Macrocytic Anemia ဆိုတဲ့ သွေးနီဥဆဲလ်တွေ ပုံမှန်ထက်ပိုကြီးပြီးသွေးအားနည်းတဲ့ရောဂါ
ondoctor.com.mm
|
2022-01-22

သွေးအားနည်းရောဂါဖြစ်စေနိုင်သည့် အကြောင်းအရင်းများအနက်တစ်ခုမှာ သွေးနီဥဆဲလ် RBC (Red Blood Cells) ပုံမှန်ထက်ပိုကြီးပြီး သွေးအားနည်းသည့်ရောဂါ (Macrocytic Anemia/ Megalocytosis / Microcythemia) ဖြစ်ပါသည်။ လူ၏သွေးထဲတွင်ရှိသည့် သွေးနီဥဆဲလ်များသည် ပုံမှန်ထက်ကြီးမားနေပြီး ပုံမှန်အရွယ်အစားရှိသည့် သွေးနီဥဆဲလ်များ နည်းလာသည့်အခါ Macrocytic Anemia ဖြစ်ပေါ်လာပါသည်။ သွေးနီဥအရွယ်အစား Mean Cell Volume (MCV) ပုံမှန်ရှိရမည်ထက်ကြီးလျှင် (>100 fL) Macrocytic ဟုသတ်မှတ်ပါသည်။ သွေးနီဥဆဲလ်တွေ ပုံမှန်ထက်ပိုကြီးပြီး သွေးအားနည်းသည့်ရောဂါ အမျိုးအစား၂မျိုးမှာ Megaloblastic (အဖြစ်များဆုံးအမျိုးအစား) နှင့် Nonmegaloblastic အမျိုးအစားတို့ဖြစ်ပါသည်။

Macrocytic Anemia ဖြစ်နိုင်သည့် အကြောင်းရင်းများမှာ  ရိုးတွင်းချဉ်ဆီမှ သွေးနီဥဆဲလ်များကို စတင်ထုတ်လုပ်ရာတွင် ပုံမမှန်သောကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ အဖြစ်များဆုံးအကြောင်းရင်း ၂ မျိုးမှာ ဆဲလ်များဖွဲ့စည်း တည်ဆောက်မှုတွင် အရေးပါသည့် ဗီတာမင်ဘီ B12 နှင့် ဖော်လစ်အက်စစ်  ချို့တဲ့ခြင်းကြောင့်ဖြစ်၍ ဗီတာမင်ချို့တဲ့သွေးအားနည်းရောဂါဟုလည်း သတ်မှတ်ကြသည် (Vitamin deficiency Anemia)။

ဗီတာမင် B12 သည် အသားများတွင်အဓိကပါဝင်သဖြင့် သက်သတ်လွတ်စားသူများသည် ဗီတာမင်ချို့တဲ့ခြင်း ပိုကြုံတွေ့နိုင်ချေရှိပါသည်။ အစာအိမ်အူလမ်းကြောင်းမှ အာဟာရများ မစုပ်ယူနိုင်သည့်ရောဂါ၊ ကိုယ်ခံအားရောဂါများ၊ အရက်အလွန်အကျွံသောက်ခြင်း၊ အသည်းရောဂါ၊ သိုင်းရွိုက်​ဟော်မုန်းနည်းသည့်ရောဂါ၊ ကင်ဆာဆေးများ၊ HIV ဆေးများကဲ့သို့ အချို့ ဆေးများနှင့် သွေးအလွန်အကျွံဆုံးရှုံးပြီးနောက် ရိုးတွင်းချဉ်ဆီမှ သွေးနီဥများ ထုတ်လုပ်ရာတွင် ပုံမမှန်၍လည်းကောင်း၊ Myelodysplastic Syndrome သွေးကင်ဆာရောဂါ စသည်တို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။

အစားအသောက်ပျက်ပြီး ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ဝမ်းပျက်ခြင်း၊ ဖြူဖျော့ပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ သွေးပေါက်တက်ခြင်း၊ ခြေသည်းလက်သည်းများ ကြွပ်ဆတ်ကာ ကျိုးပဲ့လွယ်ခြင်း၊ အသက်ရှူမြန်ခြင်း၊ ခြေလက်များ ထုံကျင်နာကျင်ပြီး အားနည်းခြင်း၊ လမ်းလျှောက်ရန်ခက်ခဲခြင်း၊ အာရုံစူးစိုက်ရန်ခက်ခဲခြင်း၊ မှတ်ဉာဏ်အားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ နီရဲယောင်ရမ်းပြီး လျှာပြောင်ချောနေခြင်း၊ သားသမီးမရနိုင်ခြင်း စသည့် လက္ခဏာများကို တွေ့ရနိုင်သည်။

အထက်ပါလက္ခဏာများ ခံစားရလျှင် ဆရာဝန်များမှ မိမိ၏ စားသောက်နေထိုင်မီုပုံစံ၊ ရောဂါရာဇဝင်နှင့် သောက်သုံးနေသည့်ဆေးများအကြောင်း မေးမြန်းပြီး Complete Blood Picture (CBP) ခေါ် သွေးနီဥဆဲလ်ပမာဏနဲ့ အရွယ်အစားပုံမှန်မမှန် စစ်ဆေးခြင်း၊ Vitamin B-12 test သွေးတွင်းရှိ ဗီတာမင် B-12 ပမာဏ စစ်ဆေးခြင်း၊ Folic acid test သွေးတွင်းရှိ ဖောလစ်အက်ဆစ်ပမာဏ စစ်ဆေးခြင်းတို့ကို ပြုလုပ်ပြီး ရောဂါအခြေအနေကို သိရှိနိုင်ပါသည်။

ကုသမှုအနေဖြင့် ရောဂါဖြစ်စေသည့် အကြောင်းရင်းကို ရှာဖွေကုသခြင်း၊ ဗီတာမင်ချို့တဲ့မှုရှိခဲ့လျှင် သောက်ဆေး၊စားဆေး၊ အစားအစာစားသောက်ခြင်းဖြင့် ဖြည့်စွက်ကုသမှုခံယူခြင်း၊ သွေးအားနည်းမှုအခြေအနေကို ပုံမှန်ပြန်လည်စစ်ဆေးခြင်းတို့ ပြုလုပ်ခြင်းဖြင့် ကုသလေ့ရှိပါသည်။ သွေးနီဥဆဲလ်ပုံမှန်ထက် ပိုကြီးပြီး သွေးအားနည်းသည့် ရောဂါသည် အချိန်မှီမကုသလျှင် ကိုယ်ဝန်ဆောင်များတွင် အချိန်မတိုင်ခင် စော၍မီးဖွားခြင်း၊ နှလုံးလုပ်ဆောင်မှုအားနည်းပြီး အသက်အန္တရာယ်ရှိနိုင်သည်ထိ ပြင်းထန်သောကြောင့် စာဖတ်သူများအနေဖြင့် အလေးထားသတိပြုနိုင်ရန် ရေးသားမျှဝေလိုက်ရပါသည်။

Author: Dr. Yee Mon




Some text some message..