
မျက်စိခြောက်တာ၊ ဓာတ်မတည့်မှုတွေဖြစ်တာ၊ ပိုးဝင်တာ၊ ရေတိမ်ဖြစ်တာတွေကြောင့် မျက်စဉ်းကို အသုံးပြုကြပါတယ်။ ဒါပေမဲ့ မျက်စဉ်းကို ဘယ်လို စနစ်တကျ ခတ်ပြီး အသုံးပြုရတယ်ဆိုတာကို သေသေချာချာသိဖို့ လိုပါတယ်။ ဆေးဆိုင်က လူအများစုတောင် မျက်စဉ်းကို ဘယ်လိုမျိုး နည်းမှန်လမ်းမှန်နဲ့ အသုံးပြုရမယ်ဆိုတာကို မပြောပြနိုင်တာများပါတယ်။ မျက်စိမှာ ကျိန်းစပ်တာ၊ နာတာ၊ ဝေဝါးတာ စတာတွေ ဖြစ်တဲ့အခါ မျက်စိမှာ ဘယ်လိုရောဂါဖြစ်နေတယ်ဆိုတာကို သာမန်လူက မသိနိုင်တဲ့အတွက် ဆရာဝန်ညွှန်ကြားတာ မဟုတ်ဘဲ ဆေးဆိုင်မှာ မျက်စဉ်းဆေးကို ကိုယ့်သဘောနဲ့ကိုယ် ဝယ်ယူသုံးစွဲတာမျိုး မပြုလုပ်သင့်ပါဘူး။
မျက်စဉ်းခတ်တာနဲ့ပတ်သက်ပြီး “မျက်စဉ်းခတ်ဖို့အတွက် အကောင်းဆုံး နည်းလမ်းတွေ မလိုပါဘူး၊ နည်းစနစ် မှန်ကန်ဖို့ကသာ အဓိက ဖြစ်တယ်” လို့ အမေရိကန်နိုင်ငံ ဆေးဘက်ဆိုင်ရာတက္ကသိုလ်က မျက်စိအထူးကုဆရာဝန်ကြီး Stephanie Marioneaux က ပြောထားပါတယ်။ ဒါကြောင့် မျက်စဉ်းကို ဘယ်လိုမှန်ကန်တဲ့နည်းလမ်းတွေနဲ့ အသုံးပြုရမလဲဆိုတာ ရေးသားဖော်ပြပေးလိုက်ပါတယ်။
အချိန်ယူပါ။
မျက်စဉ်းခတ်တဲ့နေရာမှာ လူတော်တော်များများ ပြုလုပ်မိတတ်တဲ့ မှားယွင်းတဲ့အပြုအမူကတော့ မျက်စဉ်းကို မြန်မြန်ဆန်ဆန် ခတ်လိုက်တာပါပဲ။
အညွှန်းထဲမှာ ခြောက်နာရီ တစ်ကြိမ် မျက်စဉ်း လေးစက်ခတ်ရမယ်ဆိုပြီး ရေးထားတာက လေးစက်ဆက်တိုက် ညှစ်ချပြီး ခတ်ရမယ်လို့ ပြောတာ မဟုတ်ပါဘူး။ တစ်စက်ပြီးမှ တစ်စက် ဖြည်းဖြည်းချင်း ခတ်ရမှာပါ။ မျက်စိရောဂါအတွက် ခတ်တဲ့ မျက်စဉ်းကိုသာမက မျက်စိခြောက်တာကြောင့် ခတ်တဲ့ မျက်ရည်တုလို့ခေါ်တဲ့ မျက်စဉ်းအရည်ကိုလည်း တစ်စက်ချင်း ဖြည်းဖြည်းခတ်မှ သူ့မှာ ပါဝင်တဲ့အာနိသင်ကို ရရှိမယ်လို့ မျက်စိအထူးကုဆရာဝန်ကြီး Stephanie Marioneaux က ပြောပါတယ်။
မျက်စဉ်းဆေးတွေ အားလုံး ရောပြီး မသုံးပါနဲ့။
အမျိုးအစားမတူတဲ့မျက်စဉ်းဆေးတွေကို သုံးရတဲ့အခါ တစ်မျိုးနဲ့ တစ်မျိုးကြားမှာ မိနစ် ၃၀ အနည်းဆုံး ခြားပြီးမှ ခတ်သင့်ပါတယ်။ နှစ်မျိုးလောက်ကို တစ်ပြိုင်တည်း ခတ်လိုက်တဲ့အခါ တစ်မျိုချင်းစီရဲ့အာနိသင်တွေ ယုတ်လျော့ဆုံးရှုံးနိုင်ပါတယ်။ မျက်စိရောဂါကြောင့် မျက်စဉ်းတစ်မျိုးထက်ပိုပြီး သုံးရမယ်ဆိုရင် အချိန်ဘယ်လောက်ခြားပြီး ခတ်သင့်သလဲဆိုတာ မျက်စိဆရာဝန်ကို သေချာမေးပြီးမှ အသုံးပြုပါ။
အသုံးပြုရမယ့် ပမာဏကို သတိပြုပါ။
မျက်စိကို တိုက်ရိုက်ထိတွေ့ရတာဖြစ်တဲ့အတွက် အသုံးပြုရမယ့်ပမာဏကို သေချာသိဖို့ လိုပါတယ်။ မျက်စဉ်းအသုံးပြုတဲ့အခါ လိုတာ ပိုတာတွေဖြစ်ခဲ့ရင် ကုသမှုအတွက် အကျိုးသက်ရောက်စေမှာ မဟုတ်ပါဘူး။
မျက်စိရေတိမ်သမားတွေမှာ မျက်စဉ်း နှစ်မျိုးလောက် အသုံးပြုရတာဖြစ်တဲ့အတွက် ဘယ်အချိန်မှာ ဘယ်မျက်စဉ်းကို ဘယ်နှစက်ခတ်ရမလဲဆိုတာတွေက ရောထွေးသွားနိုင်ပါတယ်။ ဒါကြောင့် မျက်စဉ်းဘူးကို တစ်နေရာတည်းမှာ တစ်သတ်မှတ်တည်းထားပြီး အသုံးပြုတာ (ဒါမှမဟုတ်) မျက်စဉ်းဘူးမှာ ခတ်ရမယ့် အစက်အရေအတွက်ကို မှတ်သားထားတာ၊ မျက်စဉ်းခတ်ချိန်ကို ဖုန်း၊ နာရီတွေမှာ Alarm ပေးထားတာမျိုးတွေ ပြုလုပ်ဖို့ Marioneaux က အကြံပေးပါတယ်။
ချိန်းထားတာရှိရင်တောင် မျက်စဉ်းခတ်မယ့်အချိန်ကို မပျက်ကွက်ပါနဲ့။
အလုပ်ကိစ္စရှိလို့ အရေးကြီးတွေ့ဆုံမှုမျိုးတွေ ပြုလုပ်ရမယ်ဆိုရင်လည်း မျက်စဉ်းကိုတော့ ခတ်ဖြစ်အောင် ခတ်ပါ။ အချိန်မရလို့ မျက်စဉ်း မခတ်လိုက်ရဘူးဆိုတာမျိုး မလုပ်ပါနဲ့၊ တကယ်လို့ မျက်စဉ်းမခတ်လိုက်ရဘူး၊ အချိန်ကျော်သွားတယ်ဆိုရင် မျက်စိဆရာဝန်ဆီသွားပြီး ဘယ်အချိန် ထပ်ခတ်ရမလဲ၊ ဘာတွေလုပ်သင့်လဲဆိုတာကို ဆွေးနွေးတိုင်ပင်ပါ။
မျက်စဉ်းဘူးရဲ့သက်တမ်းကို သတိပြုပါ။
မျက်စဉ်းဝယ်တဲ့အခါ မျက်စဉ်းဘူးမှာပါတဲ့ သက်တမ်းကုန်ဆုံးရက်ကို သေချာဖတ်ပါ။ လက်ရှိ ခတ်နေတဲ့မျက်စဉ်းက သက်တမ်းတော့ ကုန်နေပြီ၊ နည်းနည်းလေးကျန်လို့ ကုန်အောင် ခတ်လိုက်မယ်ဆိုတာမျိုး မလုပ်ပါနဲ့။ ကုသမှုအတွက် ဘာမှအထောက်အကူမဖြစ်ဘဲ အခန့်မသင့်ရင် မျက်စိထဲ ပိုးဝင်တာတောင် ဖြစ်နိုင်ပါတယ်။ မျက်စဉ်းဘူးကို ခြောက်သွေ့သန့်ရှင်းတဲ့နေရာမှာ ထားဖို့လည်း မမေ့ပါနဲ့။