ကြွက်နို့ဖြစ်ရင် ကျန်းမာရေးအတွက် စိုးရိမ်ရလား
myanmaplatform.com
|
2022-12-02

ကြွက်နို့က ကျန်းမာရေးအတွက် အရေးကြီးတဲ့ ပြဿနာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကြွက်နို့ပေါက်လာပြီ ဆိုရင်တော့ စိတ်ရှုပ်ရပါတယ်။ ကုတ်လို့လဲ မရသလို ဆေးထည့်တိုင်းလဲ ချက်ချင်းပျောက်တာမျိုးမဟုတ်တော့ စိတ်ညစ်ရပါတယ်။ တစ်လုံးပြီးတစ်လုံး ဆက်တိုက်ထွက်တတ်သလို ကြွက်နို့ပေါက်လို့ဆိုပြီး ဆေးခန်းလဲ မသွားချင်ကြပါဘူး။ အရင်ထွက်တဲ့အလုံးကို အရင်ဆုံး အမြန်ဆုံး ကုသမှသာလျှင် နောက်အလုံးတွေ ထပ်မထွက်တော့မှာ ဖြစ်ပါတယ်။ ကြွက်နို့က တစ်ယောက်နဲ့ တစ်ယောက် ထိမိရင်လဲ ကူးတတ်ပါတယ်။ အဖြစ်များတဲ့ နေရာတွေက လက်တွေ၊ လက်ချောင်းတွေ၊ ခြေထောက်နဲ့ မျက်နှာ အပြင် လိင်အင်္ဂါတွေမှာလည်း ဖြစ်တတ်ပါတယ်။ ကြွက်နို့က HPV ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဖြစ်ပါတယ်။ HPV ဗိုင်းရပ်စ်အမျိုးပေါင်း ၁၀၀ လောက်ရှိပေမယ့် အနည်းစုကပဲ ကြွက်နို့ဖြစ်တာပါ။ 

ကြွက်နို့က ဘယ်လိုပုံစံလဲ

ကြွက်နို့က မာကြောတဲ့ အကျိတ်စေ့ပုံစံကြီးထွားမှုလာပြီး မပြင်းထန်ပေမယ့် မသက်မသာဖြစ်မှုနဲ့ နာကျင်မှုကို ခံစားရစေနိုင်ပါတယ်။ 

ဘယ်လိုနည်းလမ်းတွေနဲ့ ကုသမလဲ 


salicylic acid သုံးခြင်း

ဆရာဝန်ဆေးစာမပါဘဲ အလွတ်ဝယ်နိုင်တဲ့ပစ္စည်းတွေနဲ့လည်း ကြွက်နို့ကိုဖယ်ရှားနိုင်ပါတယ်။ ကြွက်နို့နေရာကိုပထမဦးစွာ သန့်စင်ပေးပြီး မိနစ်၂၀လောက်ရေစိမ်ထားရမှာ ဖြစ်ပါတယ်။ အရေးကြီးလိုအပ်တဲ့ဓါတုပစ္စည်းတွေ အရေပြားထဲ ဝင်ရောက်နိုင်ပြီး ထိထိရောက်ရောက်အကျိုးပေးနိုင်ဖို့ ရေမြုပ်ကျောက် သို့မဟုတ် လက်သည်းတိုက်တံစဉ်းကို သုံးပြီး ဆဲလ်သေတွေကိုဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။ ထို့နောက်မှာ salicylic acid ဆေးရည် သို့မဟုတ် ကပ်ခွာကို အသုံးပြုပေးပါ။ ကပ်ခွာကိုနှစ်ရက်တစ်ခါလဲပေးဖို့နဲ့ ဆေးရည်ကိုတစ်နေ့ နှစ်ကြိမ်သုံးပေးဖို့ မမေ့ပါနဲ့။ မျှော်လင့်ထားတဲ့ရလဒ်ကိုရဖို့ ရက်သတ္တပတ်ပေါင်းများစွာ စောင့်ရနိုင်ပါတယ်။


ဘာတွေ ရှောင်သင့်သလဲ

ကြွက်နို့က ကူးစက်တတ်ပါတယ်။ ဒါကြောင့် လက်ကို ညစ်ပတ်အောင် ထားတာ၊ ကြွက်နို့ရှိတဲ့သူကို လက်ချင်းတွဲတာ၊ ဖိနပ်မစီးဘဲ ခြေဗလာနဲ့ သွားလာတာမျိုးတွေက ဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့နိုင်ပါတယ်။ ဒ့ါအပြင် ကူးစက်ခံရနိုင်ချေများတာကြောင့် ရေကူးကန်၊ ပစ္စည်းအပ်ခန်း၊ အများသုံးရေချိုးခန်းကဲ့သို့သော အများသုံးနေရာတွေ ဟိုတယ်ကော်ဇောကြမ်းပြင်လိုနေရာမျိုးတောင်မှာ သင့်ခန္ဓါကိုယ်ထဲကိုဝင်ရောက်ပြီး ကြွက်နို့ကိုဖြစ်စေနိုင်တဲ့သန်းပေါင်းများစွာသော ဗိုင်းရပ်စ်တွေကိုကာကွယ်နိုင်ဖို့ ဖိနပ်စီးကိုစီးသင့်ပါတယ်။ 


ဘယ်အချိန်မှာ ဆေးခန်းပြသင့်လဲ

ဒါတွေကတော့ အိမ်တွင်း နည်းလမ်းတွေပေါ့။ ဆရာဝန်ဆီကို သွားသင့်တဲ့ အခြေအနေတွေကတော့ ကြွက်နို့က ပိုးဝင်လာရင် ကြွက်နို့က အများကြီး ပွားလာရင် အိမ်တွင်းနည်းလမ်းတွေနဲ့ မသက်သာရင်၊ လိင်အင်္ဂါ ကြွက်နို့ဆိုရင် (လိင်အင်္ဂါကြွက်နို့ကိုတော့ ကိုယ့်ဟာကိုယ် မကုပါနဲ့။ ဆရာဝန်နဲ့ပဲ ပြသဖို့ အကြံပြုလိုပါတယ်။) ဆေးခန်းသွားသင့်တဲ့အခြေအနေပဲ ဖြစ်ပါတယ်။

ကြွက်နို့ကို အိမ်တွင်းမှာ ရှိတဲ့ အရာတွေနဲ့လည်း ကုသပေးလို့ရပါလား


ပန်းသီးရှာလကာရည်

ပန်းသီး ရှာလကာရည်မှာလည်း အက်စစ်အပျော့စားပါတဲ့အတွက် ကြွက်နို့တွေကို ပါးစေပါတယ်။ ဒါ့ပြင် HPV ဗိုင်းရပ်စ်ကိုလည်း သေစေပါတယ်။ ပန်းသီးရှာလကာရည် ၂ဆနဲ့ ရေ ၁ဆရောပြီး ဂွမ်းလုံးလေးနဲ့ ကြွက်နို့ကို တို့ပါ။ ပြီးရင် အပေါ်ကနေ ပတ်တီးနဲ့ တစ်ညပတ်ထားပါ။ ကြွက်နို့ မပျောက်မချင်း ညတိုင်း လုပ်ပေးပါ။


သံပုရာရည်

သံပုရာရည်ကို သုံးမယ်ဆိုရင် ရေရောပေးပါ။ ပန်းသီးရှာလကာရည်လိုပဲ ရေနဲ့ ၂ဆ ၁ဆ ရောပေးပါ။ ကြွက်နို့ကို တို့ပြီး ပတ်တီးနဲ့ စီးထားပါ။ တဖြည်းဖြည်းနဲ့ ပါးလာပါလိမ့်မယ်။


ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ allium sativum လို့ ခေါ်တဲ့ ဗိုင်းရပ်စ်သတ်တဲ့ ဒြပ်ပေါင်းပါဝင်ပါတယ်။ ကြက်သွန်ဖြူကို ချေပြီး ကြွက်နို့ပေါ်ကို တိုက်ရိုက်အုံပေးပါ။ ပြီးရင် အပေါ်က ပတ်တီးစီးထားပါ။ နေ့တိုင်း လုပ်ပေးမယ်ဆိုရင် သက်သာလာမှာပါ။ ကြက်သွန်ဖြူနဲ့ မပွတ်ခင် ကြွက်နို့ကို ပါးသွားအောင် ချေးတွန်းကျောက်နဲ့ အရင်တိုက်ပေးတာက ပိုပြီး ထိရောက်စေပါတယ်။


လက်သည်းနီ

ဒါက အဘိုးအဘွားတွေလက်ထက်က နည်းလမ်းပေါ့။ ကြွက်နို့ပေါ်ကို လက်သည်းနီနဲ့တို့။ နောက်နေ့လောက်ဆို လက်သည်းနီကို ခွာရင်း အောက်က ကြွက်နို့ပါ တဖြည်းဖြည်း ပါးလာလိုက်တာ တစ်ပတ်လောက်နေရော လုံးဝပျောက်သွားနိုင်ပါတယ်။

ဗီတာမင် စီ ဆေးပြား

ဗီတာမင်စီကလည်း ခြေဖဝါးကြွက်နို့နဲ့ပတ်သက်ပြီး အကူအညီပေးနိုင်ပါတယ်။ ဗီတာမင်စီဆေးပြားအချို့ကို ကြိတ်ပြီး ရေလုံလုံလောက်လောက်နဲ့ရောပြီး ရလာတဲ့အနှစ်ကို ကြွက်နို့ပေါ်မှာ လိမ်းပေးရမှာဖြစ်ပါတယ်။ ကောင်းကောင်းစိမ့်ဝင်နိုင်ဖို့ ပတ်တီးစည်းပေးသင့်ပါတယ်။ ဆေးပြားတွေကအချဉ်ဓါတ်များတာကြောင့် ကြွက်နို့ကိုကွာကျစေပြီး ဗိုင်းရပ်စ်ပိုးကိုလည်းတိုက်ထုတ်ပေးနိုင်ပါတယ်။

ref: Warts




Some text some message..