နှုတ်ခမ်းမွှေး ၊ မုတ်ဆိတ်ရှိတဲ့ ယောကျ်ားလေးတစ်ယောက်ဟာ စမတ်ကျတယ်၊ ကျားကျားလျားလျားရှိတယ်၊ ကျန်းမာသန်စွမ်းပြီးအမြော်အမြင်ရှိတယ်လို့ ရှေးအယူအဆတွေအရ လူအများစုက သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် ယောကျ်ားလေးတိုင်းမှာတော့ ဒီလို ပုံစံတကျလှပတဲ့ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်တွေ မပိုင်ဆိုင်ထားကြပါဘူး။ တချို့ကျတော့လည်း ရှည်ထွက်လာတဲ့ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေနဲ့အရေပြားယားယံပြီး နေရခက်တာကြောင့် ရိတ်ပစ်လိုက်တာတွေ ရှိပါတယ်။ နှုတ်ခမ်းမွှေးတွေကို သေချာဂရုတစိုက် မထိန်းသိမ်းဘူးဆိုရင်တော့အရေပြားယားယံခြင်း၊အမွှေးများ ရှင်သန်လှပစွာ ထွက်မပေါ်နိုင်ခြင်း စတဲ့ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးထားရတာ ကြိုက်နှစ်သက်တဲ့အမျိုးသားတွေအတွက် ဘယ်လိုထိန်းသိမ်းမှုတွေ ပြုလုပ်လုပ်ရမလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
(၁) လေးပတ်အတွင်းယားယံခြင်းကို စိတ်ရှည်သည်းခံပါ
ပါးသိုင်းမွှေးတွေအရှည်ထားဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် လေးပတ်အတွင်း ဖြစ်ပေါ်လာမယ့်အရေပြားယားယံခြင်းကို ကြံ့ကြံ့ခံနိုင်ဖို့လိုပါတယ်။အဆီဖုလေးတွေထွက်ပေါ်လာခြင်း၊ ဝက်ခြံထွက်ပေါ်လာခြင်းနဲ့အခြားမှိုရောဂါကြောင့်အရေပြားယားယံမှု မဖြစ်ရလေအောင် သန့်ရှင်းစင်ကြယ်အောင် ထားသင့်ပါတယ်။ နောက်ပြီးအမွှေးတွေထွက်ပေါ်လာတဲ့ လေးပတ်အတွင်းမှာ ယားယံတာက သမားရိုးကျဖြစ်စဉ်ဖြစ်တဲ့အတွက် မရိတ်ပစ်လိုက်ဘဲ စိတ်ရှည်သည်းခံစွာနဲ့ စောင့်ဆိုင်းသင့်ပါတယ်။
(၂) သန့်ရှင်းသပ်ရပ်စွာထားပါ
ပါးသိုင်းမွှေး၊ နှုတ်ခမ်းမွှေးတွေကိုအရှည်ထားမယ်ဆိုရင် သင့်ရဲ့အသားအရေကိုလည်း ထိန်းသိမ်းဖို့မမေ့ပါနဲ့။ နှုတ်ခမ်းမွှေးတစ်ဝိုက်ကအရေပြားတွေဟာ နီးမြန်းပြီးအသားအရေပျက်စီးမှုအလွယ်တကူဖြစ်ပေါ်နိုင်ပြီး ဘတ်တီးရီးယား ပိုးမွှားများ ကပ်ငြိနေနိုင်တဲ့အတွက် သန့်ရှင်းသပ်ရပ်စွာထားဖို့အရေးကြီးပါတယ်။ ကိုယ့်အသားအရေနဲ့ သင့်တော်တဲ့ skin careအသုံးပြုတာမျိုး၊အမွှေးတွေ ရှင်သန်ပေါက်ရောက်နေတဲ့အရေပြားတစ်ဝိုက်ကိုအမြဲတစေ သန့်ရှင်းဆေးကြောခြင်းနဲ့အမွှေးမသန်တဲ့ နေရာတွေကို Moisturizer လိမ်းပေးတာမျိုး ပုံမှန်ပြုလုပ်ပေးဖို့ မမေ့ပါနဲ့။
(၃) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ
လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းကလည်း သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ပါးသိုင်းမွှေးများ ရှင်သန်ပေါက်ရောက်ဖို့ ကူညီပေးပါတယ်။ နောက်ပြီး လေ့ကျင့်ခန်းပုံမှန်ပြုလုပ်တဲ့အမျိုးသားများဟာ ကျားဟော်မုန်းထုတ်လွှတ်မှုအားကောင်းတဲ့အတွက် နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးများ လျင်မြန်စွာရှင်သန်လာနိုင်ဖို့ တွန်းအားပေးတဲ့အတွက် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးဖို့လည်း လိုအပ်ပါတယ်။
(၄) စိတ်ဖိစီးမှုလျှော့ချပါ
စိတ်ဖိစီးမှုများခြင်းကလည်း နှုတ်ခမ်းမွှေးတွေ ရှင်သန်ပေါက်ရောက်တာနဲ့ ဆက်စပ်မှုရှိတယ်ဆိုတာ ထူးခြားတဲ့အချက်ပါပဲ။အမှန်တကယ်တော့ စိတ်ဖိစီးမှုများနေတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်တွင်းသွေးကြောများ လည်ပတ်မှုဟာ ပုံမှန်မဖြစ်တော့တဲ့အခါ သွေးတွင်းကိုအာဟာရဓာတ်ရောက်ရှိမှု လျော့နည်းသွားတဲ့အတွက်အမွှေးများရှင်သန်ကြီးထွားဖို့ နှောင့်နှေးသွားပါတော့တယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကိုလျှော့ချမှသာအာဟာရဓာတ်ပြည့်ဝပြီး ဟော်မုန်းများထုတ်လွှတ်မှုအားကောင်းစေမှာဖြစ်တဲ့အတွက် ဒီအချက်ကိုလည်း သတိပြုသင့်ပါတယ်။
(၅)အစားအသောက်ဂရုစိုက်ပါ
အစားအသောက်ကို သေချာဂရုစိုက်တာက သင့်ရဲ့ကျန်းမာရေးအတွက်ကိုလည်း များစွာအထောက်အကူဖြစ်စေပါတယ်။အထူးသဖြင့် မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးကို သန်စွမ်းစေချင်တယ်ဆိုရင်တော့ သင်နေ့စဉ်စားသုံးနေတဲ့အစားအစာမှာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့အစားအသောက်များကို ထည့်သွင်းစားသုံးသင့်ပါတယ်။ ပရိုတင်းဓာတ် ကြွယ်ဝစွာပါဝင်တဲ့အစားအသောက်များကအမွှေးများ ရှင်သန်ပေါက်ရောက်ဖို့အာဟာရဓာတ်ဖြည့်တင်း ပေးနိုင်တဲ့အပြင် ဗီတာမင်စီဓာတ်ကြွယ်ဝစွာပါဝင်တဲ့ သစ်သီးဝလံများ၊အစေ့အဆန်များနဲ့ ဥအမျိုးမျိုး စတာတွေကလည်း တစ်ဖက်တစ်လမ်းကနေအထောက်အပံ့ပေးနိုင်ပါတယ်။ နောက်ပြီး ရေကို လုံလုံလောက်လောက် သောက်သုံးပြီးတော့ ရေဓာတ်ဖြည့်တင်းပေးဖို့လည်း မမေ့ပါနဲ့။