
တရုပ်သိပ္ပံပညာရှင်များက ပုံတူမျိုးပွား(ကလုန်း)နည်းပညာဖြင့် မျောက်လေး ၅ ကောင်ကိုအောင်မြင်စွာ တစ်ပြိုင်တည်း ဖန်တီးမွေးဖွားပေးနိုင်ခဲ့ပါတယ်။
ယခုနည်းပညာဟာ ၁၉၉၆ ခုနှစ်က ကမ္ဘာ့ပထမဦးဆုံး ပုံတူမျိုးပွား သိုးလေး “ဒေါ်လီ” ကို မွေးထုတ်ခဲ့သည့် နည်းပညာအတိုင်းအသုံးပြုခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ပထမဦးဆုံးအကြိမ်အဖြစ် “ကျုံးကျုံး” နဲ့ “ဟွာဟွား” ဆိုတဲ့ ပုံတူ မျောက်လေး နှစ်ကောင်ကို မွေးနိုင်ခဲ့ပြီးဖြစ်သည်။
ယခုထပ်မံ ပုံတူမျိုးပွားခဲ့သည့် မျောက်လေးများရဲ့ မျိုးရိုးဗီဇကို သိပ္ပံပညာရှင်များ စိတ်ကြိုက်ပြုပြင်ထားသည့်အတွက် မျောက်ကလေးများရဲ့အိပ်ချိန်ကို လျော့ချပြီး ညဘက် သွားလာလှုပ်ရှားနိုင်တဲ့ စွမ်းရည်ကို မြှင့်တင်ပေးထားပါတယ်။ ဒါ့အပြင် စိတ်ကျခြင်း၊ စိတ်လှုပ်ရှားခြင်းတို့ လျော့ကျအောင်လည်း ဖန်တီးပြုပြင်ထားပါတယ်။
မျောက်တွေရဲ့ ဗီဇမျိုစိတ်ကို စိတ်ကြိုက်ပြုပြင် မျိုးပွားထားခြင်းဖြင့် ဗီဇမျိုးစိတ်တွေအလိုက် ဖြစ်ပေါ်လာတဲ့ ရောဂါတွေကို လေ့လာနိုင်မှာဖြစ်တယ်လို့ Dr Qiang Sun က ပြောကြားခဲ့ပါတယ်။ ဒီရောဂါတွေထဲမှာ ဦးနှောက်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ကင်ဆာနဲ့ ပက်သက်တဲ့ ရောဂါတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။
သုတေသီတွေဟာ ပုံတူမျိုးပွားနည်းပညာကို တစ်ဖြည်းဖြည်းမြင့်မားလာအောင် စီစဉ်နေကြပြီး လာမယ့်နှစ်တွေမှာ ဒီထက်ပိုပြီး နည်းပညာမြင့်မားလာမယ်လို့ ယုံကြည်ထားကြပါတယ်။
၁၉၉၆ ခုနှစ်က သိုးလေး ဒေါ်လီ နဲ့ ပုံတူမျိုးပွားနည်း စတင်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်း ပုံတူမျိုးပွားခံရတဲ့ သတ္တဝါအမျိုးပေါင်း ၂၀ ကျော်ရှိနေပြီဖြစ်ပါတယ်၊အဲဒီအထဲမှာ ခွေး၊ ကြောင်၊ မြင်း၊ ကြွက် တို့လည်း ပါဝင်ခဲ့ပြီးဖြစ်ပါတယ်။