ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း
ondoctor.com.mm
|
2024-05-15

ခန္ဓာကိုယ်အတွက် နေ့စဥ်လိုအပ်တဲ့ ဗီတာမင်တွေထဲမှာ ဗီတာမင် B12 လည်း ပါဝင်ပါတယ်။

ဗီတာမင် B12 ရဲ့ တာဝန်တွေက…
• ဦးနှောက်နဲ့ အာရုံကြောလုပ်ငန်းတွေမှာ ကူညီပေးတာ

• မှတ်ဥာဏ်ကောင်းစေတာ

• သွေးနီဥထုတ်လုပ်ရာမှာ ကူညီပေးပြီး သွေးအားမနည်းအောင် ကာကွယ်ပေးတာ

• DNA တွေ ထုတ်လုပ်ပြုပြင်ပေးတာ

• မွေးရာပါ ဦးနှောက်နဲ့ အာရုံကြောရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးတာ

• အရိုးကို သန်မာစေပြီး အရိုးပါးအရိုးပွရောဂါ မဖြစ်အောင် ကာကွယ်ပေးတာတွေပါ။

ဗီတာမင် B12 ချို့တဲ့ရင် ဖြစ်တဲ့ လက္ခဏာများ

ဗီတာမင် B1 ချို့တဲ့ရင်…
• သွေးအားနည်းခြင်း (ခေါင်းကိုက်တာ၊ ရင်တုန်တာ၊ အစာမစားချင်တာ၊ မောပန်းအားကုန်နေတာ၊ အစာမကြေတာ၊ မျက်စိကြည့်မကောင်းတာ စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်)

• မှတ်ဥာဏ်အားနည်းလာခြင်း

• အာရုံစူးစိုက်နိုင်စွမ်း မရှိခြင်း

• ထုံကျဥ်ခြင်း

• ဟန်ချက်ညီအောင် မထိန်းနိုင်ခြင်း

• ကြွက်သားအားနည်းခြင်း

• ပါးစပ်ထဲမှာ အနာတွေပေါက်ခြင်း

• လျှာက နီရဲစိုစွတ်နေခြင်း

• စိတ်ဓာတ်ကျ၊ စိတ်ပူပန်ခြင်း

• အသက်အရွယ်ရနေသူတွေမှာ သူငယ်ပြန်ခြင်း

• ဆီးဝမ်းမထိန်းနိုင်ခြင်း စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

ဘာ့ကြောင့် ဗီတာမင် B12 ချို့တဲ့ရတာလဲ?

• အစားအစာထဲမှာ ဗီတာမင် B12 လုံလောက်အောင် မပါတာ

• အစာအိမ်နဲ့ အူလမ်းကြောင်း ခွဲစိတ်ထားတာကြောင့် ခန္ဓာကိုယ်ကနေ ဗီတာမင် B12 ကို မစုပ်ယူနိုင်တာ

• PPI, metformin စတဲ့ဆေးတွေ သောက်နေတာ

• နှလုံး၊ အသည်းနဲ့ ကျောက်ကပ်မကောင်းတဲ့သူတွေမှာ လိုအပ်တာထက်ပိုပြီးB12 တွေ စွန့်ထုတ်နေတာ

• pernicious anaemia သွေးအားနည်းရောဂါ ဖြစ်တာ

• ကိုယ်ဝန်ဆောင်ချိန်နဲ့ ကင်ဆာရောဂါသည်တွေမှာ ဗီတာမင် B12 ကို ပုံမှန်ထက် ပိုလိုအပ်တာမျိုးကြောင့် ဗီတာမင် B12 ချို့တဲ့နိုင်ပါတယ်။

ဘယ်လို ကုသမလဲ?

ဗီတာမင် B12 ကို ထိုးဆေး သို့မဟုတ် သောက်ဆေးအနေနဲ့ ပေးလေ့ရှိပါတယ်။ တနေ့တာ လိုအပ်တဲ့ ဗီတာမင် B12 ပမာဏက 1-2 mg (1000-2000 mcg) ဖြစ်ပါတယ်။
ဗီတာမင် B12 ကြွယ်ဝတဲ့ အစားအစာတွေက အမဲသား၊ ကြက်သား၊ အသည်း၊ ဆယ်လ်မွန်ငါး၊ တူနာငါး နို့နဲ့ နို့ထွက်ပစ္စည်းအမျိုးမျိုး၊ ဥအမျိုးမျိုးတို့ပါ။

သတိကောင်းပြီး မှတ်ဥာဏ်ကောင်းကာ အာရုံကြောအားနည်းတာတွေ မဖြစ်ချင်ရင်တော့ ဗီတာမင် B12 မချို့တဲ့ရအောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်နော်။

Author: Dr.Yee Mon




Some text some message..