ရော်နယ်ဒိုရဲ့ ဂိုးတွေနဲ့ အာဆင်နယ်ကို comeback နိုင်ပွဲရယူခဲ့ပြန်တဲ့ ယူနိုက်တက် (ပွဲပြီး)
ballonestar.com
|
2021-12-03

ယူနိုက်တက် ၃ - ၂ အာဆင်နယ်  

စမစ်ရို ၁၇ မိနစ်

ဖာနန်ဒက်စ် ၄၄ မိနစ်

ရော်နယ်ဒို ၅၂ မိနစ်

အိုဒီဂတ် ၅၄ မိနစ်

ရော်နယ်ဒို ၇၀ မိနစ်

မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်ဆိုတဲ့အတိုင်း အစဉ်အလာပြိုင်ဘက်တွေပီပီ ပွဲကအကျိတ်အနယ်နဲ့  ကြည့်ကောင်းခဲ့ပါတယ်။ အာဆင်နယ်ကလည်း ဒီပွဲမတိုင်မီ နောက်ဆုံး ၁၃ ပွဲမှာ လီဗာပူးနဲ့ တစ်ပွဲပဲ ရှုံးထားပြီး ယူနိုက်တက်ကလည်း ယာယီနည်းပြ မိုက်ကယ်ကာရစ်လက်ထက် ၂ ကစားပြီး ၁ ပွဲနိုင် ၁ ပွဲသရေရလဒ် စွမ်းဆောင်ထားပါတယ်။

ပွဲထွက်လူစာရင်းမှာဆိုရင် ရော်နယ်ဒိုဦးဆောင်လာတဲ့ တိုက်စစ်ကို ရက်ရှ်ဖို့ဒ်နဲ့ဆန်ချိုကို ရံပြီးပွဲထုတ်လာပါတယ်။ ပုံမှန်ကစားနေကျ နေရာတွေဖြစ်တဲ့ ဘယ်တောင်ပံ ရက်ရှ်ဖို့ဒ်၊ ညာတောင်ပံ ဆန်ချိုအစား ဘယ် ဆန်ချို၊ ညာ ရက်ရှ်ဖို့ဒ်ကစားကွက်နဲ့ ပွဲထွက်လာပြီး နံပါတ် ၁၀ နေရာမှာတော့ ဘရူနိုဖာနန်ဒက်စ်ပဲ ကစားခဲ့ပါတယ်။ အာဆင်နယ်ကတော့ အူဘာမီယန်ကို အထောင်ထားပြီး စမစ်ရိုကို ဘယ်ခြမ်း ဆာကာရဲ့နေရာဖြစ်တဲ့ ညာခြမ်းမှာတော့ မာတီနယ်လီကို ပြန်လည်ပွဲထုတ်လာခဲ့ပါတယ်။

ပွဲစစချင်းမှာ အာဆင်နယ်ရဲ့ ကစားကွက်မိခဲ့ပြီး အိမ်ရှင်ယူနိုက်တက်အပေါ် အသာစီး ရယူနိုင်ခဲ့ပါတယ်။ အစောပိုင်း ၁၀ မိနစ်အတွင်းမှာတင် ထောင့်ကန်ဘောတွေ ဆက်တိုက်ရရှိခဲ့ပြီး ပွဲချိန် ၁၃ မိနစ်မှာတော့ ထောင့်ကန်ဘောကို ကာကွယ်ဖို့ကြိုးစားရင်း ဒီဂီယာကို ဖရက်ဒ်နောက်ကနေ တက်နင်းမိခဲ့လို့ လဲကျနေချိန် စမစ်ရိုက အဝေးကန်ချက်နဲ့ ဂိုးသွင်းယူသွားခဲ့ပါတယ်။ ပုံမှန်ဆို fir ly အနေအထား ဖြစ်နေပေမယ့် စမစ်ရိုက ဂိုးကန်သွင်းခဲ့တာကြောင့် စည်းမျဉ်းအရ ဂိုးအဖြစ်သတ်မှတ်လို့ရတာကြောင့် ကွင်းလယ်ဒိုင်မာတင်အက်ကင်ဆန်က VAR ဒိုင်ရဲ့ သဘောအတိုင်း အာဆင်နယ်အသင်းကို ဂိုးပေးခဲ့ပါတယ်။

အငြင်းပွားဖွယ် အနေအထားနဲ့ ဂိုးပေးလိုက်ရပြီးနောက်မှာတော့ ယူနိုက်တက်ရဲ့ ကစားကွက်ပိုမိသွားခဲ့ပြီး အာဆင်နယ်ဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းပြီးဖို့ မိနစ်ပိုင်းအလိုမှာတော့ အမှားတွေကျူးလွန်မိခဲ့တဲ့ ဖရက်ဒ်ရဲ့ အာဆင်နယ်ဂိုးစည်းထဲမှာ အကွက်မြင်မြင် ပေးပို့မှုကို ဘရူနိုဖာနန်ဒက်စ်က ပိတ်သွင်းပြီး ချေပဂိုးပြန်လည် ရယူသွားခဲ့လို့ ပထမပိုင်းကို ၁-၁ နဲ့ ပြီးခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ယူနိုက်တက်က ကစားကွက်ပိုင်း ပိုမိုစိုးမိုးနိုင်ခဲ့ပြီး အာဆင်နယ်ခံစစ် ဘယ်ခြမ်းဖြစ်တဲ့ နူနိုတာဗာရက်စ်ဖက်ကနေ ရက်ရှ်ဖို့ဒ်နဲ့ ဒါလော့တို့ရဲ့ ဆက်တိုက်ထိုးဖောက်တွေ စိတ်လာပြီး ပွဲချိန် ၅၂ မှာပဲ ရက်ရှ်ဖို့ဒ်ရဲ့ ပေးပို့မှုကိုရော်နယ်ဒိုက ပိတ်သွင်းပြီး ဦးဆောင်ဂိုး ပြန်လည်ရယူသွားခဲ့တယ်။

ဒါပေမယ့် နောက်ထပ် ၂ မိနစ်အကြာမှာပဲ မာတီနယ်လီရဲ့ ပေးပို့မှုကို အိုဒီဂတ်အဆုံးသတ်ကာ ၂-၂ ပြန်ဖြစ်သွားစေခဲ့ပါတယ်။ ပွဲချိန် မိနစ် ၇၀ ဝန်းကျင်မှာပဲ အစောပိုင်းပွဲချိန်တွေကလွဲလို့ ကျန်ပွဲတစ်လျှောက်လုံး ယူနိုက်တက်ကွင်းလယ်မှာ လုပ်အားနှုန်းကောင်းကောင်းနဲ့ ခံစစ်ရော၊ တိုက်စစ်ပါ လိုက်ကစားပေးနေတဲ့ ဖရက်ဒ်ကို အာဆင်နယ်ဂိုးစည်းထဲမှာ အိုဒီဂတ်ရဲ့ လျှောထိုးဖြတ်ထုတ်ခဲ့တာကြောင့် VAR ပြန်စစ်ပြီးနောက် ယူနိုက်တက်ကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့ပါတယ်။ ပင်နယ်တီကိုတော့ ကန်နေကျ ဖာနန်ဒက်စ်မကန်ပဲ ရော်နယ်ဒိုကပဲ ကန်သွင်း ဒုတိယမြောက်ဂိုး ရယူသွားခဲ့ပါတယ်။

အချုပ်အားဖြင့်ပြောရရင်တော့ ယူနိုက်တက်ရဲ့ ဒုတိယပိုင်းခြေစွမ်းကတော့ တော်တော်လေး အားရစရာ ကောင်းခဲ့ပါတယ်။ အထူးသဖြင့် ဖရက်ဒ်ဖြစ်ပြီး အစောပိုင်းအမှားတွေက လွဲရင်တစ်ပွဲလုံးနီးပါး ခြေစွမ်းပြခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုကို နေရာပြောင်း ကစားခိုင်းထားတာကတော့ မေးခွန်းထုတ်ချင်စရာပါ။ ရော်နယ်ဒိုကတော့ ရော်နယ်ဒိုအတိုင်း ဂိုးတွေနဲ့ သက်သေပြသွားပြန်ပြီး ကစားသမားဘ၀ ဂိုး ၈၀၀ ပြည့်ကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်အတွက်တော့ လီဗာပူးနဲ့ ယူနိုက်တက်တို့ကို ဆက်တိုက်ရှုံးသလိုဖြစ်သွားခဲ့ပါတယ်။

ဒါပေမယ့် ဒီပွဲမှာ အာတီတာရဲ့ လူထုတ်ပုံကလည်း နည်းနည်း အားနည်းသွားတယ်လို့ ပြောလို့ရတယ်။ ကွင်းလယ်မှာ အယ်နီနီနဲ့ပါတေး တွဲထုတ်တာက အဓိကအမှားတစ်ခုလို့ ယူဆလို့ရပြီး အူဘာမီယန် ခြေစွမ်းမပြနိုင်တာကလည်း အာဆင်နယ်ကို ပိုအားနည်းသွားစေခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်က အဆင့် ၇ နေရာကို ရမှတ် ၂၁ မှတ်နဲ့ အဆင့် ၈ က ဝုဗ်ထက်ဂိုးအရေအတွက် အသာနဲ့ တက်လာခဲ့ပါတယ်။ အဆင့် ၅ နေရာက အာဆင်နယ်ကတော့ အပြောင်းအလဲမရှိပေမယ့် ဒီနှစ်သင်းကြား အမှတ်ကွာဟမှုက ၂ မှတ်သာရှိပါတော့တယ်။





Some text some message..