
မိန်းကလေးတွေအနေနဲ့ ဓမ္မတာလာခါနီးမှာ ကြုံတွေ့ရတဲ့ လက္ခဏာတွေက တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ ဓမ္မတာလာခါနီးတိုင်း ကြုံတွေ့ကြရတဲ့ နာကျင်ကိုက်ခဲခြင်း၊ ဝမ်းချုပ်ခြင်း၊ စိတ်ခံစားချက်ကို မထိန်းနိုင်ခြင်းတွေဖြစ်တတ်ကြပါတယ်။
ဓမ္မတာမလာခင် ဝမ်းချုပ်ခြင်းက ဘာကြောင့်လဲ
ဓမ္မတာမလာခင် ဝမ်းချုပ်ခြင်းက အစာခြေပြဿနာကို ခံစားကြရပါတယ်။ ဝမ်းချုပ်တာဖြစ်တတ်သလို၊ ဝမ်းပျက်ခြင်း၊ လေပွခြင်းတွေကိုပါ ဖြစ်တတ်ပါတယ်။ ဓမ္မတာလာခါနီးမှာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်ရတာပါ။ ကိုယ်တွင်းမှာရှိတဲ့ ဟော်မုန်းပမာဏပြောင်းလဲမှုက ဇီဝကမ္မဖြစ်ပျက်မှုတွေကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ခံစားမှု ပြောင်းလဲခြင်း၊ အစားအသောက် စားသောက်မှုပုံစံ ပြောင်းလဲခြင်း၊ အသားအရေ ပြောင်းလဲခြင်း၊ အိပ်စက်မှုပုံစံ ပြောင်းလဲခြင်း၊ ဝမ်းချုပ်တာလိုမျိုး အစာခြေစနစ်ပြဿနာတွေကိုပါ ခံစားရတတ်ပါတယ်။
ဓမ္မတာမလာခင် ဝမ်းချုပ်တာကို သက်သာအောင်
ဓမ္မတာ မလာခင် ဝမ်းချုပ်တာက ဖြစ်တတ်တယ်ဆိုပေမယ့် ဒါက နေ့စဉ်လူမှုဘဝကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဓမ္မတာမလာခင် ဝမ်းချုပ်တာကို သက်သာအောင်ပြုလုပ်နိုင်မယ့် နည်းလမ်းတွေကတော့

(၁) ရေများများသောက်ပါ
ဝမ်းချုပ်တာကို သက်သာစေနိုင်မယ့်နည်းလမ်းတွေထဲက ဒီတစ်ခုက တော်တော်ကို အရေးပါသလို ကုန်ကျစရိတ်ကလည်း ဘာမှ မရှိတာကြောင့် လူတိုင်းလိုက်လုပ်ကြည့်သင့်ပါတယ်။ ဒါကတော့ ရေများများသောက်တာပါ။ ရေဓာတ်မပြည့်ဝပါက ဝမ်းချုပ်တတ်တာကြောင့် ရေဓာတ် ပြည့်ဝအောင် ရေများများသောက်ခြင်း၊ ရေဓာတ်ပြည့်ဝတဲ့ အသီးအနှံတွေစားပေးခြင်းတွေ လုပ်ကြည့်သင့်ပါတယ်။

(၂) လေ့ကျင့်ခန်းလုပ်ပါ
ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးခြင်းက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း ကလည်း ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဓမ္မတာလာချိန်မှ မဟုတ်ပါဘူး။ ပုံမှန်ချိန်မှာလည်း ဝမ်းချုပ်တာ သက်သာဖို့အတွက် လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းကို အများကြီး မလုပ်နိုင်ရင်တောင် လမ်းလေးတော့ ပုံမှန်လျှောက်ပေးသင့်ပါတယ်။

(၃) အိမ်သာဝင်ချင် မအောင့်ထားပါနဲ့။
အိမ်သာတက်ချင်တဲ့အချိန်မှာ အောင့်ထားတာက ခန္ဓာကိုယ်နဲ့ ဦးနှောက်ကြားက ချိတ်ဆက်မှုကို အဟန့်အတားဖြစ်စေတာက ပိုပြီး ဝမ်းချုပ်စေပါတယ်။ ဒါကြောင့် ဝမ်းချုပ်တာကို ကင်းဝေးစေဖို့အတွက် အိမ်သာ တက်ချင်တာကို အောင့်မထားပါနဲ့။

(၄) အမျှင်ဓာတ် ကြွယ်ဝတာတွေစားပါ
ဝမ်းချုပ်တာ သက်သာစေမယ့် နည်းလမ်းကတော့ အမျှင်ဓာတ် ကြွယ်ဝတာတွေကို စားသင့်ပါတယ်။ ဒါမှ အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ရေဓာတ်ကို ပိုမိုစုပ်ယူနိုင်မှာဖြစ်ပါတယ်။ ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်တဲ့ သက်ရောက်မှုကိုလည်း နည်းစေပါတယ်။

(၅) ဒိန်ချဉ်သောက်ပါ
ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယား (probiotics) တွေပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေပါတယ်။ ဝမ်းမှန်စေပြီး အစာမကြေတာနဲ့ လေပွတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဝမ်းပျက်ဝမ်းလျှော မဖြစ်စေဖို့လည်း အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ ဒါအပြင် ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။

(၆) မန်ကျည်းသီးဖျော်ရည်
မန်ကျည်းသီးက အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးဖြစ်တာကြောင့် ဝမ်းမှန်စေပြီး အစာအိမ်နဲ့အူလမ်းကြောင်းကို သန့်စင်စေပါတယ်။ မန်ကျည်းသီးက အသည်း၊ အူမကြီးနဲ့ အခြားအစာခြေအင်္ဂါအစိတ်အပိုင်းတွေကို ကျန်းမာစေပါတယ်။ မန်ကျည်းသီးကိုနေ့စဉ်စားသုံးပေးမယ်ဆိုရင် အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
အခုပြောပြခဲ့တဲ့ နည်းလမ်းတွေကတော့ ရိုးရိုးသာမန်ချိန်မှာဖြစ်စေ ဓမ္မတာ မလာခင်မှာ ဖြစ်တတ်တဲ့ ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်တာကြောင့် မျှဝေပေးလိုက်ပါတယ်။
ref: constipation during period