
မြွေသည်အနှောင့်အယှက်ပြုခံရ၍ဖြစ်စေ၊ ရန်စခံရ၍ဖြစ်စေ တစ်ဖက်လူကို ပြန်ကိုက်တတ်သည်။အဆိပ်ပြင်းသောမြွေများအကိုက်ခံရပါကအရေးပေါ်ကုသမှုခံယူခြင်းမရှိလျှင် သေဆုံးသည်အထိ ဖြစ်နိုင်သည်။ လက္ခဏာများ၁။ Dry bites - ခန္ဓာကိုယ်ထဲသို့အဆိပ်ဝင်ရောက်ခြင်းမရှိပါ။ တွေ့နိုင်သော လက္ခဏာများမှာအကိုက်ခံရသော နေရာတွင်အနည်းငယ် နာကျင်ခြင်းနှင့် စိတ်စိုးရိမ်ကြောင့်ကြခြင်းများဖြစ်သည်။ ၂။ Venomous bites – ခန္ဓာကိုယ်ထဲသို့အဆိပ်ဝင်ရောက်သွားလျှင်အကိုက်ခံရသောနေရာတွင်အလွန်အမင်းနာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ နီရဲခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊အရေပြားပေါ်တွင်အဖုအပိန့်များထပြီး ယားယံခြင်း၊ နှုတ်ခမ်း၊ လျှာနှင့် သွားဖုံးများ ရောင်ရမ်းခြင်း၊အသက်ရှူလျှင် တရွှီရွှီမြည်လာခြင်း၊ မူးမေ့သွားခြင်းနှင့် နှလုံးခုန် မမှန်ခြင်းများ ဖြစ်လာနိုင်သည်။ အလွန်ပြင်းထန်ပါကအကိုက်ခံရသော နေရာတွင် ရောင်ရမ်းလာပြီး နောက်ဆုံးတွင် ပုပ်သွားခြင်း၊အပေါ်မျက်ခွံ တွဲကျလာပြီး ခန္ဓာကိုယ် လှုပ်ရှားမရတော့ခြင်း၊ သတိမေ့သွားခြင်း၊ ကျောက်ကပ်ပျက်သွားခြင်း၊ သွေးအန်ခြင်း၊ နှာခေါင်းနှင့် ဒဏ်ရာမှ သွေးထွက်ခြင်း၊ ဆီးထဲတွင် သွေးပါခြင်း နှင့် သွေးဝမ်းသွားခြင်းတို့ဖြစ်နိုင်သည်။အချို့မြွေကိုက်ခံရသော လူနာများတွင် ဓာတ်မတည့်ခြင်းနှင့် သွေးပေါင်အလွန်ကျခြင်း (Shock ရခြင်း) ဖြစ်နိုင်သည်။ ဓာတ်မတည့်ခြင်း၏ လက္ခဏာများမှာအရေပြားနီရဲပြီး ယားယံခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာနှင့် လည်ချောင်းများ ရောင်ရမ်းခြင်း၊အသက်ရှူရ ခက်ခဲခြင်း၊ တရွှီရွှီမြည်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ပျို့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ဖြစ်နိုင်သည်။ ဓာတ်မတည့်၍ ှShock ရပါက ခေါင်းမူးလာခြင်း၊ စိတ်ဝေဝါးလာခြင်း၊ သတိမေ့သွားခြင်း၊ သွေးပေါင်ရုတ်တရက်ကျသွားခြင်း၊ ခြေဖျား လက်ဖျားအေးစက်လာခြင်းနှင့် မျက်လုံးအမြင် ကွယ်သွားခြင်းတို့ဖြစ်နိုင်ပြီးအဆိုပါ လက္ခဏာများ ပေါ်လာပါကအရေးပေါ်ကုသမှု ခံယူရန် လိုအပ်သည်။ လေဖြတ်သွားခြင်း- ကြွက်သားများ မလှုပ်နိုင် ဖြစ်သွားခြင်း၊အကိုက်ခံရသော ခြေချောင်း/လက်ချောင်း တစ်ခုလုံး ပုပ်သွားခြင်းများ ဖြစ်နိုင်ပါသည်။ မြွေကိုက်ခံရလျှင် နီးစပ်ရာ ဆေးရုံ ဆေးခန်းသို့အမြန်ဆုံး သွားရောက်သင့်သည်။ဆရာဝန်ကအကိုက်ခံရသောနေရာအား စမ်းသပ်ခြင်း၊ သွေးပေါင်၊ သွေးခုန်နှုန်း၊အသက်ရှူမှန်မမှန် ကြည့်ခြင်းနှင့် လိုအပ်သော သွေးစစ်ခြင်းများကို လုပ်ဆောင်ပါလိမ့်မည်။ ပြုစုကုသခြင်း- ထိတ်လန့်တကြား မဖြစ်စေရန်နှင့် စိတ်ကို တည်တည်ငြိမ်ငြိမ်ထားရန်- မြွေ၏ ပုံသဏ္ဍာန်၊အရွယ်အစားနှင့်အရောင်ကို တိကျစွာ မှတ်ထားရန်-အကိုက်ခံရသော နေရာကို တုတ်ချောင်းနှင့်အနေတော် စည်းထားရန်-အကိုက်ခံရသော ခြေ/လက်တွင် လက်ဝတ်ရတနာ (သို့) နာရီများ ဝတ်ဆင်ထားပါက ချွတ်ပစ်ရန်- ဝတ်ဆင်ထားသောအဝတ်အစားများကို ချွတ်ရန်မလိုအပ်သော်လည်း သက်တောင့်သက်သာ ဖြစ်အောင် ပြုပြင်ပေးရန်- ဆေးရုံ ဆေးခန်းသို့အမြန်ဆုံး ရောက်အောင်သွားရန် စသည်တို့ကို မဖြစ်မနေ လုပ်ဆောင်ရမည်။ အကိုက်ခံရသော နေရာကို ဓါးနှင့် လှီးခြင်း၊ ပါးစပ်ဖြင့်အဆိပ်များကို စုပ်ထုတ်ခြင်း၊ ဒဏ်ရာကို ရေခဲအုံခြင်း၊အပူ/ဓာတုပစ္စည်းများ ထည့်ခြင်း၊ ဒဏ်ရာကို ပွတ်ခြင်း၊ လူနာကို တယောက်တည်း ထားသွားခြင်း၊ ဒဏ်ရာကို တင်းတင်းကျပ်ကျပ် စည်းခြင်းနှင့် မြွေကို ဖမ်းရန် ကြံစည်ခြင်းတို့ကို မပြုလုပ်မိစေရန်အထူးသတိပြုရမည်။ မြွေကိုက်ခံရလျှင် လူနာ၏ သွေးပေါင်၊ တခြားကျန်းမာရေးအခြေအနေတို့ကို စောင့်ကြည့်ရန်လိုအပ်ပြီး ဆေးရုံတွင်အနည်းဆုံး ၂၄နာရီ ကြာအောင်နေရမည်။အကယ်၍အဆိပ်ရှိမြွေအကိုက်ခံရပါက မြွေဆိပ်ဖြေဆေး ထိုးရန် လိုအပ်သည်။ သို့သော် မြွေဆိပ်ဖြေဆေး ထိုးခံရသောအချို့လူနာများတွင် ဓာတ်မတည့်ခြင်း ဖြစ်နိုင်သည့်အတွက် သေချာစောင့်ကြည့်ရမည်။ သွေးပေါင်အလွန်ကျသော လူနာများတွင်အရေးပေါ် သွေးသွင်းရန် လိုအပ်သည်။ မြွေကိုက်ခံရသော လူနာများသည်အကိုက်ခံရသော မြွေအမျိုးအစားပေါ် မူတည်၍ ပြန်ကောင်းရန် ကြာချိန်မှာလည်း မတူညီနိုင်ပေ။ ထိုအချိန်အတွင်း နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းများ ခံစားရပါကအကိုက်အခဲပျောက်ဆေးနှင့် လေ့ကျင့်ခန်းလုပ်ပေးခြင်းများ ပြုလုပ်ပေးနိုင်သည်။ ကာကွယ်ခြင်း- မြွေရှိနေနိုင်သော နေရာများဖြစ်သည့် မြက်ပင်ချုံနွယ်များ၊အခေါင်းပေါက်များရှိသော နေရာများမှ ရှောင်ကြဉ်ရန်- မြွေများ ထွက်ပြေးသွားစေရန် မြက်ရိုင်းပင်များ ရှင်းသည့်အခါမှာလည်း တုတ်ချောင်းရှည်ဖြင့် မိမိရှေ့မလှမ်းမဝေးကို လှမ်းပုတ်ကြည့်ရန်- ဘောင်းဘီအထူ၊အရှည်နှင့် ရာဘာ ဘွတ်ဖိနပ်များ ဝတ်ဆင်ရန်- ညဖက်အပြင်ထွက်သည့်အခါ လက်နှိပ်ဓာတ်မီးနှင့်အမြဲတမ်း မီးထိုးရန်- မြွေသေများကိုလည်း လက်ဖြင့် ကိုင်ခြင်းမှ ရှောင်ကြဉ်ရန် စသည်တို့ကိုအထူးအလေးထား လိုက်နာသင့်သည်။ Ref: NHS Choices, UKသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။