ကန်တော့ပါရဲ့။ ရင်သားထိပ်က နို့သီးခေါင်း(Nipple)အကြောင်း သိထားသင့်တဲ့ ဗဟုသုတများကို ရှာဖွေပေးလိုက်ပါတယ်။ ယောက်ျား ၊မိန်းမတိုင်း nipples ရှိပါတယ်။အကယ်၍ သင်ဟာ နို့တိုက်ကျွေးခြင်း ၊ လိင်ဆက်ဆံခြင်း ၊ ရင်သားထိပ်တွင်အပေါက်ဖောက်ခြင်း စတာတွေကို လက်ရှိပြုလုပ်နေခြင်း (သို့) ပြုလုပ်ရန်အစီအစဉ်ရှိနေပြီဆိုလျှင်တော့အခြေခံကျတဲ့အချက်လေးတွေကို သိထားဖို့လိုအပ်ပါတယ်။
Nipples (နို့သီးခေါင်း) တွေဟာအလှရှိနေရုံသက်သက် မဟုတ်ဘူးဆိုတာအားလုံးလည်း သိရှိပြီးသားပါ။ သို့သော် ကျန်းမာရေးပြဿနာများစွာအတွက်တော့ သဲလွန်စကောင်းတစ်ခု ဖြစ်နေတတ်ပါတယ်။
၁။နို့ရည်ထွက်ခြင်း(သို့)အဖြူနှစ်များထွက်ခြင်းဟာ ပုံမှန်ပါ
အမျိုးသမီးများ နို့သီးခေါင်းကို ညှစ်တဲ့အခါ နို့ရည် (သို့)အဖြူအနှစ်များထွက်ခြင်းဟာ ပုံမှန်အားဖြင့် သဘာဝဖြစ်ပါတယ်။ သို့သော် ညှစ်ခြင်းမရှိဘဲ သွေးထွက်ခြင်း (သို့) ပုံမှန်မဟုတ်တဲ့ တစ်စုံတစ်ရာအခြေအနေမျိုးတွေဖြစ်လာလျှင်တော့ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ ဒါဟာအကျိတ်အဖုဖြစ်ခြင်း ၊အန္တရာယ်ရှိသော ပြည်တည်နာ (သို့) ရင်သားကင်ဆာဖြစ်ခြင်းရဲ့ လက္ခဏာရပ် ဖြစ်နေနိုင်လို့ပါ။
၂။တတိယမြောက် နို့သီးခေါင်းဟာ သင်ထင်သလိုအန္တရာယ်မရှိပါ
တစ်ခါတစ်ရံ မှဲ့ (သို့)အသားပိုမှတဆင့် တတိယမြောက် နို့သီးခေါင်းအသွင် ဖြစ်တည်လာပါတယ်။ ဒါဟာ သင်ထင်ထားသလိုအန္တရာယ်ရှိတဲ့ ပြဿနာတစ်ခု မဟုတ်ပါဘူး ။ ပြန်ပြီး ချေဖျက်လွယ်ကာ မိနစ် ၃၀အတွင်း ကုသနိုင်ပါတယ်။
၃။လေ့ကျင့်ခန်းတွေက နို့သီးခေါင်းကို မသက်မသာဖြစ်စေနိုင်
ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းက ကျန်းမာရေးအတွက်အဖက်ဖက်မှ ကောင်းမွန်စေပါတယ်။ ထိုသို့ပြုလုပ်တဲ့အခါအမျိုးသမီးများအနေဖြင့် sport bra ဝတ်ဆင်ပြီးမှသာ ပြုလုပ်သင့်ပါတယ်။ မဟုတ်ပါက နို့သီးခေါင်းထိပ် နီမြန်းခြင်း ၊နာကြင်ခြင်း၊ယားယံခြင်း၊အကြေးခွံပုံစံဖြစ်ခြင်း(သို့)အလွှာများဖြစ်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ နှင်းခူနာပုံစံမျိုးတွေလည်း ဖြစ်လာနိုင်သဖြင့်အကယ်၍ ဖြစ်နေပါကလည်းအရမ်းစိုးရိမ်စရာမရှိပါဘူး။ ဆရာဝန်နှင့် ကုသတိုင်ပင်လို့ရပါတယ်။
၄။အမွှေးအမျှင်ရှိတာဟာလည်း ပုံမှန်ပါ
နို့သီးခေါင်းနှင့် တဝိုက်မှာလည်း မွှေးညှင်းပေါက်တွေရှိတဲ့အတွက်အမွှေးအမျှင်ပေါက်တာဟာလည်း ပုံမှန် ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ သို့သေ်ာ ထိုအမွှေးတွေကို ဖယ်ရှားပစ်မယ်ဆိုလျှင်တော့ သတိထား လုပ်ဆောင်ပါ။အကယ်၍အမွှေးဟာ နာကြင်မှု ၊ ယားယံမှု တစ်စုံတစ်ရာ ခံစားရလျှင် ပိုးကူးစက်ခြင်း (သို့) ကင်ဆာရဲ့ လက္ခဏာရပ် ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နှင့် ဆွေးနွေးပြသပါ။
၅။နို့တိုက်စဉ် နာကြင်တာကလည်း ပုံမှန်အခြေအနေပါ
ကိုက်ခဲခြင်း၊ပူခြင်း၊အက်ကွဲကြောင်းဖြစ်ခြင်းနှင့် နာကြင်ခြင်းတို့ဟာ နို့တိုက်မိခင်တွေ ပထမအစပိုင်း ရက်သတ္တပါတွေမှာတော့ ခံစားရမှာပါပဲ။ သို့သော် ကလေးမှ နို့ဆွဲခြင်းကြောင့်မဟုတ်ဘဲ မခံမရပ်နိုင်အောင် ပြင်းပြင်းထန်ထန် နာကြင်တာမျိုးကိုတော့ ဆရာဝန်နှင့် ပြသသင့်ပါတယ်။ ဒီလို တင်းကျပ်နာကြင်ခြင်းက ရင်သားထိပ်မှာ ဘတ်တီးရီးယားနှင့် မှိုစွဲခြင်းများ ဖြစ်နိုင်ပါတယ်။
၆။နို့သီးခေါင်းထိပ် ချိုင့်ဝင်ခြင်း
အများအားဖြင့်တော့ နို့သီးခေါင်းထိပ်ဟာ စူထွက်တဲ့ပုံစံမျိုးရှိပါတယ်။ သို့သော်အမျိုးသမီး ၁၅ရာခိုင်နှုန်းအထက်ကတော့ မွေးကတည်းမှ ချိုင့်ဝင်နေတဲ့ နို့သီးခေါင်းမျိုး ဖြစ်နေတတ်ပါတယ်။ ဒါဟာ သာမန် ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပြီး ရင်သားတစ်သျှူး ဆက်သွယ်မှုတွေကြောင့်အတွင်းသို့ဝင်နေတဲ့ ပုံစံမျိုး ဖြစ်ရတာပါ။ ဆာဂျရီများဖြင့် ကုသလိုက်တဲ့အခါအပြင်ဘက်သို့ ပြန်ထွက်လာစေနိုင်ပါတယ်။
၇။ရမ္မက်သွေးကြွလွယ်သောအစိတ်အပိုင်း
လေ့လာမှုတွေအရ နို့သီးခေါင်းဟာအမျိုးသမီးတွေအတွက် ကာမရမ္မက်စိတ် ထကြွလွယ်တဲ့အစိတ်အပိုင်းလို့ ဆိုပါတယ်။ ဒါ့ကြောင့် နို့သီးခေါင်းမှာအပေါက်ဖောက်တဲ့အခါ ခံစားမှုအာရုံကြောတွေကိုအနှောင့်အယှက် ဖြစ်လာစေနိုင်ပါတယ်။
CHAN (ရွှေအင်းလေး)