
၁၉၉၀ ရွေးကောက်ပွဲ၌အနိုင်ရသည့်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ်၊ လူထုဆေး ပညာနှင့် ပတ်သက်၍ ဆောင်းပါးများ ရေးသူ ဆရာကြီး ဒေါက်တာအောင်ခင်ဆင့်(၈၆နှစ်) သည် ယမန်နေ့ ည ၈နာရီခွဲက ရန်ကုန်မြို့ ပင်လုံဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း သိရသည်။
ဒေါက်တာအောင်ခင်ဆင့်သည် ပခုက္ကူဇာတိ ဖြစ်ပြီး ၁၉၆၃ ခုနှစ် ရန်ကုန်ဆေးတက္ကသိုလ်မှ ဆေးပညာဘွဲ ရရှိခဲ့သလိုအင်္ဂလန် နိုင်ငံမှ ဆေးပညာဆိုင်ရာ ပါရဂူဘွဲ့ကို ရရှိခဲ့သည်။
မြန်မာ့အသံမှနေ၍ ဆေးပညာဆိုင်ရာ ပညာပေး ဆောင်းပါးများကို ထုတ်လွှင့်ခဲ့သလို ဖိုမဆက်ဆံရေးနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့် ကျန်းမာရေးပညာပေးဆောင်းပါးများ ရေးသားခဲ့သည်။
၁၉၇၂ ခုနှစ်တွင် ကာကွယ်၍ ကုသနည်း ဆေးပညာစာအုပ်ဖြင့်အမျိုးသားစာပေဆု ရရှိခဲ့သည်။
၁၉၈၈ ခုနှစ်အရေးအခင်းကာလ ပစ်ခတ်မှုများကြောင့် ဒဏ်ရာရသူများ ကို ပြုစုကုသမှုများ ပြုလုပ်ပေးခဲ့သလို ကျန်းမာရေး ဝန်ထမ်းများ သမဂ္ဂတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့၍ စစ်အစိုးရလက်ထက် ပင်စင်ပေးခံခဲ့ရသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်အမှတ် ၁ မဲဆန္ဒနယ်မှ NLD ပါတီကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၉၃ ခုနှစ်အမျိုးသားညီလာခံသို့ တက်ရောက်နေစဉ် ဝေဖန်မှုကြောင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရသည်။
ဒေါက်တာအောင်ခင်ဆင့် ကွယ်လွန်မှုကို ဝမ်းနည်းမိကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ စာရေးဆရာ မုံရွာအောင်ရှင်က “ဆရာဒေါက်တာအောင်ခင်ဆင့်ဟာ တကယ် ရိုးသားပြီးတော့ လူချစ်လူခင်လည်းများတယ်။ နိုင်ငံရေးကို တကယ်ရိုးရိုးသားသား လုပ်တဲ့ ဆရာကြီးဆိုတာ ကျွန်တော်တော့ မှတ်ချက်ချလို့ရပါတယ်။ ဆရာကြီးရဲ့ ဈာပနကို ကျွန်တော်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
ဆရာကြီး ဒေါက်တာအောင်ခင်ဆင့်၏ ရုပ်ကလာပ်ကို လာမည့် ယနေ့ ညနေ ၄နာရီတွင် ရေဝေးသုဿန်၌ မီးသဂြိုသ်မည်ဟု သိရသည်။