အမှောင်ထဲမှာ ဖုန်းသုံးခြင်းနှင့်မျက်စိအန္တရာယ်
ondoctor.com.mm
|
2022-08-19

လူတွေရဲ့ နေ့စဉ်ဘဝ လုပ်ဆောင်မှုရဲ့ အခန်းကဏ္ဍ တော်တော်များများမှာ အီလက်ထရောနစ် မိုဘိုင်းဖုန်းကဲ့သို့ ပစ္စည်းများ အသုံးပြုခြင်းဟာ ပါဝင်လျက်ရှိပါတယ်။ နည်းပညာခေတ်ရဲ့ လိုအပ်ချက်အရ ဆက်သွယ်ခြင်း၊ အလုပ်လုပ်ခြင်း၊ စာလေ့လာခြင်းမှ အနားယူအပန်းဖြေခြင်းထိ သုံးစွဲနေရသောကြောင့် မိုဘိုင်းဖုန်းသုံးခြင်းဟာ အရေးပါသောအရာတစ်ခုဖြစ်လာပါတယ်။ ဒီလိုဖုန်းသုံးတာ များလာတာနဲ့အမျှ အချိန်နဲ့အမျှ ဖုန်းကိုကြည့်နေတဲ့အတွက် အမှောင်ထဲမှာ ဖုန်းသုံးခြင်းကိုလည်း လူအတော်များများ ပြုလုပ်လျက်ရှိပါတယ်။

မိုဘိုင်းဖုန်းမှ ထုတ်လွှတ်သော အပြာရောင်အလင်းတန်း blue light emission ကြောင့် မျက်လုံးဒါဏ်ပိခြင်း၊ မျက်လုံးကို ထိခိုက်ခြင်းမှ အမြင်အာရုံဆုံးရှုံးခြင်းထိ ဖြစ်စေနိုင်ပါသည်။ ဖုန်းမျက်နှာပြင်မှထွက်သော အပြာရောင်အလင်းတန်းဟာ ၄၃၅- ၅၀၀ နာနိုမီတာ ရှိပြီး ရောင်ခြည်အလင်းတန်းများအနက် လှိုင်းမီတာအတိုဆုံးဖြစ်ပြီး အခြား အနီရောင် red light၊ အဝါရောင် yellow light၊ အစိမ်းရောင် green light တို့ထက် ပိုပြီးပြင်းအား များပါတယ်။ blue light ဟာ မျက်လုံးအတွင်းရှိ အလင်းကိုတုံ့ပြန်သောဆဲလ်များကို ထိခိုက်စေပြီး အလင်းဆုံမှတ်နေရာ ပျက်စီးခြင်း macula degeneration ကို ဖြစ်စေပါတယ်။

ပြင်းထန်သော အပြာရောင်အလင်းတန်းနှင့် မျက်လုံးထိတွေ့မှုကြောင့် မျက်လုံးညောင်းညာပင်ပန်းခြင်းတို့မှစကာ မျက်ရိုးကိုက်ခြင်း၊ မျက်တောင်ပုံမှန်ခတ်မှု မရှိတော့ခြင်း Blinking dysfunction၊ အနီးမှုန်ခြင်း၊ အဝေးမှုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မိုင်ဂရင်း ခေါ် ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ လည်ပင်းနှင့် ပုခုံးကြွက်သားများ နာကျင်ခြင်းမှ မျက်ကြည်လွှာထိခိုက်ခြင်းအထိ ဖြစ်နိုင်ပါတယ်။

ပုံမှန်အားဖြင့် မျက်လုံးကို ဒါဏ်ဖြစ်စေသော ပြင်ပမှဖိစီးမှုများမှ ကာကွယ်ပေးနိုင်သည့် ဓါတ်တိုးဆန့်ကျင်သတ္တိရှိသော antioxidants မော်လီကျူးများ ရှိပါတယ်။ ဖုန်းမျက်နှာပြင်မှ တောက်လျှောက်ထွက်သော အပြာရောင်အလင်းများက ထိုမော်လီကျူးများရဲ့ ကာကွယ်နိုင်စွမ်းကို ပျက်စီးစေပါတယ်။ မျက်လုံးရှိ အလင်းလက်ခံသော ဆဲလ်များ Photoreceptive cells ပျက်စီးသွားပြီးလျှင် ခန္ဓာကိုယ်မှ အသစ်ပြန်လည် တည်ဆောက်နိုင်စွမ်း မရှိပါ။ ဖုန်းကိုအမှောင်ထဲမှာ အာရုံစူးစိုက် ကြည့်ရှုတဲ့အခါ မျက်တောင်မခတ်ပဲ အချိန်ကြာကြာထားမိတဲ့အတွက် မျက်လုံးခြောက်သွေ့ကာ မျက်ရိုးကိုက်ခြင်း၊ အာရုံကြောထိခိုက်ခြင်းတို့ ဖြစ်လာရပါတယ်။

ဒါ့ပြင် အပြာရောင်အလင်းတန်းရဲ့ လှုံ့ဆော်မှုကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို ထိန်းညှိပေးသော မက်လက်တိုနင်ဟော်မုန်းကို melatonin ထွက်ရှိမှုကို မှုမမှန်ဖြစ်စေသောအတွက် ညအမှောင်ထဲတွင် ဖုန်းသုံးနေသော်လည်း အိပ်ငိုက်ခြင်းမဖြစ်ဘဲ အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အမှောင်ထဲဖုန်းသုံးလျှင် အိပ်မပျော်ဖြစ်ကာ ဆက်ပြီးဖုန်းသုံးစွဲခြင်း ပြုမိပြီး အလင်းတန်းများနှင့် ထိတွေ့မှုပိုရကာ မျက်စိအတွက်အန္တရာယ် ပိုဖြစ်စေနိုင်ပါတယ်။

သုတေသန တွေ့ရှိချက်များအရ အမေရိကန်နိုင်ငံရှိ လူပေါင်း ၁၁ သန်းဟာ အသက်အရွယ် ကြီးလာခြင်းကြောင့် အလင်းဆုံမှတ်နေရာ ပျက်စီးခြင်း age related macula degeneration ကို ခံစားနေရပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ခန့်မှန်းချက်အရ ၂၀၄၀ ခုနှစ်တွင် ၂၈၈ သန်းခန့် ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မျက်လုံးအတွက် ထောက်ပံ့ပေးသော antioxidants များ ပါဝင်သော GNC lutein ကဲ့သို့ ဖြည့်စွက်ဆေးများဟာ အသက်အရွယ်ကြီးသူများနှင့် ဖန်သားပြင် ကြည့်ရှုမှု screen time များသူများတွင် တွေ့ရသော မျက်စိအားနည်းခြင်း၊ အမြင်အာရုံ မှုန်ဝါးခြင်းနှင့် မျက်ရည်ပူကျခြင်းများကို ကာကွယ်ပေးနိုင်ပါတယ်။

အမှောင်ထဲမှာ အာရုံစူးစိုက်ရသော ဖုန်းသုံးခြင်းကို ရှောင်ခြင်း၊ မျက်စိကို အနားပေးခြင်း၊ မျက်စိကို ကာကွယ်ပေးသော blue light block screen နှင့် မျက်မှန်များ သုံးခြင်း၊ screen time လျှော့ချခြင်း၊ အမြင်အာရုံကို ကောင်းမွန်စေသော ဗီတာမင်ကြွယ်ဝသည့် အစားအစာ၊ ဖြည့်စွက်အားဆေးများ မှီဝဲခြင်းတို့ဖြင့် မျက်စိအန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

Author : Dr. Yee Mon




Some text some message..