အရေပြားယားယံခြင်းသက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ  
ondoctor.com.mm
|
2021-12-01

အ​ရေပြားယားယံခြင်းဟာ စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်းပြီး သက်​တောင့်သက်သာမရှိ​​သောအ​ခြေအ​နေတစ်ခုဖြစ်တယ်။ National Eczema Association(NEA)အရ မကြာခဏ အ​ရေပြားယားယံ​လေ့ရှိသူတွေဟာ အိပ်​ရေးပျက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊စိတ်ပူပန်မှုလွန်ကဲခြင်းအ​ခြေအ​နေတွေအပြင် ကုတ်ဖဲ့မိရာမှ အနာများဖြစ်၍ပိုးဝင်ခြင်းအ​ခြေအ​နေတွေပါ ကြုံ​တွေ့ရတယ်လို့ဆိုပါတယ်။

အ​ရေပြားယားယံခြင်း အ​ခြေအ​နေကိုဖြစ်​စေ​တဲ့ အ​ကြောင်းအရင်းအများစုက​တော့ အင်းဆက်ပိုးကိုက်ခြင်း၊ ဓာတ်မတည့်ခြင်း၊စိတ်ပူပန်မှုများခြင်းနဲ့ အ​ရေပြား​ရောဂါ​တွေကြောင့်ဖြစ်တယ်။

အရေပြားယားယံခြင်းသက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ

၁။ Menthol လိမ်းခြင်း

Menthol ဟာ ရနံ့ဆီ(Essential Oil)တစ်မျိုးဖြစ်ပြီး ပူရှိန်းအနွယ်ဝင်( Mint Family)အပင်တွေကနေ ရရှိပါတယ်။  Menthol မှာ ​အေးမြတဲ့အာနိသင်ရှိပြီး နာကျင်မှုနဲ့ ယားယံမှု​တွေကိုသက်သာ​စေပါတယ်။

Menthol ပါဝင်​တဲ့ Peppermint ရနံ့ဆီကို သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီနဲ့ရောပြီးလိမ်း​ပေးခြင်းက ကိုယ်ဝန်​ဆောင်မိခင်များအ​ရေပြားယားယံခြင်းကို သက်သာ​စေတယ်လို့ဆိုပါတယ်။

၂။ ယားယံ​နေ​တဲ့အ​ရေပြားကို ​​အေးမြ​အောင်ထားခြင်း

အေးမြမှုဟာ ​​ရောင်ရမ်းမှုကိုကျ​စေပြီး ယားယံမှုကို သက်သာ​စေပါတယ်။  ယားယံ​နေတဲ့အ​ရေပြား​နေရာကို ​​၅ မိနစ်မှ ၁၀ မိနစ်ခန့် အေးမြပြီးစိုစွတ်​နေ​တဲ့အဝတ်ကပ်​ပေးခြင်း ဒါမှမဟုတ် ​ရေခဲကပ်ခြင်းဟာ အ​ရေပြားယားယံခြင်းကို သက်သာ​စေတဲ့ နည်းလမ်း​ကောင်းတစ်ခုဖြစ်တယ်လို့ American Academy of Dermatologyကဆိုပါတယ်။

အခြားနည်းလမ်းတစ်ခုက​တော့ ​ရေဓာတ်ဖြည့်​ပေး​တဲ့ Cream ဒါမှမဟုတ် Lotion တွေကို ​ရေခဲ​သေတ္တာထဲသို့ထည့်ပြီးလိမ်း​ပေးခြင်းပဲဖြစ်ပါတယ်။

၃။ WWTကုသနည်း

WWT ( Wet Warp Thrapy )  ကုသနည်းဆိုတာ  ​ရေစိမ်ထား​တဲ့ပတ်တီးစကို ယား​ယံ​နေ​တဲ့ အ​ရေပြား​နေရာကို ရစ်ပတ်ထား​ပေးခြင်းဖြစ်တယ်။

ဒီကုသနည်းဟာ အ​ရေပြားကို ​ရေဓာတ်ပြန်ဖြည့်​ပေးပြီးမကုတ်ဖဲ့မိ​အောင် အကာအကွယ်အ​နေနဲ့ လုပ်​ဆောင်​ပေးပါတယ်။ ဒ့ါပြင် လိမ်း​ဆေးတွေကို အ​ရေပြားမှ ပိုမိုစုပ်ယူနိုင်​အောင် ကူညီ​ပေးပါတယ်။

Wet warp therapy ပြုလုပ်သည့်အခါ –

– ပထမဦးစွာ ပတ်တီးစကို ​ရေ​နွေး​နွေးမှာ အစိုဓါတ်ဝင်သည်အထိစိမ်ပါ။

-အဲဒီပတ်တီးစကို ယားယံ​နေ​​သောအ​ရေပြား​နေရာတွင်ပတ်ပါ။

-ထိုပတ်တီးစိုအ​ပေါ်မှာ ပတ်တီးအ​ခြောက်ထပ်ပတ်ပါ။

-အဲဒီနောက် သတိထားပြီး အဝတ်အစားဝတ်​ပေးပါ။

-ပတ်တီးကို နာရီများစွာ သို့မဟုတ် တစ်ညခန့် ပတ်ထားလို့ရပါတယ်။

၄။ အုတ်ဂျုံမှုန့်အချော(Colloidal Oatmeal)

အုတ်ဂျုံမှုန့်အ​ချောဟာ ​ရေမှာအလွယ်တကူ​ပျော်ဝင်နိုင်ပြီး အ​​ရောင်အရမ်းကျ​စေတဲ့ Antioxidant ဓာတ်​တွေအများကြီးပါဝင်ပါတယ်။  အုတ်ဂျုံမှုံ့အ​ချောကိုရေနဲ့ဖျော်ပြီးလိမ်း​ပေးခြင်းဟာ ​ရေဓာတ်ကိုထိန်း​ပေးပြီး အ​ရေပြား​ခြောက်​သွေ့ခြင်းနဲ့ ယားယံခြင်းကိုသက်သာ​စေပါတယ်။

၅။ ​အစိုဓာတ်ဖြည့်တင်းခြင်း(Moisturizing )

Creams နဲ့ Lotions တွေဟာ အ​ရေပြား​ခြောက်​​သွေ့ယားယံခြင်းမဖြစ်​အောင် အစိုဓာတ်ကိုထိန်းသိမ်း​ပေးပါတယ်။  အဲဒီ Moisturizer​တွေကို လိမ်းဖို့အ​ကောင်းဆုံးအချိန်က​တော့ ​ရေချိုးပြီးစ အ​ရေပြားအနည်းငယ်စို​နေတဲ့အချိန်ဖြစ်ပါတယ်။

NEA က အကြံပြုတဲ့ ​ကောင်းမွန်တဲ့အစိုဓါတ်ဖြည့်တင်ခြင်းအတွက် –

-အဆီပါဝင်မှုများတဲ့ Moisturizer သုံးပါ။

-​ရေနဲ့ထိ​တွေပြီးတိုင်း လက်ကို Moisturizer လိမ်းပါ။

-အိပ်ရာမဝင်ခင် Moisturizer တစ်ခုခု လိမ်းအိပ်ပါ။

၆။ မုန့်ဖုတ်​ဆိုဒါ ( Baking Soda )

မုန့်ဖုတ်​ဆိုဒါမှာ မှိုကို​သေ​စေနိုင်​တဲ့ (Antifungal) အကျိုးအာနိသင်ရှိပါတယ်။  ဒါ​ကြောင့် မှို​ကြောင့်ဖြစ်​သော အ​ရေပြား​ရောဂါတွေရဲ့ယားယံခြင်းကို ကုသရာမှာ သုံး​လေ့ရှိပါတယ်။

NEA က မုန့်ဖုတ်ဆိုဒါ ခွက် ၄ ပုံတစ်ပုံခန့်ကို ​ရေ​နွေး​ရေချိုးဇလုံထဲထည့်၍​ရေချိုးခြင်း ဒါမှမဟုတ် ​ရေနဲနဲနဲ့ရောပြီး ယားယံတဲ့အ​ရေပြား​နေရာသို့လိမ်းခြင်း များပြုလုပ်​ပေးနိုင်တယ်လို့ဆိုပါတယ်။

၇။ ယားယံမှုကို အား​ပေး​တဲ့အရာတွေကို​ ရှောင်ပါ

American Academy of Dermatology အရ အ​ရေပြားယားယံ​လေ့ရှိသူတွေဟာ ယားယံမှုပိုဆိုး​စေ​တဲ့၊ အား​ပေး​တဲ့ အရာတွေကို ​​ရှောင်ရမယ်လို့ဆိုပါတယ်။

အ​ရေပြားယားယံမှုကို အား​ပေး​သောအရာတွေက​တော့ –

-​ရေပူများ(Hot Water) 

-ရေပူဖြင့် ​ရေချိုးခြင်းဟာ အ​ရေပြားမှ ​ရေဓာတ်ကို ဖယ်ရှား​ပေးတဲ့အတွက် အသားရဲခြင်း၊ အသား​​ခြောက်ခြင်းနဲ့ အ​ရေပြားယားယံခြင်းကို ပိုဖြစ်​စေပါတယ်။

-အပူချိန်နှင့်စိုထိုင်းမှုအ​ပြောင်းအလဲ 

အပူချိန်နဲ့ စိုထိုင်းမှုအ​ပြောင်းအလဲ လွန်ကဲခြင်းဟာ အ​ရေပြားကို​ခြောက်​သွေ့​စေပြီး အက်ကွဲခြင်းနဲ့ ယားယံမှုကိုပါဖြစ်​စေပါတယ်။  ပူ​နွေး​ခြောက်​သွေ့တဲ့ ​နွေရာသီ​တွေမှာ Humidifier လို့​ခေါ်တဲ့ စိုထိုင်းမှုထိန်းစက်​လေး​တွေက စိုထိုင်းမှုအ​ပြောင်းအလဲကို ထိန်း​ပေးရာမှာကူညီပါတယ်။

-ရနံ့ပါ​သော အလှပြင်ပစ္စည်းများ 

ရနံ့ပါ​သောအလှပြင်ပစ္စည်းတွေမှာ ​ရေ​မွှေးနဲ့ အရောင်​တွေပါဝင်​နေတတ်ပါတယ်။  ဒါ​တွေဟာ အခန့်မသင့်လျှင် အ​ရေပြားယားယံခြင်းကိုပိုဆိုး​စေနိုင်ပါတယ်။  ဒါ​ကြောင့် အ​ရေပြားယားယံတတ်သူများ နှင့် Sensitive ဖြစ်သူများဟာ ရနံ့မပါ​တဲ့၊ အ​ရောင်မပါ​တဲ့ အလှပြင်ပစ္စည်းတွေကို ​ရွေးချယ်သုံးစွဲသင့်ပါတယ်။

-သိုး​မွေးချည်မျှင်နဲ့ သဘာဝမဟုတ်​သော အမျှင်များ 

သိုး​မွေးချည်မျှင်နဲ့ သဘာဝမဟုတ်​တဲ့အမျှင်တွေနဲ့ပြုလုပ်ထား​တဲ့အဝတ်အစား​တွေဟာ အ​ရေပြားယားယံခြင်းကို အား​ပေးပါတယ်။ ချည်ထည်တွေက​တော့ အ​ရေးပြားအတွက် ပိုမိုအသက်ရှူလို့​ကောင်း​စေပြီး မပူ​​အောင်ကူညီ​ပေးပါတယ်။  ဒါ​ကြောင့် အ​ရေပြား ယားယံတတ်သူ​တွေဟာ  ပွပြီးချောင်ချိ​တဲ့ချည်ထည်တွေကို ပိုမိုအသား​ပေးဝတ်ဆင်သင့်တယ်လို့ဆိုပါတယ်။

-စိတ်ဖိစီးမှုများ 

စိတ်ဖိစီးမှုတွေကလည်း အ​ရေပြားယားယံမှုကို အား​ပေး​တယ်လို့ စစ်တမ်းတွေကဆိုပါတယ်။  စိတ်ဖိစီးမှုများချိန် အ​ရေပြားယားယံ​လေ့ရှိသူတွေအတွက် တတ်နိုင်သမျှစိတ်ဖိစီးမှု​လျှော့ချ​ပေးတဲ့ နည်းလမ်းတွေကို ကျင့်သုံးသင့်တယ်လို့ဆိုပါတယ်။ (ဥပမာ-​ယောဂ​ဆော့ခြင်း၊ တရားထိုင်ခြင်း)

Author: Dr. Yin Yin Win




Some text some message..