
ရေခဲရေ သောက်ခြင်းက ကျန်းမာရေးကို ထိခိုက်စေတယ်လို့ လူအများစုက ယူဆထားကြတယ်။ ဒီဆောင်းပါးလေးထဲမှာ ရေခဲရေသောက်ခြင်းရဲ့ အကျိုးနဲ့ အပြစ်ကို ယှဉ်တွဲဖော်ပြပေးလိုက်ပါတယ်။
ဆိုးကျိုး
ရေခဲရေသောက်တာက လည်ချောင်းထဲရှိ ချွဲသလိပ်တွေကို ပိုမိုများပြားစေတဲ့အတွက် အသက်ရှူလမ်းကြောင်းကို အခက်အခဲဖြစ်စေတယ်။ အအေးမိခြင်းကြောင့် နှာခေါင်းပိတ်၊ ချောင်းဆိုးချွဲကျပ်ဖြစ်နေတဲ့အချိန်မျိုးမှာ ရေခဲရေသောက်ခြင်းကို ရှောင်ပေးပါ။ သောက်မိမယ်ဆိုရင် အသက်ရှူလမ်းကြောင်းကို အန္တရာယ်ပေးပါလိမ့်မယ်။
ရေခဲရေသောက်ခြင်းက ဦးနှောက်သွေးပြန်ကြောနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်တဲ့ ပြင်းထန်တဲ့ခေါင်းကိုက်ရောဂါ၊ ခေါင်းတစ်ခြမ်းထိုးကိုက်ပြီး အော့အန်တာတွေကို ဖြစ်စေနိုင်တယ်။
ဒါ့အပြင် အစာစားနေတဲ့အချိန် ဒါမှမဟုတ် စားပြီးပြီးချင်း သောက်မိရင် အစာချေဖျက်ပေးတဲ့စနစ်ကို နှေးစေပြီး အစာပြွန်နဲ့သက်ဆိုင်တဲ့ရောဂါတွေကို ဖြစ်စေနိုင်တယ်။
ခန္ဓာကိုယ်အပူချိန်မမျှတတဲ့အချိန်မျိုးမှာ သောက်မိမယ်ဆိုရင်လည်း အပူရှပ်ပြီး ဘေးဥပါဒ်ဖြစ်စေနိုင်ပါတယ်။
ကောင်းကျိုး
ရေခဲရေသောက်တာက အားကစားလေ့လာလိုက်စားတဲ့သူတွေကိုတော့ အထောက်အကူ ပြုပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုအပြင်းအထန်လုပ်နေစဉ်အတွင်း မြင့်တက်လာတဲ့ လွန်ကဲတဲ့အပူချိန်ကို ထိန်းညှိပေးတယ်။ ဒါပေမဲ့ ရေခဲရေသောက်ခြင်းကပေးတဲ့ အကျိုးကျေးဇူးဟာ မရှိသလောက် နည်းပါးတဲ့အတွက် အတတ်နိုင်ဆုံး မသောက်ကြဖို့ အကြံပေးချင်ပါတယ်။