းကို ညှပ်ပြီးဓာတ်ပုံရိုက်တာမျိုး လုပ်ပေးလို့ ရပါတယ်။ လက်အဆစ်တွေ ညောင်းညာနေတယ်ဆိုရင် ရေအေးအေးထဲမှာ ၅ မိနစ်လောက် စိမ်ထားပေးပါ။ နာရီဝက်ခြားတစ်ခါ ဖုန်းသုံးတာရပ်ပြီး လမ်းထလျှောက်တာ၊ အပြင်ဘက်အလင်းရောင်ကို ကြည့်တာ၊ မျက်လုံးကို ခဏမှိတ်ပြီး အနားပေးတာမျိုး လုပ်ပေးပါ။ ညအိပ်ခါနီး မျက်စဉ်းခတ်ပါ၊ သို့မဟုတ် မျက်လုံးကို ရေခဲဝတ်ကပ်ပေးပါ။ ခါးမတ်မတ်ထိုင်ပြီးတော့ပဲ ဖုန်းသုံးပါ။ ခါးကုန်းထားတာ၊ လှဲအိပ်နေတာ၊ ဘေးတစ်စောင်းအိပ်ပြီး ဖုန်းသုံးတာမျိုး ရှောင်ပါ။ ရေများများ သောက်ပါ။ မသန့်ရှင်းတဲ့ လက်နဲ့ မျက်လုံးကိုမပွတ်ပါနဲ့။ ညဘက်ကို ၁၂ နာရီထက် နောက်မကျဘဲ အိပ်ပေးပါ။ အိပ်မပျော်ရင်လည်း တရားမှတ်ပြီး အိပ်ပါ၊ ဖုန်းထမသုံးပါနဲ့။

ဒီလိုတွေသာ ဆင်ခြင်လိုက်မယ်ဆိုရင် ဖုန်းကို စွဲလမ်းနေတာတွေလည်းလျှော့နည်းလာပြီး ကျန်းမာရေးလည်း အရင်ကထက်ပိုကောင်းလာနိုင်ပါတယ်။ 




Some text some message..