ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?
ondoctor.com.mm
|
2023-08-10

လူတစ်ယောက်ရဲ့ အရပ်အမြင့်ကို မျိုးရိုးဗီဇက ၆၀-၈၀% ဆုံးဖြတ်ပေးတာ ဖြစ်တဲ့အတွက် မိဘက ပုရင် သားသမီးလည်း ပုပြီး မိဘက အရပ်ရှည်ရင် သားသမီးလည်း အရပ်ရှည်နိုင်တယ်လို့ အကြမ်းဖျင်း ခန့်မှန်းလို့ ရပါတယ်။
အရိုးအဆစ်တွေ ရှည်လျားကြီးထွားဖို့ လုပ်ဆောင်ပေးတာက growth plates တွေပါ။ Growth plates ဆိုတာ အရိုးရှည်တွေရဲ့ အစွန်းပိုင်းမှာ ရှိတဲ့ အရိုးနုအစိတ်အပိုင်း ဖြစ်ပြီး အရိုးနုတွေက ဆက်လက်ရှည်လျားခြင်းဖြင့် အရပ်လည်း ရှည်လာစေပါတယ်။ ကြီးကောင်ဝင်ပြီးတဲ့ အရွယ်မှာ growth plates တွေက ပိတ်သွားတဲ့အခါ သို့မဟုတ် မာကြောသွားတဲ့အခါ အရပ်လည်း ရှည်မလာနိုင်တော့ပါဘူး။

Growth plates တွေဟာ ပျမ်းမျှအားဖြင့် မိန်းကလေးတွေမှာ အသက် ၁၅-၁၆ နှစ်အရွယ်နဲ့ ယောကျာ်းလေးတွေမှာ အသက် ၁၇-၁၈ နှစ်အရွယ်ခန့်မှာ ပိတ်လေ့ရှိပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ အသက် ၂၀ ကျော်တဲ့ထိ growth plates တွေ ပွင့်နေပြီး အရပ်ရှည်နိုင်ပါသေးတယ်။

ဘယ်လိုလူတွေမှာ အသက် ၁၈ နှစ်ကျော်တဲ့ထိ အရပ်ရှည်နိုင်သလဲ?

အရပ်အမြင့်ကို ဆုံးဖြတ်ပေးရာမှာ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေက ၂၀-၄၀% ခန့် လွှမ်းမိုးမှု ရှိပါတယ်။ ကလေးဘဝနဲ့ ကြီးကောင်ဝင်ချိန် တစ်လျှောက်လုံးမှာ နေ့စဉ်အိပ်ရေးဝအောင်အိပ်စက်တာ၊ အရိုးအဆစ်တွေ ကြီးထွားသန်မာစေတဲ့ အာဟာရတွေ လုံလောက်အောင် စားတာ၊ ကိုယ်လက်လေ့ကျင်ခန်း ပုံမှန်လုပ်တာနဲ့ စိတ်ဖိစီးမှုနည်းတဲ့ မိသားစုလူမှု ပတ်ဝန်းကျင်မှာ နေထိုင်ရတာတွေက အသက် ၁၈ နှစ်ကျော်ပြီးတဲ့ထိ (၂၂-၂၃ နှစ်ခန့်ထိ) growth plates တွေ မပိတ်ဘဲ အရပ်ရှည်စေနိုင်တဲ့ အချက်တွေပါ။

လေ့ကျင့်ခန်းအနေနဲ့ တောင်တက်တာ၊ ရေကူးတာ၊ basket ball၊ volley ball ကဲ့သို့ အားကစားလေ့ကျင့်တာ၊ ဘားတန်းခိုဆွဲတာနဲ့ အကြောလျှော့ လေ့ကျင့်ခန်း stretching ပြုလုပ်တာတွေက အရပ်ရှည်ဖို့ အထောက်အကူ ဖြစ်ပါတယ်။

အရိုးတွေ ကြီးထွားသန်မာဖို့ အာဟာရအနေနဲ့ အရေးကြီးတာက ကယ်လ်ဆီယမ်၊ ဗိုက်တာမင်ဒီနဲ့ ပရိုတင်း ဓာတ်တွေ ဖြစ်ပါတယ်။ ကယ်လ်ဆီယမ်က အရိုးတစ်ရှူးတွေ ရှည်လျားကြီးထွားစေကာ ဗိုက်တာမင်ဒီက အရိုးတွေ သန်မာစေပြီး ပရိုတင်းက အရိုးတွေရဲ့ (အထူးသဖြင့် ကျောရိုးမ) သိပ်သည်းဆ မြင့်မားစေပါတယ်။

လူ့ခန္ဓာကိုယ်မှ ဗိုက်တာမင်ဒီ vitaminD ကို မထုတ်လုပ်နိုင်သဖြင့် ဗိုက်တာမင်ဒီရဖို့ မနက်ပိုင်း နေရောင်ခြည်ခံတာ၊ ကယ်လ်ဆီယမ်ဓါတ် ရဖို့ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ အစိမ်းရောင်အရွက်တွေ၊ သစ်သီးတွေ၊ အရိုးပါဝါးစားနိုင်တဲ့ ငါးကလေးတွေ၊ အစေ့အဆန်၊ အုတ်ဂျုံ၊ ပြောင်းတွေ၊ ပရိုတင်း လုံလောက်အောင်ရဖို့ အသားနဲ့ ပဲအမျိုးမျိုး နေ့စဉ်ပါဝင်အောင် စားတာတွေ၊ လိုအပ်ပါက ကယ်လ်ဆီယမ် ဖြည့်စွက်အာဟာရ အားဆေးမှီဝဲတာတွေ လုပ်ရပါမယ်။

အာဟာရအနေနဲ့ လုံလောက်စွာ မစားနိုင်ရင် ဖြည့်စွက်စာအနေနဲ့ သောက်သုံးလို့လည်း ရပါတယ်။ ဒီအချက်တွေကို ဂရုစိုက်ရင် အသက် ၁၈နှစ် ကျော်ပေမယ့် အရပ်ရှည်နိုင်ပြီး ကမ္ဘာ့အဆင့်မီ အရပ်နဲ့ ကျန်းမာသန်စွမ်းတဲ့ အရိုးတွေကို ပိုင်ဆိုင်နိုင်မှာပါ။

Author: Dr.Yee Mon




Some text some message..