ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုဖိနပ်တွေကို ဝတ်သင့်လဲ
byohls.com
|
2023-11-17

ကိုယ့်ဘဝထဲကို ဝင်လာတော့မယ့် ကလေးလေးတစ်ယောက်ကို ဖွားမြင်ပေးဖို့ စောင့်ရတာ သိပ်ကြည်နူးဖို့ကောင်းသလို တခြားဘယ်အရာနဲ့မှ မတူတဲ့ ရင်ခုန်စရာ အတွေ့အကြုံတစ်ခုပါ။ မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်းမှာ စိတ်တိုတာ၊ အားငယ်တာ စတဲ့ စိတ်ခံစားမှုတွေဟာ အချိန်ခဏအတွင်း ပြောင်းနေနိုင်သလို ဒူးခေါင်း၊ ခါးနဲ့ ခြေထောက်တွေကလည်း ရောင်ရမ်းတာမျိုး ဖြစ်နေတတ်ပါတယ်။ တချို့မိခင်လောင်းတွေဆိုရင် ကိုယ်ဝန်ရင့်တဲ့အထိ အလုပ်လုပ်ရတဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ အလုပ်လုပ်ဖို့ မလိုအပ်ရင်တောင်မှ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းလှုပ်ရှားဖို့တော့ လိုပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာ သွားလာရတဲ့ ခြေလှမ်းလေးတွေ အန္တရာယ်ကင်းပြီး ပေါ့ပါးစေဖို့နဲ့ စတိုင်လ်လေး မိုက်ပြီး ချစ်ဖို့ ကောင်းနေအောင် ဘယ်လိုဖိနပ်လေးတွေကို ရွေးချယ်ရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ပြောင်းလဲလာတာနဲ့အမျှ ခြေဖဝါး ကြိမ်းစပ်နေတာမျိုးတွေ ဖြစ်နိုင်သလို ဝိတ်လည်း တက်လာတဲ့အတွက် ဒူးအောက်ပိုင်း နာကျင်စေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိုတွေ ကြုံနေရပြီဆိုရင် ကိုယ်ဝန်ဆောင်တွေအနေနဲ့ ခန္ဓာကိုယ်ရဲ့အလေးချိန်နဲ့ သင့်တင့်မျှတမယ့် ဖိနပ်မျိုးတွေကိုပဲ စီးသင့်ပါတယ်။ ဈေးကြီးပြီး အကောင်းစား ဖြစ်နေဖို့ မလိုပါဘူး။ စီးရတာ သက်သောင့်သက်သာ ဖြစ်စေဖို့ပဲ လိုတာပါ။

ခြေထောက်တွေ ရောင်ရမ်းပြီး နာနေတဲ့သူတွေအတွက် စီးနေကျ ဆိုဒ်ထက် နှစ်ဆိုဒ်လောက် ကြီးတာကို ဝတ်ဆင်သင့်ပါတယ်။ နောက်ပြီး ဘွတ်ဖိနပ်အနိမ့်တွေကို စီးနိုင်သလို အသားအိတဲ့ဂျယ်လီဖိနပ်မျိုးတွေကို စီးနိုင်ပါတယ်။ အိမ်ထဲမှာ နေတဲ့အချိန်တွေဆိုရင် ဖိနပ်အပါး အိအိလေးတွေကို စီးနိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်တွေကိုတော့ အတတ်နိုင်ဆုံး ရှောင်သင့်ပါတယ်။ ဒေါက်မြင့်ဖိနပ်က ခါးနာတာအတွက် ကောင်းတယ်ပြောကြပေမယ့် အခန့်မသင့်လို့ ချော်လဲတဲ့အခါ ပိုပြီး ထိခိုက်စေနိုင်ပါတယ်။ အားကစားဖိနပ်တွေဆိုရင် ဖိနပ်ရဲ့အလေးချိန်က လေးတာကြောင့် ခြေခေါက်လဲနိုင်ပါတယ်။ ဒါကြောင့်မို့ ဒေါက်မြင့်ဖိနပ်နဲ့ အားကစားဖိနပ်တွေအစား ရှူးဖိနပ်အပါးလေးတွေကို စီးပေးပါနော်။

ကြိုးသိုင်းဖိနပ်တွေနဲ့ ရှူးဖိနပ်တွေက စီးရတာ အရမ်းကို ပေါ့ပါးတဲ့အပြင် ခြေထောက်ကိုလည်း မြဲစေပါတယ်။ ခြေဖဝါးနဲ့ ခြေချောင်းလေးတွေ ရောင်နေတဲ့အချိန်မျိုးမှာ ကြိုးလျှော့ပြီး စီးလို့ရတော့ ပိုအဆင်ပြေမှာပါ။

ကြိုးသိုင်းဖိနပ်လည်း မစီးချင်ဘူး၊ ရှူးဖိနပ်လည်း စီးလေ့စီးထမရှိဘူးဆိုရင်တော့ ညှပ်ဖိနပ်အပါးလေးတွေကိုပဲ ရွေးချယ်စေချင်ပါတယ်။




Some text some message..