အရက်မသောက်ဘဲ အသည်းရောဂါဖြစ်နိုင်လား?
ondoctor.com.mm
|
2023-05-05

အရက်သောက်ရင် အသည်းကို ထိခိုက်တယ်ဆိုတာကို တော်တော်များများ သိကြတယ်နော်။ ဒါဆို အရက်မသောက်ဘဲနဲ့ရော အသည်းရောဂါတွေ ဖြစ်နိုင်သလား ဆိုရင် ဖြစ်နိုင်ပါတယ်လို့ ပြောပါရစေ။

အရက်မသောက်ဘဲ ဖြစ်တဲ့ အသည်းရောဂါတွေရဲ့ လက္ခဏာတွေမှာ
• မောပန်းအားကုန်နေတာ
• ဝမ်းဗိုက် ညာဘက်ခြမ်း အပေါ်ပိုင်းက အောင့်နေတာ
• မျက်စိဝါ၊ အသားဝါတာ
• ဆီးအရောင်ရင့်တာ
• အသည်းခြောက်လာရင် ရေဖျဉ်းစွဲပြီး ဝမ်းဗိုက်ဖောင်းလာတာ
• ဘေလုံးကြီးလာတာ
• လက်ဖဝါးတွေ နီရဲနေတာ စတာတွေ ပါဝင်ပါတယ်။

အရက်မသောက်ဘဲနဲ့ ဖြစ်နိုင်တဲ့ အသည်းရောဂါများ…

(၁) အသည်းအဆီဖုံးခြင်း- Nonalcoholic fatty liver disease (NAFLD)
အရက်မသောက်ဘဲနဲ့ အဖြစ်များတဲ့ အသည်းရောဂါကတော့ အသည်းအဆီဖုံးတာပါ။ အသည်းထဲမှာ အဆီတွေ စုလာပြီး ပုံမှန်အလုပ်လုပ်နိုင်တဲ့ အသည်းဧရိယာတွေ နည်းသွားတာပါ။ မကုသဘဲ အချိန်ကြာလာရင် အသည်းခြောက်ပြီး အသည်းကင်ဆာထိ ဖြစ်နိုင်ပါတယ်။
ဝတဲ့သူ၊ အဝလွန်တဲ့သူ
သွေးတွင်းအဆီ (အထူးသဖြင့် triglycerides အဆီ) များတဲ့သူ
သွေးတွင်းသကြားဓာတ်များသူ၊ ဆီးချိုရှိသူ
အင်ဆူလင် ခုခံမှုဖြစ်နေသူ (ခန္ဓာကိုယ်ဆဲလ်တွေက အင်ဆူလင်ကို တုန့်ပြန်မှု မရှိခြင်း)
သိုင်းရွိုက်ဟော်မုန်း ချို့တဲ့သူ
ဦးနှောက်က ပီကျူထရီဟော်မုန်း ချို့တဲ့သူ
Metabolic syndrome လို့ခေါ်တဲ့ ဇီဝကမ္မလုပ်ငန်း ကမောက်ကမဖြစ်တဲ့ရောဂါ ခံစားနေရသူနဲ့
အသက်ကြီးသူတွေမှာ အသည်းအဆီဖုံးတာ ပိုဖြစ်နိုင်ပါတယ်။

အသည်းအဆီဖုံးရင်…
• ကိုယ်အလေးချိန်ချတာ
• တစ်နေ့ကို နာရီဝက်မှ တစ်နာရီခန့်၊ တစ်ပတ်ကို ၅ ရက် လေ့ကျင့်ခန်းလုပ်တာ
• အရက်ဖြတ်တာ
• ဆီးချိုရှိနေရင် ထိန်းနိုင်ဖို့ ကြိုးစားတာ
• ကိုလက်စထရော လျှော့တာ
• ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ နေကြာစေ့၊ ဗာဒံစေ့တို့လို အစေ့အဆံတွေ၊ omega 3 fatty acids ကြွယ်ဝတဲ့ အစားအစာတွေ၊ ပင်လယ်ငါး၊ ကြက်သွန်ဖြူ၊ ထောပတ်သီး၊ ဘယ်ရီသီး၊ ပဲအမျိုးမျိုး၊ ဆီဆိုရင် သံလွင်ဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ၊ canola oil တို့လို ဟင်းသီးဟင်းရွက်က ရတဲ့ဆီတွေ များများစားတာ

• အနီရောင်အသားတွေ၊ ကလီစာတွေ၊ အသားတိုးကြက်၊ အဆီပြည့်နို့နဲ့ အဆီပြည့်ဒိန်ချဉ်တွေ၊ ဆီကြော်တွေ၊ အကင်တွေ၊ သကြား၊ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ ရယ်ဒီမိတ်အစားအစာတွေဟာ အသည်းအဆီဖုံးတာကို ပိုမိုဆိုးရွားစေလို့ ရှောင်တာတွေက နောက်ထပ်အဆီဖုံးတဲ့ အသည်းဧရိယာတွေ များမလာအောင် ကာကွယ်ပေးနိုင်ပါတယ်။

(၂) အသည်းရောင်အသားဝါ အေ
အသည်းရောင်အသည်းဝါ အေ ဗိုင်းရပ်စ်ဟာ မသန့်ရှင်းတဲ့ ရေ၊ အစားအစာ
နဲ့ ရောဂါပိုးရှိသူရဲ့ မစင်တွေကတဆင့် ကူးစက်နိုင်ပါတယ်။

(၃) အသည်းရောင်အသားဝါဘီ
ဘီပိုးက အသည်းရောင် B ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာပါ။ ရောဂါပိုးရှိသူရဲ့ သွေးနဲ့ ခန္ဓာကိုယ်က အရည်တွေ (ချွေး၊ တံတွေးစသည်) ကတဆင့်အဓိက ကူးစက်ပြီး လိင်ဆက်ဆံတာ၊ မသန့်ရှင်းတဲ့ ဆေးထိုးအပ်တွေက တဆင့်ကူးတာ၊ ကလေးမွေးချိန်မှာ အမေကနေ ရင်သွေးကို ကူးစက်တာလည်း ရှိနိုင်ပါတယ်။
ဘီပိုးကာကွယ်ဆေး ရှိတာမို့ ကာကွယ်ဆေးထိုးထားလို့ရတဲ့အပြင် သူတပါး ခန္ဓာကိုယ်မှ ထွက်သောသွေးနဲ့ အရည်များကို မထိမိအောင် ဂရုပြုခြင်း၊ ဆေးထိုးရာမှာ တစ်ခါသုံးအပ် သုံးစွဲခြင်း၊ လိင်ဆက်ဆံရာမှာ ကွန်ဒုံးသုံးစွဲခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်။

(၄) အသည်းရောင်အသားဝါ စီ
အသည်းရောင် C ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာဖြစ်ပြီး သွေးကတဆင့် အဓိက ကူးစက်သလို မသန့်ရှင်းတဲ့ ဆေးထိုးအပ်တွေကနေလည်း ကူးစက်နိုင်ပါတယ်။
စီပိုးမကူးစက်အောင် သွေးနဲ့ ဆေးထိုးအပ်တွေကို ကိုင်တွယ်ရာမှာ သတိထားသင့်ပါတယ်။ စီပိုးဟာ ပျောက်ကင်းအောင် ကုသလို့ရနိုင်တာမို့ ကူးစက်ခံရရင်လည်း ကုသမှုခံယူခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကာကွယ်နိုင်ပါတယ်။

အသည်းဟာ ခန္ဓာကိုယ်အတွက် အရေးအကြီးဆုံး မရှိမဖြစ် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထဲက တစ်ခုပါ။ အသည်းကျန်းမာအောင် နေထိုင်စားသောက်ခြင်းဖြင့် အသည်းရောဂါတွေ မဖြစ်အောင် ကာကွယ်လိုက်ကြရအောင်နော်။

Author: Dr.Yee Mon




Some text some message..