
အကြောင်းအရင်းသိပ်မရှိဘဲ ခန္ဓာကိုယ်မှာအလေးချိန်တွေ တိုးလာတယ်။ အစားလည်းသိပ်မစားဘူး၊ လှုပ်လှုပ်ရှားရှားလည်းရှိရဲ့နဲ့ ဝလာပါတယ်။ ဒီလိုအဖြေရှာနေတဲ့သူတွေအတွက် ဝလာရတဲ့ အကြောင်းအရင်း တွေ ရှိပါတယ်။ အစားမက်တဲ့သူလည်းမဟုတ်၊ အထိုင်များတဲ့သူမဟုတ်ဘဲ ဝလာစေတဲ့အကြောင်းအရင်းတွေ ကဘာလဲဆိုတာကြည့်ုလိုက်ကြရအောင်နော်။
(၁) စိတ်ကျရောဂါ
ကိုယ်အလေးချိန်တက်လာရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုကတော့ စိတ်ကျရောဂါရဲ့ မြင်သာတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုပါ။ စိတ်ဓါတ်ကျနေတဲ့သူတွေက စိတ်ဖိစီးမှုဟော်မုန်းcortisol ပမာဏမြင့်မားနေတဲ့အတွက် ဝမ်းဗိုက်တဝိုက်မှာ အဆီတွေစုစေပါတယ်။ အစားမမှန်၊ လှုပ်ရှားမှုမမှန် လောက်အောင် စိတ်ဓါတ်ကျနေတဲ့အတွက် ဝိတ်တက်လာတာလည်းပါပါတယ်။ ပိုဆိုးတာက စိတ်ကျဝေဒနာ ကိုကုသတဲ့ဆေးဝါးတွေကြောင့်လည်း ဝလာစေနိုင်ပါတယ်။

(၂) အိပ်မပျော်တဲ့ရောဂါ
တစ်ညကို အနည်းဆုံး ၆ နာရီပြည့်အောင် အိပ်မပျော်နိုင်တဲ့သူတွေဟာ ပိုဝလာလေ့ရှိပါတယ်။ အိပ်ချိန်မှန်ပြီး အိပ်ရေးဝတာကသာ သူတို့အတွက် ကိုယ်အလေးချိန်ထိန်းဖို့အကောင်းဆုံးနည်းလမ်းပါပဲ။ အိပ်ရေးပျက်ရင် ခန္ဓာကိုယ်က cortisol ဟော်မုန်းနဲ့အင်ဆူလင်ထုတ်လုပ်မှုများလွန်းပြီး ကိုယ်အလေးချိန်တက်စေတာပါ။ ဒီဟော်မုန်းကြောင့်ပဲ ဆာလောင်မှုကိုပိုနှိုးဆွပြီး အဆီများတာတွေ၊ အချိုများတာတွေကို စားချင်စိတ်တွေ ထိန်းမရဖြစ်စေပြီး ကိုယ်အလေးချိန်တွေ တိုးလာတာဖြစ်ပါတယ်။

(၃) နှလုံးရောဂါ
နှလုံးကသွေးမညှစ်နိုင်တော့တဲ့အထိ နှလုံးစွမ်းဆောင်ရည်ကျဆင်းလာတဲ့အခါ ရုတ်တရက် ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ တစ်ပတ်အတွင်း ၅ပေါင်တက်လာတာမျိုး။ ဒါအပြင်ခြေထောက်တွေရောင်လာတာ၊ နှလုံးခုန်မြန်တာ၊ အသက်ရှူကြပ်တာ၊သွေးတိုးတာ၊ အရမ်းမေ့တတ်လာတာတွေဖြစ်လာနိုင်ပါတယ်။ နှလုံးရောဂါ ရှိတဲ့အတွက် ခန္ဓာကိုယ်က ပင်ပန်းမှုဒဏ်တွေ မခံနိုင်တာကြောင့် လှုပ်ရှားမှု နည်းပြီး ကိုယ်အလေးချိန်တွေ တိုးလာတာဖြစ်ပါတယ်။

(၄) အိပ်ပျော်ချိန်အသက်ရှူခေတ္တရပ်ခြင်း (Sleep Apnea)
အရှင်းဆုံးပြောရရင်တော့ အိပ်ရင်အရမ်းဟောက်တတ်တဲ့သူတွေပေါ့။ ဒီအပြင်နေ့ဘက်မှာ တောင်ခေါင်းမကြည်၊ အိပ်ချင်မူးတူးအမြ ဲဖြစ်နေတယ်ဆို ဒီရောဂါရဲ့လက္ခဏာဖြစ်နေုနိုင်ပါတယ်။ ဒီလိုလူတွေဟာ အိပ်ပျော်နေတဲ့ အချိန်မှာ အသက်ရှူလမ်းကြောင်းက စက္ကန့်အနည်းငယ်တိုင်းမှာ အသက်ရှူရပ်ရပ်သွားတတ်တာဖြစ်ပါတယ်။ sleep apneaကြောင့် ဝလာတာ၊ အဝလွန်တာတွေဖြစ်စေနိုင်တဲ့အပြင် အသည်းရောဂါတွေ၊ နှလုံးရောဂါနဲ့ သွေးတိုးတတ်ခြင်းတို့ကိုပါဖြစ်စေနိုင်ပါတယ်။

(၅) ဖောလာခြင်း
ဝတာက အသားတွေပွတတနဲ့နေရတာတမျိုးဖြစ်နေလား။ ခန္ဓါကိုယ်ထဲမှာအထူးသဖြင့် လက်မောင်းနဲ့ ခြေထောက်တွေမှာ ရေတွေစုနေတဲ့အခါဖောရောင်ခြင်းဖြစ်လာတာပါ။ခြေထောက်တွေကဖောရောင်ပြီး တင်းနေတော့ လှုပ်ရှားလို့မကောင်းတော့ပါဘူး။ ဒီလက္ခဏာတွေဖြစ်လာရင် ရိုးရိုးဝတာမဟုတ်တဲ့အတွက် ကုသမှုခံယူသင့်ပါတယ်။ ဖောရောင်ခြင်းတစ်ခုတည်းကတော့ပြဿနာကြီးမဟုတ်ပေမယ့်ပြဿနာရှိနေတာက နှလုံး၊ ကျောက်ကပ်၊အသည်းနဲ့အဆုတ်ရောဂါတွေလိုမျိုး သူ့ရဲ့နောက်ကွယ်က ရောဂါ အကြောင်းရင်းခံ တွေဖြစ်ပါတယ်။

(၆) စတီးရွိုက်သောက်သုံးရတဲ့ရောဂါတွေ
ပန်းနာရင်ကျပ်၊ အဆစ်ရောင်နာနဲ့တခြားရောဂါတွေအတွက် သုံးလေ့ရှိပါတယ်။ corticosteroids လို့ခေါ်တဲ့ဆေးတွေကို ဆရာဝန်ကညွှန်းလာနိုင်ပါတယ်။ တီးရွိုက်ဆေးတွေသောက် သုံးရတဲ့ပမာဏ များလာလေ သို့မဟုတ် ကြာလာလေ ပိုဆာလောင်လေပါပဲ။ မဆင်မခြင်စားသောက်တာတွေဖြစ်လာစေနိုင်ပြီး ဝလာနိုင်တာပေါ့။

(၇) အသုံးများတဲ့ဆေးဝါးတချို့
တချို့ဆေးတွေက ဆာလောင်မှုကိုအားပေးတယ်၊ တချို့က ကယ်လိုရီလောင်ကျွမ်းမှုကိုနှေးစေတယ်၊ ခန္ဓါကိုယ်ရဲ့အာဟာရဓါတ်တွေကို စုပ်ယူနိုင်စွမ်းအပေါ် သက်ရောက်ပြောင်းလဲစေတယ်။ ဥပမာ သန္ဓေတားသောက်ဆေး၊ စိတ်ရောဂါနဲ့ပတ်သက်တဲ့ဆေးဝါးတွေ၊ ဝက်ရူးပြန်ရောဂါသောက်ဆေး၊ သွေးတိုးကျဆေးတွေ ပါဝင်ပါတယ်။

(၈) သွေးဆုံးခြင်း
သွေးဆုံးချိန်မှာ အက်စထရိုဂျင်ဟော်မုန်းနည်းလာလို့ ဝမ်းဗိုက်တဝိုက်မှာအဆီတက်လာနိုင်ပါတယ်။ ဒါပေမယ့် အကြောင်းရင်းက ဒီတစ်ချက်တည်းတော့မဟုတ်ပါဘူး။ အအိပ်မမှန်ဘူး၊ စိတ်ကျနေတယ်၊ စိတ်မတည်ငြိမ် ဖြစ်နေတယ်ဆို အစားအသောက်၊အနေအထိုင်တွေက ကျန်းမာရေးနဲ့မညီတဲ့ဘက်ကို ယိမ်းသွားနိုင်ပါတယ်။