
အခုတလော ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံထဲက မြို့တော်တော်များများမှာ နေမရထိုင်မရနဲ့အတော်လေးကိုပူနေပါတယ်။ ပူနေရတဲ့ကြားထဲ နေရောင်ခြည်ထဲက မြန်မာနိုင်ငံအပေါ်ကျရောက်တဲ့ ခရမ်းလွန်ရောင်ခြည်စံနှုန်း UV index ကလည်းအတော်များနေတဲ့အတွက် နေပူထဲအလုပ်လုပ်နေရတဲ့ နေရောင်ဒဏ်ခံနေရတဲ့သူတွေအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာတော့ ခရမ်းလွန်ရောင်ခြည်ဆိုတဲ့စကားကို ကြားဖူးနေကြဖြစ်ပေမယ့်လည်းအများစုကတော့ ခရမ်းလွန်ရောင်ခြည်အကြောင်းနဲ့ ကောင်းကျိုးဆိုးပြစ်တွေကိုအသေအချာမသိကြသေးတဲ့အတွက်ကြောင့် ခရမ်းလွန်ရောင်ခြည်သင့်ခြင်းနှင့်အကျိုးဆက်များကို တင်ပြလိုက်ရပါတယ်။ ခရမ်းလွန်ရောင်ခြည် ခရမ်းလွန်ရောင်ခြည် Ultraviolet ဆိုတာဟာ လှိုင်းအလျား 10 nm ကနေ 400 nm ကြားက ရောင်ခြည်တွေဖြစ်ပါတယ်။ လူ့မျက်စိဟာ လှိုင်းအလျား 390 nm ကနေ 700 nm ကြားကိုပဲမြင်ရတဲ့အတွက် လူ့မျက်စိနဲ့တော့ ခရမ်းလွန်ရောင်ခြည်ကို မမြင်ရပါဘူး။ လူတွေမမြင်ရပေမယ့်အင်းဆက်အချို့နဲ့ ငှက်များကတော့ ခရမ်းလွန်ရောင်ခြည်ကို မြင်နိုင်ကြပါတယ်။အစောကဆိုခဲ့တဲ့အတိုင်း လှိုင်းအလျား 10nm ကနေ 400nm ကြားတွေကို ခရမ်းလွန်ရောင်ခြည် (Ultraviolet ray) လို့အကုန်စုပေါင်းခေါ်ဆိုကြပေမယ့် လှိုင်းအလျားတွေအပေါ်မူတည်ကာ ခရမ်းလွန်ရောင်ခြည်ကို Ultraviolet, Ultraviolet A, Ultraviolet B, Ultraviolet C, Near Ultraviolet, Middle Ultraviolet, Far Ultraviolet, Extreme Ultraviolet, Vacuum Ultraviolet ဆိုပြီးအမျိုးအစားထပ် ခွဲထားပါသေးတယ်။ ခရမ်းလွန်ရောင်ခြည်များဟာ နေရောင်မှာအဓိကအများအပြား ပါဝင်နေပေမယ့် ကမ္ဘာ့မျက်နှာပြင်အထက် ကီလိုမီတာ ၂ဝ ကျော်လောက်မှာကတည်းကအိုဇုန်းလွှာ (Ozone Layer) ရဲ့ စစ်ထုတ်ပေးလိုက်မှုကြောင့် နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ရဲ့ စုစုပေါင်း ၃ ရာခိုင်နှုန်းလောက်သာ လူသားတွေအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ သို့သော်လည်း ကမ္ဘာကြီးပူနွေးလာမှုကြောင့်အိုဇုန်းလွှာ ပါးလွှာမှုတွေ ဖြစ်ပေါ်လာခဲ့တဲ့နောက်မှာတော့ ကမ္ဘာကြီးပေါ်ကို ခရမ်းလွန်ရောင်ခြည် သက်ရောက်မှုတွေ ပိုမိုများပြားလာပါတယ်။အကျိုးဆက်အနေနဲ့ကတော့ ခရမ်းလွန် ရောင်ခြည်သင့်မှုကြောင့် ကျန်းမာရေးပြဿနာအများအပြားဖြစ်ပွားလာရပါတယ်။ ခရမ်းလွန်ရောင်ခြည်၏ ကောင်းကျိုးများ ခရမ်းလွန်ရောင်ခြည်အများအပြားသင့်ခြင်းဟာ ကျန်းမာရေးဆိုးကျိုးများကိုဖြစ်ပေါ်စေပေမယ့် သင့်တင့်တဲ့ပမာဏရှိတဲ့ ခရမ်းလွန်ရောင်ခြည်ကတော့ကျန်းမာရေးအရကောင်းကျိုးတွေရှိပါတယ်။ ဗိုက်တာမင်ဒီဓါတ် - ခရမ်းလွန်ရောင်ခြည်ဟာအရိုးအဆစ်တွေသန်မာဖို့ ဖွံ့ဖြိုးဖို့လိုအပ်တဲ့ ဗိုက်တာမင်ဒီဓါတ်ကို ခန္ဓာကိုယ်ကဖွဲ့စည်းတဲ့အခါမှာအကူအညီပေးပါတယ်။ ဗိုင်တာမင်ဒီဓါတ်ဖြစ်ပေါ်ဖို့အတွက် ခရမ်းလွန်ရောင်ခြည်ဟာ မရှိမဖြစ်လိုအပ်ပါတယ်။အရေပြားရောဂါများကိုကုသခြင်း - ခရမ်းလွန်ရောင်ခြည်ဟာ Vitiligo(ခရုသင်း) နဲ့ Psoriasis (ယားယံပြီးအရေပြားများအကြေးခွံကဲ့သို့ ကွာကျတတ်သောရောဂါ) တွေကိုကုသတဲ့နေရာမှာအသုံးပြုနိုင်ပါတယ်။ စိတ်ကူးစိတ်သန်းကိုကောင်းစေခြင်း - လေ့လာမှုတွေအရတော့ နေရောင်ဟာ ဦးနှောက်မှာရှိတဲ့အကျိတ်တစ်မျိုးကို လှုံ့ဆော်ပြီး Tryptamines ဆိုတဲ့ဟော်မုန်းဓါတ်တစ်မျိုးကိုထွက်ရှိစေတဲ့အတွက် စိတ်ကူးစိတ်သန်းတွေကောင်းစေတယ်လို့ဆိုပါတယ်။ ပိုးသေစေခြင်း - ခရမ်းလွန်ရောင်ခြည်ဟာ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားလိုမျိုး ပိုးမွှားတွေရဲ့ DNA ကိုဖျက်ဆီးပြီး သေစေနိုင်တဲ့အတွက် ပိုးသတ်တဲ့နေရာတွေမှာအသုံးပြုနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်၏ ဆိုးကျိုးများအရေပြားကင်ဆာ - ခရမ်းလွန်ရောင်ခြည်ဟာအရေပြားကင်ဆာဖြစ်ပွားရခြင်းရဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်။ အရေပြားကင်ဆာဖြစ်ပွားရခြင်း စုစုပေါင်းရဲ့ ၉ဝ ရာခိုင်နှုန်းလောက်ဟာ ခရမ်းလွန်ရောင်ခြည်သင့်ခြင်းကြောင့်ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ နေလောင်ခြင်းမဖြစ်ပေါ်စေဘဲအရေပြားရဲ့ DNA ကိုပျက်ဆီးစေနိုင်တဲ့အတွက်ကြောင့် ကျွနု်ပ်တို့နေ့စဉ်ထိတွေ့နေရတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့အားအကောင်းဆုံး ကင်ဆာဖြစ်ပွားစေနိုင်တဲ့အရာဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်သင့်ခြင်းဟာအဓိကအရေပြားကင်ဆာတွေဖြစ်တဲ့ Basal cell carcinoma, Squamous cell carcinoma နဲ့ melanoma သုံးမျိုးစလုံးကိုဖြစ်ပေါ်စေနိုင်ပါတယ်။ နေလောင်ခြင်း - ခရမ်းလွန်ရောင်ခြည်ဟာအရေပြားဆဲလ်တွေကိုပျက်ဆီးစေနိုင်တဲ့အတွက် နေလောင်ဒဏ်ရာတွေ ဖြစ်စေနိုင်ပါတယ်။ နေလောင်ပြီးပျက်ဆီးသွားတဲ့အရေပြားနေရာကို ပြန်လည်အစားထိုးဖို့အတွက် သွေးလည်ပတ်မှုများများအရေပြားနေရာကိုသွားရတဲ့အတွက် နေလောင်တဲ့အချိန်မှာအရေပြားတွေဟာ နီရဲနေတာဖြစ်ပါတယ်။ ကိုယ်ခံအားကိုကျဆင်းစေခြင်း - ခရမ်းလွန်ရောင်ခြည်နဲ့အလွန်အမင်းထိတွေ့ရခြင်းဟာ ကိုယ်ခံအားကိုကျစေနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ နေလောင်ခြင်းကိုဖြစ်ပွား စေနိုင်ပြီးအဲလိုနေလောင်ခြင်းဟာ သွေးဖြူဥတွေရဲ့ ရောဂါတိုက်ခိုက်နိုင်စွမ်းကို ကျဆင်းစေတဲ့အတွက် ကိုယ်ခံအားကျဆင်းတာဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ဟာ ရောဂါဖြစ်ပွားစေတဲ့ဗိုင်းရပ်စ်၊ ဘက်တီးရီးယားတွေရဲ့ရန်ကိုကာကွယ်ထားရ တာဖြစ်တဲ့အတွက်ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကျဆင်းလာတဲ့အခါမှာ ရောဂါမျိုးစုံ ဝင်ရောက်လာနိုင်ပါတယ်။ မျက်လုံးထိခိုက်ခြင်း - ခရမ်းလွန်ရောင်ခြည်နဲ့အချိန်ကြာမြင့်စွာထိတွေ့တဲ့အခါမှာ မျက်လုံးရဲ့တစ်ရှူးများကိုပျက်ဆီးစေနိုင်ပြီး မျက်နက်စံ၊ မျက်စိမှန်ဘီလူး၊ မြင်လွှာအစရှိတာတွေကိုထိခိုက်နိုင်ပါတယ်။အရေပြားအိုမင်းရင့်ရော်မှုမြန်စေခြင်း - ခရမ်းလွန်ရောင်ခြည်ဟာအရေပြားအလွှာမှာရှိတဲ့ Collagen ဓါတ်ကို ပျက်ဆီးစေနိုင်တဲ့အတွက်ကြောင့်အရေပြားအိုမင်းရင့်ရော်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။အရေးအကြောင်းများ၊အစက်အပျောက်များနှင့်အရေပြားလျော့တိလျော့ရဲဖြစ်မှုတွေဟာအရေပြားအိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာတွေဖြစ်ပြီး ကာလကြာရှည် ခရမ်းလွန်ရောင်ခြည်သင့်တဲ့သူတွေမှာ ဒီလိုလက္ခဏာတွေတွေ့မြင်ရတတ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်စံနှုန်း (UV index) ခရမ်းလွန်ရောင်ခြည် ကမ္ဘာ့မျက်နှာပြင်မရောက်ရှိခင်မှာပဲအိုဇုန်းအလွှာကနေရောင်ထဲက ခရမ်းလွန်ရောင်ခြည်ဓါတ်ကို စစ်ထုတ်လိုက်ပါတယ်။အိုဇုန်းအလွှာရှိနေခြင်းကြောင့်သာ ကမ္ဘာပေါ်မှာသက်ရှိများရှင်သန်နေထိုင်နိုင်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာကြီးပူနွေးလာတဲ့အခါမှာတော့အိုဇုန်းအလွှာပါးလွှာလာပြီး ခရမ်းလွန်ရောင်ခြည်အများအပြားပဲ ကမ္ဘာမြေပေါ်ကိုသက်ရောက်လာပါတယ်။ ကမ္ဘာမြေပေါ်ကို သက်ရောက်တဲ့ ခရမ်းလွန်ရောင်ခြည်ကိုဖော်ပြတဲ့အခါမှာ ခရမ်းလွန် ရောင်ခြည်စံနှုန်း(UV index) နဲ့ဖော်ပြလေ့ရှိပါတယ်။အိုဇုန်းလွှာရဲ့အထူဟာ ရာသီဥတု၊အချိန်ကာလ၊ နေရာအနေအထားပေါ်လိုက်ပြီးကွဲပြားတဲ့အတွက် ကမ္ဘာ့နေရာအသီးသီးကို ကျရောက်တဲ့ ခရမ်းလွန်ရောင်ခြည်စံနှုန်းဟာလည်း နေရာတစ်ခုနဲ့တစ်ခုမတူတတ်ပါဘူး။ ခရမ်းလွန်ရောင်ခြည်စံနှုန်းကို ဖော်ပြတဲ့နေရာမှာ ရောင်ခြည်ကျရောက်တဲ့ ပမာဏအပေါ်မူတည်ပြီးအရောင် (၅) မျိုးနဲ့ ခွဲခြားပါတယ်။အဲဒီအရောင်တွေကတော့ Green (UV index 0-2), Yellow (UV index 3-5), Orange (UV index 6-7), Red (UV index 8-10), Violet (UV index 11+) တို့ဖြစ်ပါတယ်။ UV index များလေလေ ကျန်းမာရေးဆိုးကျိုးများလေလေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက မြို့အတော်များများကိုကျရောက်တဲ့ UV Index ကတော့ Red နဲ့ Violet (8-11) ဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေးအပေါ်အတော်ကြီးကို ဆိုးကျိုးရှိနေနိုင်တဲ့အနေအထားဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည် ကာကွယ်ရေး ခရမ်းလွန်ရောင်ခြည်အန္တရာယ်က ကာကွယ်ဖို့အတွက် ဖြစ်နိုင်သမျှ မနက် ၁ဝနာရီကနေ ညနေ ၄နာရီကြားမှာအပြင်ထွက်တာကိုရှောင်ပါ။အပြင်ထွက်ရမယ်ဆိုရင်လည်း နေရောင်ထဲမှာအကြာကြီးနေတာမျိုးကိုရှောင်ပြီးအရိပ်ထဲမှာနေပါ။ နေကာမျက်မှန်တပ်ပါ။ နေရောင်ခံကရင်မ်လိမ်းပါ(နေရောင်ခံခရင်မ်အစား သနပ်ခါး ထူထူလိမ်းတာမျိုးလည်း လုပ်ပေးနိုင်ပါတယ်)။ နေပူထဲသွားတဲ့အခါမှာအင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပါ။ ဦးထုပ်ဆောင်းပါ။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တတ်နိုင်သမျှနေရောင်မခံရအောင်ဖုံးပါ။ ခရမ်းလွန်ရောင်ခြည်သင့်ခြင်းဟာ စုပုံလာတတ်တဲ့ သဘောရှိတဲ့အတွက်ကြောင့် ခရမ်းလွန်ရောင်ခြည်သင့်ခြင်းကိုကာကွယ်ဖို့အတွက် နောက်ကျနေတယ်ဆိုတာ မရှိပါဘူး။အခုအချိန်မှာစတင်ကာကွယ်ခြင်းဟာအကောင်းဆုံးအချိန်ပါပဲ။ Healthcare.com.mm Credit: လူတိုင်းသိသင့်သော ဆေးပညာသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။