
ရုံးလုပ်ငန်း လုပ်နေရတဲ့သူတွေ၊ အထိုင်များတဲ့အလုပ်ကို လုပ်နေရသူတွေအတွက် အထိုင်များ တာကြောင့် ဖြစ်နိုင်ခြေရှိတဲ့ ကျန်းမာရေးအသိ ဗဟုသုတလေးတွေကို မျှဝေပေးလိုက်ပါတယ်။
သူငယ်ပြန်နိုင်ခြေ များပါတယ်
အချိန်ကြာကြာထိုင်တဲ့သူတွေမှာ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်တာနဲ့ သွေးတွင်း အဆီဓာတ်ဖြစ်တဲ့ ကိုလက်စထရောဓာတ်တွေ မြင့်တက်လာပါတယ်။ ဒီရောဂါတွေအားလုံးရဲ့ နောက်ဆက်တွဲပြဿနာအဖြစ် သူငယ်ပြန်တာလည်း ဖြစ်နိုင်ခြေများပါတယ်။
လေ့ကျင့်ခန်းလုပ်ထားတဲ့ ကောင်းကျိုးအာနိသင်ကို မခံစားရနိုင်
တစ်ပတ်မှာ လေ့ကျင့်ခန်း နှစ်နာရီ ဒါမှမဟုတ် သုံးနာရီ လုပ်သင့်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောထားကြပါတယ်။ တစ်နေ့ ခုနစ်နာရီ ထိုင်ရတဲ့သူတွေဟာ တစ်ပတ်မှာ ခုနစ်နာရီပြည့်အောင် လေ့ကျင့်ခန်းလုပ်တယ်ဆိုရင်တောင် လုပ်ထားတဲ့ လေ့ကျင့်ခန်းတွေရဲ့ အကျိုးသက်ရောက်မှု အာနိသင်ကို မခံစားရနိုင်ပါဘူးဆိုပြီး ကျန်းမာရေးပညာရှင်တွေက ပြောထားပါတယ်။
သွေးပြန်ကြောတွေမှာ သွေးခဲမှု ဖြစ်နိုင်ခြေများ
အထိုင်များတဲ့အခါ ခြေထောက်မှာ ရှိနေတဲ့ သွေးပြန်ကြောတွေ သွေးခဲမှု ဖြစ်နိုင်ပါတယ်။ ဒီ သွေးခဲလေးတွေဟာ သွေးကြောကတစ်ဆင့် အဆုတ်ထဲကို ရောက်သွားရင် အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါတယ်။
ခါးနာဝေဒနာကို ခံစားရနိုင်
အထိုင်ကြာလာတဲ့အခါ ထိုင်တဲ့အနေအထား မမှန်တော့ဘဲ ခါးကုန်းလာတာ၊ ခါးကိုင်းပြီး ထိုင်မိတာမျိုး ဖြစ်တတ်ပါတယ်။ ထိုင်တဲ့အနေအထားကို လိုက်ပြီး ခါးနောက်ကျောကြွက်သား၊ လည်ပင်းနဲ့ ကျောရိုးမကြီးပေါ်မှာ ဖိအားတွေ သက်ရောက်မှုရှိတာကြောင့် ခါးနာဝေဒနာကို ခံစားရတာပဲ ဖြစ်ပါတယ်။
အသက်တိုနိုင်
အထိုင်များတဲ့သူတွေဟာ အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေများတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ လေ့ကျင့်ခန်းလုပ်တာရဲ့အကျိုးအာနိသင်ကို မရနိုင်ဘူးဆိုပေမယ့် လေ့ကျင့်ခန်းမလုပ်တဲ့အခါ ပိုပြီးတော့ အသက်တိုနိုင်ခြေ များပါတယ်။