နှာစေး၊ နှာမွှန်ဖြစ်ရင် ဘာလုပ်ရမလဲ?
ondoctor.com.mm
|
2022-08-23

နှာစေး၊နှာမွန်ဖြစ်ခြင်းဟာ အများအားဖြင့် ဖျားနာကိုက်ခဲတာနဲ့တွဲဖြစ်လေ့ရှိပါတယ်။ ခန္ဓာကိုယ်ကို ရေနဲ့လေအထိများပြီး အအေးမိလို့ဖြစ်တာပါ။ မိုးရာသီနဲ့ဆောင်းရာသီမှာ ပိုဖြစ်တတ်ပါတယ်။ ဖျားနာကိုက်ခဲတာပျောက်သွားရင်တောင် နှာစေး၊နှာမွှန်တာက နောက်တပတ်လောက်ထိ ကျန်နေတတ်လေ့ရှိပါတယ်။

နှာစေး၊နှာပိတ်ဖြစ်တဲ့အခါ တော်တော်ခံရခက်ပါတယ်။ နှာစေးနေရင်းကနေလည်း နှာခေါင်းပိတ်သွားတတ်သလို၊ နှာခေါင်းပိတ်ရာကနေလည်းနှာရည်ယိုပြီး နှာစေးတတ်ပါတယ်။ နှာစေးတဲ့အခါ နှာရည်တရွှဲရွှဲကျနေတဲ့အတွက် နေရထိုင်ရအဆင်မပြေသလို နှာခေါင်းပိတ်တဲ့အခါကျရင်လည်း လူကအသက်ရှုမဝဖြစ်ကာ ပါးစပ်နဲ့ကူရှုရတဲ့အခါမှာ နှုတ်ခမ်းတွေပါခြောက်လာပါတယ်။

ဒါကြောင့် နှာစေးနှာပိတ်ခံစားရပါက သက်တောင့်သက်သာရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဗဟုသုတအနေနဲ့ တင်ပြပေးလိုက်ပါတယ်။

နှာစေးနှာပိတ်တဲ့အခါ –

ရေနဲ့အရည်များများသောက်ပေးပါ။(တစ်နေ့လျှင်ရေအနည်းဆုံး၂လီတာကုန်အောင်သောက်ပေးပါ)

ပြည့်ပြည့်၀၀အနားယူပါ။အိပ်ရေး၀၀အိပ်ပါ။

အငွေ့အမှုန်တွေ၊ဖုန်တွေထူထပ်တဲ့နေရာတွေကို မသွားပါနဲ့။

အပြင်ထွက်ရင်နှာခေါင်းစည်းတပ်ပါ။

ရေခဲရေ၊ရေခဲမုန့်၊အအေးတွေရှောင်ပါ။

အရည်များများသောက်ပါ။

အရည်ရွှမ်းတဲ့သစ်သီးတွေများများစားပါ။

နှာခေါင်းပိတ်လျှင် ရေနွေးငွေ့ရှုပေးပါ။

အငွေ့ထောင်းထောင်းထနေသောရေနွေးဖြူကို ဇလုံအတွင်းထည့်ပြီးရှုနိုင်သလို ဖန်ခွက်ထဲထည့်ပြီးလည်းရှုနိုင်ပါတယ်။ ရှုတဲ့အခါမှာ အနည်းဆုံးတစ်ပေလောက်အကွာအဝေးကနေ ရှုပါ။

အိပ်တဲ့အခါမှာ ခေါင်းအုံးမြင့်မြင့်နဲ့အိပ်ပါ။

နှာခေါင်းတအားပိတ်ပါက နှာခေါင်းထဲအစက်ချဆေးရည်(Normal Saline Physiodose) ထည့်နိုင်ပါတယ်။

နှာရေယိုတဲ့အခါမှာ ကျလာတဲ့နှာရည်တွေကို သုတ်ဖို့အတွက် တစ်ရှုး သို့မဟုတ် အဝတ်သန့်၊လက်ကိုင်ပဝါအသန့်ကိုသုံးပါ။

နှာရေယိုတဲ့အခါ နှာခေါင်းထဲကနှပ်တွေကုန်အောင်ဆိုပြီး နှပ်တအားညှစ်ခြင်းကိုရှောင်ပါ။

နှာစေးနှာပိတ်သက်သာစေရန် Cetirizine(စီထရီဇင်း)၊ Burmeton (ဘာမီတွန်)၊ Loratadine(လိုရာတဒင်း) အစရှိတဲ့ဆေးဝါးများကို အညွန်းအတိုင်းသောက်သုံးနိုင်ပါတယ်။

ဗီတာမင်စီ ၅၀၀မီလီဂရမ် ကို တနေ့တစ်ကြိမ်သောက်ပါ။

စီထရီဇင်းနဲ့ ဘာမီတွန်ဟာ အိပ်ချင်တာကိုဖြစ်စေနိုင်တဲ့အတွက် ညဘက်မှသာသောက်သင့်ပါတယ်။

အများအားဖြင့် နှာစေး၊နှာပိတ်တာဟာ တပတ်လောက်ကြာရင်သက်သာပျောက်ကင်းသွားလေ့ရှိပါတယ်။

တကယ်လို့ နှာစေး၊နှာပိတ်တာဟာ တပတ်ကျော်သော်လည်းမပျောက်ရင် ကျတဲ့နှာရည်တွေဟာ အစိမ်းရောင်အဖြစ်ပြောင်းသွားပြီး အနံ့တအားနံလာရင်၊ နားပါကိုက်လာရင်၊ ရင်ဘတ်အောင့်လာပြီး အသက်ရှုရခက်လာရင်တော့ ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးတာတွေလုပ်ဖို့လိုပါတယ်။

Author: Dr. 528




Some text some message..