
သင့်ရဲ့ကျန်းမာရေးက နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေအပေါ်မှာ အများကြီးမူတည်နေပါတယ်။ အစာလည်းဆေး ဆေးလည်းအစာ ဆိုသလိုပဲ နေ့စဉ်စားတဲ့အစားအစာတွေကို ကျန်းမာရေးနဲ့အညီ စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဆေးကို အစာအစားသလိုမျိုး စားနေရပါလိမ့်မယ်။ ဒီနေ့ ဆောင်းပါးမှာတော့ ကျန်းမာရေးအတွက် နေ့စဉ်စားပေးသင့်တဲ့ အစားအစာတွေအကြောင်း ပြောပြပေးသွားမှာပါ။
ဂျူံနဲ့လုပ်ထားတဲ့ပေါင်မုန့်
ဂျူံနဲ့လုပ်ထားတဲ့ပေါင်မုန့်တွေမှာ အာရုံကြောကို သန်မာစေပြီး ကိုယ်ခံအားကို မြှင့်တင်ပေးတဲ့ ဗီတာမင် B6 နဲ့ B9 တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ကြွက်သားတွေကို သန်မာစေတဲ့ ပရိုတင်းတွေအပြင် ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေတဲ့ Carbohydrates တွေလည်း ပါဝင်နေပါတယ်။

ဘလူးဘယ်ရီ
ဘလူးဘယ်ရီသီးတွေမှာ အရေပြားကျန်းမာရေးအတွက် အရေးပါတဲ့ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတဲ့အပြင် အမြင်အာရုံ ကျန်းမာရေးအတွက်လည်း အရေးပါတဲ့ ဓာတ်တွေပါဝင်နေပါတယ်။
ထောပတ်သီး
ထောပတ်သီးကတော့ နှလုံးကိုကာကွယ်ပေးတဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ သွေးဖိအားကို ထိန်းပေးပြီးတော့ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားခြင်းကို လျှော့ကျစေပါတယ်။

မုန်လာဥနီ
မုန်လာဥနီမှာ Beta Carotene လို့ခေါ်တဲ့ ကျန်းမာရေးကို များစွာအထောက်အကူပြုတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးပါဝင်နေပါတယ်။ Beta Carotene တွေဟာ ဗီတာမင် အေ အသွင်ပြောင်းပြီး ကူးစက်ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ပြီးတော့ မုန်လာဥနီဟာ အမြင်အာရုံအတွက် ကောင်းမွန်တဲ့ အစားအစာလည်းဖြစ်ပါတယ်။
ငှက်ပျောသီး
ငှက်ပျောသီးဟာ သွေးတွင်းသကြားပါဝင်မှုကို ထိန်းညှိပေးတဲ့ အစားအစာတွေထဲမှာ နံပတ် ၁ လို့ ပြောလို့ရပါတယ်။ ပြီးတော့ ငှက်ပျောသီးဟာ Pectin လို့ခေါ်တဲ့ ခန္ဓာကိုယ်တွင်းက အဆိပ်အသောက်တွေကို စစ်ထုတ်ပေးတဲ့ ပစ္စည်းတစ်မျိုး ပါဝင်နေပါသေးတယ်။ ငှက်ပျောသီးကို ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာအဖြစ် သတ်မှတ်လို့ရပါတယ်။

ပဲသီးများ
ပဲသီးတွေဟာ ဆီးချိုရောဂါသည်တွေအတွက် အကောင်းဆုံး အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ ပြီးတော့ ပဲသီးတွေမှာ ဆယ်လဲအသစ်တွေ ပြန်လည်မွေးဖွားရာမှာ အထောက်အကူပြုပေးတဲ့ ဂုဏ်သတ္တိတွေ ပါဝင်နေပါတယ်။
သဖန်းသီး
သဖန်းသီးတွေမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Glucose (ဂလူးကို့စ်), Pectins, Pectins, ဗီတာမင် အေ၊စီ၊B1, B12 နဲ့ အခြားအာဟာရတွေ ပါဝင်နေပါတယ်။ ဒါတွေက အစာချေစနစ်အတွက် ကောင်းမွန်ပြီးတော့ အရိုးတွေအတွက် လိုအပ်တဲ့ ကယ်လ်ဆီယံတွေ ထိန်းသိမ်းပေးရာမှာလည်း အထောက်အကူပြုပါတယ်။

ဥအမျိုးမျိုး
ကြက်ဥတွေမှာ အခြေခံ ဗီတာမင် ၁၂ မျိုးအထိ ပါဝင်နေပါတယ်။ ပြီးတော့ ကြက်ဥတွေမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ Amino Acids လည်း ပါဝင်နေပါတယ်။ နေ့စဉ်လိုအပ်တဲ့ ပရိုတင်းဓာတ်ဟာလည်း ကြက်ဥတွေမှာ ကြွယ်ဝစွာပါဝင်ပါတယ်။
နောက်ထပ် အကြံပေးချင်တာကတော့ အစိမ်းရောင်ရှိတဲ့ အရွက်တွေကို များများစားပေးဖို့ပါပဲ။ ပြီးတော့ ရေကိုလုံလောက်စွာ သောက်ပေးဖို့နဲ့ အိပ်ရေးဝဝအိပ်ဖို့လည်း အရေးကြီးပါတယ်။
Lifestyle_Myanmar
ref-Bright Side